ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီ (YUPT) တွင် အစုရှယ်ယာ ဝယ်ယူ ထားသည့် ရှယ်ယာရှင် ၂၀၀ ကျော်မှာ အချိန် ၃ နှစ်ကျော် ကြာမြင့်သည် အထိ အမြတ်ငွေ လုံးဝ မရရှိကြကြောင်း သိရ သည်။
ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ Gandamar grand Ballroom ခန်းမတွင် ပြုလုပ်သော ရန်ကုန်မြို့ပြ အများပြည်သူ သယ် ယူပို့ဆောင်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီ၏ ဒုတိယအကြိမ် နှစ်ပတ် လည် အစည်းအဝေးပွဲနှင့် ဒုတိယ အကြိမ် ဒါရိုက်တာ ရွေးချယ်ပွဲ အခမ်းအနား၌ တက်ရောက်လာသည့် အစုရှယ်ယာရှင်များက အမြတ်ငွေမရရှိခြင်းနှင့် ပတ်သက်၍ ပြောဆိုခဲ့သလို အစိုးရက ခန့်အပ်ထားသည့် ဒါရိုက်တာ အဖွဲ့ဝင်များကိုလည်း ကန့်ကွက်ခဲ့ကြသည်။
ငွေကျပ် သိန်း ၅၀၀ အထိ ရှယ်ယာဝင်ထားသည့် အစုရှယ်ယာရှင် ဦးဇော်မြင့်က “အစိုးရ အနေနဲ့ ကျနော်တို့ ရှယ်ယာ တွေကို ပြန်လည် ဝယ်ယူဖို့ တောင်းဆိုထားတာရှိတယ်။ ကျနော်တို့ကားတွေကို အရည်ကြိုပြီး ရတဲ့ ပိုက်ဆံကို ရှယ်ယာ ထည့်ခဲ့ကြတယ်။ အကျိုးအမြတ် ရမယ်ဆိုလို့ ထည့်ခဲ့တယ်။ ဒီနေ့အထိ မရဘူး” ဟု ပြောသည်။
အဆိုပါ အများပိုင် ကုမ္ပဏီတွင် ရှယ်ယာရှင်ပေါင်း ၂၀၀ ကျော်ရှိပြီး အစုရှယ်ယာ တစုလျှင် ကျပ် သိန်း ၉၀ နှုန်းဖြင့် တဦး လျှင် ရှယ်ယာ ၂ စုမှ အများဆုံး ၁၀ စု အထိပိုင်ဆိုင်ကြကြောင်း သိရသည်။
အစုရှယ်ယာ ဆယ်စုပိုင်ဆိုင်သည့် ဦးထွန်းဦးက “ဝန်ကြီးချုပ် ညွှန်ကြားလို့ ခန့်တာဆိုရင် သုံးနှစ်လုံးလုံး ကျနော်တို့က အမြတ်မရဘူး။ သူတို့ကျတော့ လစာ တလ ဆယ်သိန်း ယူနေတယ်။ ကျနော်တို့ အမြတ်မရတာ ဝန်ကြီးချုပ် ညွှန်ကြား တာလား။ နောက်ပြီး ငွေကြေးရှင်းတမ်းကို ကျနော်တို့ နားမလည်လို့ ဒါရိုက်တာ အဖွဲ့ဝင်တွေကို မေးတော့လည်း သူတို့ လည်း မသိဘူးတဲ့။ ငွေကြေးရှင်းတမ်း ဆိုတာ ကုမ္ပဏီရဲ့ အသက်ပါ” ဟု ထောက်ပြသည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည်၂၀၁၆ ခုနှစ် က ရန်ကုန်တိုင်း အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် လုံခြုံစိတ်ချမှု ရှိစေရန်အတွက် မထသ ကို ဖျက်သိမ်းပြီး အများပိုင် ကုမ္ပဏီ စတင် တည်ထောင်ခဲ့စဉ်က ရှယ်ယာရှင် များကို လစဉ် အမြတ်ဝေစုများ ခွဲဝေပေးမည် ပြောကြားခဲ့ကြောင်း ရှယ်ယာရှင်များထံက သိရသည်။
သို့သော် ရှယ်ယာရှင်များသည် ယနေ့အထိ အမြတ်များ လုံးဝ မရရှိကြသည့်အပြင် ကုမ္ပဏီ၏ ငွေကြေးရှင်းတမ်းမှာလည်း အင်္ဂလိပ် ဘာသာ ဖြင့်သာ ဖော်ပြထား သောကြောင့် ရှယ်ယာရှင် အများစုမှာ နားမလည်ကြောင်း၊ ပွင့်လင်း မြင်သာမူများ မရှိကြောင်း ရှယ်ယာရှင်များက ဝေဖန်ပြောဆိုသည်။
တိုင်းအစိုးရမှ တိုက်ရိုက်ခန့်အပ်သော ဒါရိုက်တာများမှာ ဦးအောင်နိုင်၊ ဦးဝင်းထိုက်၊ ဦးအောင်မြတ်၊ ဦးဇော်ထွန်း၊ ဦးဟန်စိုး နှင့် ဒေါ်ပြုံးသာမြင့် တို့ ဖြစ်ပြီး ၎င်းတို့သည် ထိန်းကျောင်းမှုသာ ပြုလုပ်ကြောင်း၊ ရန်ကုန်တိုင်းအစိုးရ အဖွဲ့အနေဖြင့်လည်း ငွေကြေးနှင့် ပတ်သက်၍ သော်လည်းကောင်း၊ လုပ်ငန်းပိုင်းနှင့် ပတ်သက်၍သော်လည်ကောင်း ဝင်ရောက် စွက်ဖက်ခြင်း မရှိကြောင်း သိရသည်။
YUPT ဥက္ကဌ ဦးဇော်ထွန်းက” အခု ဖြစ်ပျက်တဲ့အပေါ် မှာ ဥပဒေကြောင်းအရပဲ သွားမှာပါ။ ကျနော်တို့ကို ရန်ကုန်တိုင်း အစိုးရက ခန့်တယ်ဆိုတာက အစိုးရ ရှယ်ယာကို ထိန်းကျောင်းပေးဖို့ ပါသလို ကုမ္ပဏီ အကျိုးကို ကျနော်တို့ ဦးတည်ပြီး လုပ်နေပါတယ်။ ခရီးသည် သယ်ယူပို့ဆောင်ရေး အောင်မြင်အောင်လည်း ကျနော်တို့ ကြိုးစားနေပါတယ်”ဟု ဧရာဝတီ သို့ ပြောသည်။
ဆက်လက်၍ ၎င်းက”စည်းမျဉ်းစည်းကမ်းတွေ ဘောင်အတွင်း သွင်းနေပါတယ်။ မလိုက်နာတဲ့ အခါကျတော့ ပြဿနာ လေးတွေ ဖြစ်တာပါ။ ကျနော်တို့ဆီ ဘယ်သူမှ မလာကြပါဘူး။ ဒါကြောင့် ဖြစ်တာပါ “ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
YUPT ကုမ္ပဏီ ဒါရိုက်တာ အဖွဲ့၏ အဆိုအရ ကုမ္ပဏီသည် အရှုံးပေါ်နေခြင်းကြောင့် ယခုလို ၃ နှစ်ကြာသည်အထိ ရှယ်ယာ ရှင်များကို အမြတ်ငွေ ခွဲမပေးနိုင်ခြင်းဖြစ်ကြောင်း၊ Budget Plan အရ လာမည့် ၂၀၂၀-၂၀၂၁ ခုနှစ် ဝန်းကျင်တွင် အမြတ်များ ပေးနိုင်ဖွယ် ရှိကြောင်း ပြောဆိုထားသည်။
YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က”ကျနော်တို့ အပိုင်းကတော့ စည်းမျဉ်း စည်းကမ်းကို အဓိက ထားပါ တယ်။ ဒါပေမယ့် ဒီနေ့ ကြုံတွေ့ရတာတော့ ရှယ်ယာရှင်တွေက ကိုယ်တိုင်ရွေးချင်ကြပါတယ်။ အများစု ကြိုက်တဲ့ သူ ဖြစ် ဖို့တော့ ရှိပါတယ်။ ကျနော် တိုင်းအစိုးရကို ပြန်တင်ပြပြီး ပြောပါ့မယ်။ ဖြစ်နိုင်မယ်ဆို အမြန်ဆုံးပဲ လမဆိုင်း ပါဘူး”ဟု ပြောသည်။
ရန်ကုန်တိုင်း အစိုးရအဖွဲ့အနေဖြင့် YUPT ကုမ္ပဏီတွင် ရှယ်ယာ ကျပ် ၃၅ ဘီလီယံ ထည့်ဝင်ထားပြီး ပုဂ္ဂလိက အနေနှင့် ယာဉ်ပိုင်ရှင် ၂၈၀ ကျော် က အစုရှယ်ယာငွေ စုစုပေါင်း ကျပ် ၅ ဒသမ ၆၃ ဘီလီယံ ထည့်ဝင်ထားသည်။
ယနေ့ ရန်ကုန်တိုင်းရင်းနှီးမြှုပ်နှံမှုကော်မတီ ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်း ၌ အဆိုပါ ကိစ္စအား မီဒီယာများက မေးမြန်းရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးက ယနေ့ ဖြစ်ပွားခဲ့သော YUPT ရှယ်ယာရှင်များအပေါ် သုံးနှစ်အချိန်ကာလအထိ အမြတ်ခွဲဝေမပေးသည့် ကိစ္စ သည် ယင်းကိစ္စ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော် နှင့် YBS ယာဉ်လိုင်းများကို ကြီးကြပ်နေသော YRTA နှင့်သာ အဓိက သက်ဆိုင်သည့် YRTA ၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင်သာ မေးမြန်းကြရန် ဖြေကြားသွားသည်။
You may also like these stories:
YBS အကောင်းဆုံး ဆုရ ယာဉ်လိုင်း ကုမ္ပဏီများ ဝေဖန်ခံရ
၂ နှစ်သား YBS ဘယ်လောက်ခရီးပေါက်ခဲ့သလဲ
ဒီဇင်ဘာမှ ခရီးသည်တွေ YPS ကတ် သုံးလို့ ရအောင် စီစဉ်ထားတယ်