ထွက်ပြေး တိမ်းရှောင်နေသည့် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မစိုးရိမ် တိုက်သစ်မှ ဦးဝိစိတ္တာ ဘိဝံသ(ဦးဝီရသူ) အမည်ဖြင့် ဖွင့်လှစ်ထားသည့် ဘဏ်ငွေစာရင်း ၂ ခုအား ထုတ် ယူလွှဲပြောင်းခြင်း မပြုနိုင်ရန် အနောက်ပိုင်းခရိုင် တရားရုံးက ယနေ့ (အောက်တိုဘာ ၃၀ ရက်)တွင် ဝရမ်း ထုတ်လိုက် သည်။
ဦးဝိစိတ္တာဘိဝံသ အမည်ဖြင့် မန္တလေးမြို့ မြန်မာ့စီးပွားရေး ဘဏ်ခွဲ(၃) ရှိ ငွေစာရင်းတွင် ငွေကျပ် ၁၂၅ သိန်းကျော် (ကျပ် ၁၂,၅၃၂,၄၈၄) နှင့် ဧရာဝတီဘဏ် မန္တလေးဘဏ်ခွဲ(၁၁)ရှိ ငွေစာရင်းတွင် ၄၅ သိန်းကျော် (၄,၅၇၅,၂၂၈) ကျပ်တို့ရှိသည် ကို စစ်ဆေးတွေ့ရကြောင်း မဟာအောင်မြေမြို့နယ် အမှတ်(၇) နယ်မြေ ရဲစခန်းမှူး ရဲအုပ် ဇော်ဝေလင်းက ယနေ့ တရားခွင် တွင် ထွက်ဆိုသည်။
အနောက်ပိုင်းခရိုင် တရားရုံး ပြန်ကြားရေး အရာရှိ ဦးဇော်ဇော်ထွန်းက “ဒီဘဏ်၂ ခုပဲ အပ်တာ တွေ့တယ်လို့ ထွက်ဆိုတာ ပေါ့။ ဒီငွေကို ဘယ်သူမှ ပေးမထုတ်ဖို့၊ မလွှဲပြောင်းဖို့ ဝရမ်းဖမ်းတဲ့ သဘော ဖြစ်ပါတယ်” ဟု ပြောသည်။
ဦးဝီရသူအား ယခုနှစ် မေလ ၅ ရက်က ရန်ကုန်မြို့တော်ခန်းမ ရှေ့တွင် ပြုလုပ်သည့် ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစု ကြည်နှင့် အစိုးရ တာဝန်ရှိသူများအား ပုတ်ခတ် ပြောကြားသည်ဟုဆိုကာ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄ (က)ဖြင့် အနောက်ပိုင်း ခရိုင် ဒု အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက တရားလိုပြုလုပ်ကာ တရားစွဲထားခြင်း ဖြစ် သည်။
ရဲတပ်ဖွဲ့အနေဖြင့် ဦးဝီရသူ နေထိုင်သည့် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မစိုးရိမ် တိုက်သစ်၊ ဓမ္မသဟာရ ကျောင်းသို့ သွားရောက်ကာ ၎င်းပိုင်ဆိုင်သည့် ပစ္စည်းများအား ဝရမ်းကပ်ရန် ဆောင်ရွက်ခဲ့သော်လည်း ကျောင်းနှင့် မော်တော်ကား များမှာ ဦးဝီရသူအမည်နှင့် မဟုတ်သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ဦးဝီရသူနှင့် ပတ်သက်သည့် ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာရှိ မဟော်သဓာကိုယ်ပိုင် အထက်တန်းကျောင်း အား အစိုးရပိုင်မြေပေါ်တွင် ဆောက်လုပ်ထားသည် ဟုဆိုကာ ပါဝင်ပတ်သက်သူ ဦးမျိုးမြင့်ဦးပါ ၇ ဦးကိုလည်း တရားစွဲဆို ထားကြောင်း ရဲအုပ် ဇော်ဝေလင်းက ထွက်ဆိုသည်။
မြေ ၁ ဒသမ ၂၇ ဧကအကျယ်ရှိ ယင်းကျောင်းမြေနေရာသည် အစိုးရ စီမံခန့်ခွဲပိုင်ခွင့် ရှိသည့် အိုးအိမ်မြေနေရာ ဖြစ်ပြီး ဦးမျိုးမြင့်ဦး ဆိုသူက ကျပ်သိန်း ၅၀ ဖြင့် ရယူကာ ဆောက်လုပ်ခဲ့သည့်အတွက် ပုသိမ်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူးက တရားလိုလုပ်ကာ တရားစွဲထားခြင်း ဖြစ်ကြောင်း သိရသည်။
ဦးဝီရသူအား တရားစွဲဆိုရန် နိုင်ငံတော် သမ္မတရုံးက ညွန်ကြားခဲ့ခြင်း ဖြစ်ပြီး ၎င်းမှာ ထွက်ပြေးတိမ်းရှောင်နေသည့် အတွက် ယနေ့အချိန်ထိ ရဲတပ်ဖွဲ့က ဖမ်းမိခြင်း မရှိသေးဘဲ အမှုအား ဆက်လက် ဆောင်ရွက်ရန် နိုဝင်ဘာ ၂၉ ရက်အား ရုံးချိန်း ချိန်းဆိုထားသည်။
ဦးဝိစိတ္တာ ဘိဝံသ (ဦးဝီရသူ)နှင့် ပတ်သက်၍ ပြစ်မှုကြောင်းအရ စီရင်ဆုံးဖြတ်ပြီးမှသာ ဓမ္မစက်ဖြင့် ဆက်လက် ဆောင်ရွက် သွားရန် နိုင်ငံတော် သံဃမဟာ နာယက(မဟန)အဖွဲ့က ဆုံးဖြတ်ထားသည်။
ဦးဝီရသူကဲ့သို့ပင် နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ-၁၂၄(က)ဖြင့် တရားစွဲဆိုခံရပြီး ထွက်ပြေး တိမ်းရှောင်နေသည့် ဦးလှဆွေကိုလည်း ယနေ့ထိ ဖမ်းဆီးရမိမှု မရှိသေးဘဲ ဆက်လက် စိစစ်ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း သိရသည်။
ဦးလှဆွေ(ဘူးလက်)သည် ယခုနှစ် သြဂုတ် ၃ ရက်က ရန်ကုန်မြို့တော် ခန်းမရှေ့တွင် ပြုလုပ်သည့် ပွဲ၌ နိုင်ငံတော် အကြီး အကဲများအား သွယ်ဝိုက်ကာ ပုတ်ခတ်ပြောဆိုသည် ဟုဆိုကာ ကျောက်တံတားမြို့နယ် ဒု အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်က တရားလိုလုပ်ကာ တရားစွဲခဲ့ခြင်း ဖြစ်သည်။
ယင်းအမှုနှင့် ပတ်သက်၍ လာမည့် နိုဝင်ဘာ ၆ ရက်တွင် ဂန့်ဂေါမြို့နယ် မြောက်ခရမ်း ကျေးရွာ အုပ်ချုပ်ရေးမှူး၊ နေပြည် တော်၊ ရတနာဒီပ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရန်ကုန်တိုင်း ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၄၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး တို့အား စစ်ဆေးရန် အနောက်ပိုင်းခရိုင် တရားရုံး၌ ရုံးချိန်း ချိန်းဆိုထားသည်။
ဦးဝီရသူနှင့် ဦးလှဆွေ(ဘူးလက်)တို့အား အစိုးရ အုပ်ချုပ်ရေးပိုင်းက တရားစွဲဆိုထားသည့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၂၄(က) သည် ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် နှစ် ၂၀ အထိ ပြစ်ဒဏ် ချမှတ်နိုင်သည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင် သည့် ပုဒ်မဖြစ်သည်။
You may also like these stories:
အဖမ်းမခံသည့် ဦးဝီရသူပိုင် ပစ္စည်းများ ဝရမ်းကပ်ရန် အမိန့်ထုတ်
မဘသ အပေါ် ဓမ္မစက်ဖြင့် ဆောင်ရွက်မှု ပြီးဆုံးကြောင်း သာသနာရေး ကြေညာ
ဦးဝီရသူ တလအတွင်း လာရောက် ဖြေရှင်းရန် တရားရုံး ဆုံးဖြတ်
ဦးဝီရသူ အမှု လာမည့် ရုံးချိန်း သက်သေများ အပြီး စစ်ဖွယ်ရှိ