တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့များကို ကရင် အမျိုးသား အစည်းအရုံး (KNU)က ဦးဆောင်မှု မပေးသဖြင့် သူတို့ ၈ဖွဲ့သာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် သီးခြား သွားရောက် တွေ့ ဆုံခဲ့ရကြောင်း ပအိုဝ့်အမျိုးသား လွတ်မြောက် ရေး အဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
“ကျနော်တု့ိက ၈ ဖွဲ့ အနေနဲ့ သွားတွေ့တာ။ PPST အဖွဲ့အနေနဲ့ သွားတွေ့တာလို့ ပြောတာ။ PPST မှာ KNU ကို ဦးဆောင်ခိုင်းတယ်။ သူတို့က သီးခြားတွေ့ဖို့ လုပ်တယ်။ သူတို့က သီးခြား သွားတွေ့ပြီး ကျနော်တို့ကို ဦးမဆောင် တော့ ကျနော်တို့က သက်သက်သွားတွေ့လိုက်တယ်” ဟု သူက ပြောသည်။
KNU အဖွဲ့က အောက်တိုဘာ ၂၉ ရက်နေ့ မနက်ပိုင်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည် တော် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဘုရင့်နောင် ရိပ်သာတွင် တွေ့ဆုံခဲ့သလို၊ NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့သည်လည်း ထိုနေ့မှာပင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သီးသန့် သွားရောက် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
KNU သည် အောက်တိုဘာလ ၂၈ ရက်ကလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သီးသန့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့သေးသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ကျနော်တို့ ၈ ဖွဲ့ကိုလည်း သက်ဆိုင်ရာ အကြီးအကဲတွေက အသိအမှတ်ပြုပါတယ်။ NCA လမ်းကြောင်းအတိုင်း အခိုင်အမာ ရပ်တည်ပြီး အခိုင်အမာ လုပ်ဆောင်မယ့် အဖွဲ့တွေ ဖြစ်တဲ့အတွက် ပူးပေါင်းဆောင် ရွက်ဖို့ တွေ့ဆုံဆွေးနွေးဖို့ မကြာခဏ တွေ့ဆုံဖို့ကိုလည်း ကာကွယ်ရေး ဦးစီးချုပ်က ဖိတ်ခေါ်ပါတယ်” ဟု ပြောသည်။
လက်ရှိ NCA စာချုပ် လက်မှတ် ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြင့် နိုင်ငံရေး ဆွေးနွေးရန် ဖွဲ့ စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ယာယီ ဥက္ကဋ္ဌမှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ဖြစ်ပြီး ၎င်းမှာ နေပြည်တော်သို့ ရောက်ရှိလာခြင်း မရှိပေ။
RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နေပြည်တော်သို့ မရောက်လာနိုင်ခြင်းမှာ ၎င်းတို့က ထိုင်းနိုင်ငံမှတဆင့် လွယ် တိုင်းလျန်ဌာနချုပ်မှ ဟိုမိန်း- လင်းခေး- တောင်ကြီး လမ်းကြောင်းအတိုင်း လာရန်လိုလားသော်လည်း တပ်မတော်က တာချီလိတ်မှ နေပြည်တော်သို့ စင်းလုံးငှား လေယာဉ်ဖြင့်သာ ခွင့်ပြုသဖြင့် နားလည်မှု လွဲ၍ ခရီးစဉ်ကို RCSS ဘက်က ဖျက်သိမ်း လိုက်သည့်အခါ နေပြည်တော်သို့ ရောက်လာသည့် အခြားအဖွဲ့များကို နိုင်ငံရေး ဦးဆောင်မှု မပေးနိုင် တော့ခြင်း ဖြစ်သည်။
PNLO မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက “RCSS ကတော့ ဦးဆောင်ပါတယ်။ ဒါပေမယ့် သူက မရောက်လာဘူး။ မရောက် လာတဲ့ အခါကျတော့ အဖွဲ့ကြီး၂ ဖွဲ့ မပါဘဲနဲ့ ကျနော်တို့ချည်းပဲ သီးခြား တွေ့လိုက်ရတာပေါ့ဗျာ။ ကျနော်တို့က သီးခြား တွေ့ချင်လို့ မဟုတ်ပါဘူး။ အဖွဲ့ကြီးတွေရဲ့နောက်ကို လိုက်ပါတယ်။ ဒါပေမယ့် သူတို့ကိုယ်တိုင်က အဆင်မပြေတဲ့အခါ ကျတော့ ကျနော်တို့ ၈ ဖွဲ့အနေနဲ့ပဲ တွေ့လိုက်ရတာ” ဟု ရှင်းပြသည်။
KNU ကမူ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် တွေ့ဆုံနိုင်ခဲ့ခြင်းတို့ကြောင့် ရှေ့ ဆက်ရမည့် ငြိမ်းချမ်းရေး၊ နိုင်ငံရေး အခင်းအကျင်းများနှင့် ပတ်သက်၍ ရှင်းလင်းသွားခဲ့ကြောင်း ယင်းတွေ့ဆုံမှု ၂ ခု လုံးတွင် ပါဝင်ခဲ့သူ KNU ၏ တွဲဖက် အတွင်းရေးမှူး-၂ ပဒိုစောလှထွန်းက ယမန်နေ့က ပြောသည်။
၎င်းက“ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ရှေ့ဆက်သွားရမယ် ဆိုတဲ့ ရပ်တည်ချက်တွေ သဘောထားတွေ ရရှိခဲ့တယ်” ဟု ဧရာဝတီသို့ ပြောသည်။
KNU သည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် သီးသန့် တွေ့ဆုံနိုင်မှုမှာ အနည်းဆုံး ၇ ကြိမ်ခန့် ရှိခဲ့ပြီ ဖြစ်သည်။
နိုင်ငံရေး လေ့လာသူ ဦးမောင်မောင်စိုးကမူ KNU သည် ၎င်းတို့အဖွဲ့၏ လုပ်ငန်းများအတွက် နိုင်ငံတော် ခေါင်းဆောင် များကို သီးသန့် တွေ့ဆုံ ဆွေးနွေးမည်ဆိုသော ရပ်တည်ချက် နဂိုကတည်းကပင် ရှိပြီး ဖြစ်ကြောင်း၊ ထို့ပြင် ယခု နေ ပြည်တော် ခရီးစဉ်တွင်လည်း အစိုးရ၊ တပ်မတော် ခေါင်းဆောင်များနှင့် သီးသန့်တွေ့ဆုံရန် အစီအစဉ်ရှိပြီး ဖြစ် ကြောင်းဆိုသည်။
“PPST က KNU က နုတ်ထွက်ခဲ့တာမျိုး ရှိတယ်။ အခုမှ ပြန်ဝင်ထားတာကိုး။ ပြန်ဝင်ပေမယ့် သူတို့ရဲ့ အခြေအနေတွေ ကို သီးသန့် ဆွေးနွေးမယ်ဆိုတဲ့ သဘောတူညီချက် ရှိပြီးသားပါ။ တကယ်တမ်းက ၈ ဖွဲ့ကို ခေါင်းဆောင်ရမှာက RCSS ပါ။ အခု RCSS မပါတော့ PPST လည်း ထိုင်လို့ မရတော့ အတူတူတွေ့မယ့် အစီအစဉ်ပျက်သွားပုံရပါတယ်” ဟု ဦးမောင်မောင်စိုးက သုံးသပ်သည်။
အဖွဲ့များ သီးသန့် တွေ့ဆုံကြသော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်း အစည်အဝေး (JICM) ခေါ်ယူနိုင်ရေး ဆွေးနွေးနိုင်ခဲ့ကြသည်ဟု တိုင်းရင်းသားများဘက်က ပြောဆိုသည်။
တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကလည်း “KNU နဲ့ တွေ့တာရော၊ ၈ ဖွဲ့စလုံးနဲ့ တွေ့တာရော တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ် အဓိက ပြောခဲ့တဲ့ အကြောင်းအရာက JICM အစည်းအဝေးနဲ့ စတုတ္တအကြိမ် ပြည်ထောင်စု ငြိမ်း ချမ်းရေး ညီလာခံနဲ့ ဆိုင်တဲ့ အစည်းအဝေး အမြန်ဆုံး ကျင်းပနိုင်ရေး တပ်မတော်က လိုလားတယ် ဆိုတာပါပဲ” ဟု ပြောသည်။
JICM အစည်းအဝေး လုပ်ဖြစ်ရန် အလားအလာများကြောင်း၊ JICM သည် NCA လုပ်ငန်းစဉ်ကို အကောင်အထည် ဖော်ရာတွင် တရားဝင်မှု အမြင့်ဆုံး အဖွဲ့ဖြစ်ပြီး ယင်းအဖွဲ့ အစည်းအဝေး မခေါ်နိုင်ပါက တရားဝင် နိုင်ငံရေး ဆွေးနွေးပွဲ လမ်းကြောင်းများ ပြန်ပွင့်ရန် မလွယ်သဖြင့် အားလုံးက JICM ပြန်စရန် သဘောထားရှိကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ဆိုသည်။
“JICM အစည်းအဝေး ခေါ်ဖို့လည်း သဘောထား တထပ်တည်း ကျပါတယ်။ တပ်မတော်နဲ့ ကျနော်တို့ ၈ ဖွဲ့ သဘော ထားပေါ့နော်” ဟု ၎င်းက ပြောဆိုသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ရာတွင် PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဋ္ဌ နိုင်ဟံသာ၊ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP)မှ ဒုဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဥက္ကဋ္ဌ ဦးသံခဲ၊ ချင်း အမျိုးသား တပ်ဦး (CNF) ဒုဥက္ကဋ္ဌ လျန်မှုန်း ဆာခေါင်၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေး ကောင်စီ) ( KNU/KNLA-PC ) အထွေထွေ အတွင်းရေးမှူး နော်ကပေါ်ထူး၊ ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA)မှ စောမူရှေး၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)မှ ဥက္ကဋ္ဌ ဦးကျခွန်ဆာတို့ ဖြစ်သည်။
တိုင်းရင်းသား အဖွဲ့များ အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင် ဆောင်ရွက်နေကြသူများက JICM အစည်း အဝေးများကို ယခုလာမည့် နိုဝင်ဘာလ ဒုတိယ အပတ်အတွင်း ခေါ်ယူနိုင်ရေး မျှော်လင့်နေကြသည်။
ဆက်စပ်ဖတ်ရှု့ရန် – ငြိမ်းချမ်းရေးလှေ မှောက်သလို ဖြစ်သွားပြီဟု ဗိုလ်ချုပ်ကြီးယွက်စစ် ပြော
တပ်မတော်က အစိုးရကို နာခံတာ နားထောင်တာ မရှိပါဘူး
NCA စာချုပ်အပေါ် တိုင်းရင်းသား အဖွဲ့များ မျှော်လင့်ချက် ရှိနေဆဲ ဟုဆို
အကြမ်းဖက် လုပ်ရပ်များက “တိုင်းရင်းသား အခွင့်အရေးလား” ဟု တပ်ချုပ် မေးခွန်းထုတ်
အစိုးရ၏ ရှေ့ဆက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဒေါ်အောင်ဆန်းစုကြည် အသိပေး