ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်း ရွှေနဒီ အမြန်ရေယာဉ်မှ တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရမှု၌ ပြန်လည်ကယ်ဆယ် ရရှိထားသူ ၁၅ ဦးထဲတွင် လုံခြုံရေး တပ်ဖွဲ့ဝင် ၁၀ ဦးနှင့် အရပ်သား ၅ ဦး ပါဝင်ကြောင်း တပ်မတော်သတင်း ပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာဝတီသို့ ပြော သည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ကျနော် သိသလောက်ကတော့ ကယ်ဆယ်ရမိတာ ၁၅ ဦး ရှိတယ်။ အဲဒီမှာ တပ်ဖွဲ့ဝင်က ၁၀ ဦး ပါတယ်။ ကျန် ၅ ဦးကတော့ အရပ်သားတွေလို့ သိရတယ်။ အခုလည်း အဲဒီနေရာကို မြေပြင်တပ်မတွေနဲ့ ကယ်ဆယ် ရေး လုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်လျက် ရှိပါတယ်” ဟု ဧရာဝတီသို့ ပြောဆိုသည်။
ထိုသို့ ကယ်ဆယ်ရမိသည့် တပ်ဖွဲ့ဝင်များထဲတွင် တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင် မည်မျှပါသည် ဆိုသည့် စာရင်းအတိ အကျကိုမူ အသေးစိတ် မသိရှိသည့်အတွက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးထံ မေးမြန်းရန် လမ်းညွှန်ခဲ့သည်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား ဧရာဝတီမှ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။
စစ်တွေ-ဘူးသီးတောင်သို့ ပြေးဆွဲနေသော ရွှေနဒီ အမြန်ရေယာဉ်ကို အောက်တိုဘာလ ၂၆ ရက် မနက် ၁၀ နာရီ ဝန်း ကျင်၌ ရသေ့တောင်မြို့အလွန်တွင် ရက္ခိုင်စစ်တပ် (AA)အဖွဲ့က ဟန့်တားကာ တပ်မတော်သား ၁၄ ဦး၊ ရဲတပ်ဖွဲ့ဝင်၂၉ ဦး၊ အကျဉ်းဦးစီးဌာနမှ၂ ဦး စုစုပေါင်း ၄၅ ဦးနှင့် အရပ်သားတချို့ကိုလည်း AA အဖွဲ့မှ ဖမ်းဆီးခဲ့ကြောင်း တပ်မတော်က သတင်း ထုတ်ပြန်ထားသည်။
ထိုသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များကို ထိန်းသိမ်း ဖမ်းဆီးခဲ့ပြီးနောက် ကျန်ခရီးသည်များနှင့် ရေယာဉ်ကို ဘူးသီးတောင်မြို့သို့ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ယင်းနေ့ ညနေ ၅ နာရီ အချိန်ခန့်တွင် အဆိုပါ ရေယာဉ်မှာ ဘူးသီးတောင် ဆိပ်ကမ်းသို့ ရောက်ရှိလာကြောင်းလည်း ဘူးသီးတောင် မြို့ခံများထံက သိရသည်။
ရွှေနဒီအမြန်ရေယာဉ်ပေါ်မှ တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး သတင်းပေါက်ကြား သည်ဟု ဆိုကာ ရေ ယာဉ်ပိုင်ရှင် ဦးရွှေသန်းနှင့် ဝန်ထမ်း ၇ ဦး စုစုပေါင်း လူ ၈ ဦးတို့ကိုလည်း သက်ဆိုင်ရာ အဖွဲ့မှ ထိန်းသိမ်း စစ်ဆေးနေ ကြောင်းလည်း မိသားစုဝင်များက ပြောသည်။
ရေယာဉ်ပိုင်ရှင် ဦးရွှေသန်း၏ ညီဖြစ်သူ ကိုဝေထွန်းစိန်က “အဲဒီ ဖြစ်စဉ်ဖြစ်တဲ့ ညနေပိုင်းကတည်းက ကျနော်တို့ အစ်ကိုနဲ့ ရေယာဉ်က ဝန်ထမ်းတွေကို ခေါ်ယူပြီးတော့ စစ်ဆေးနေတယ်။ မနေ့ကတော့ တရားရုံးမှာ ရမန်ယူတယ်။ ရဲနဲ့ တရားရုံးကို သွားမေးကြည့်တော့ အမှုဖွင့်တာတော့ မရှိသေးဘူးလို့ ပြောတယ်။ သူတို့ အခုထိ အထဲမှာဆိုတော့ ဘယ်လို ဖြစ်နေလဲဆို တာ ကျနော်လည်း မသိဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ဘူးသီးတောင်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဦးရဲသိန်းက ရွှေနဒီ ရေယာဉ်ပိုင်ရှင် ဦးရွှေသန်း နှင့် ဝန်ထမ်း ၇ ဦးကို စစ်ဘက်ရေးရာ တပ်ဖွဲ့ဝင်များ အပါအဝင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ထိန်းသိမ်း စစ်ဆေးနေ သည်ကို သိရှိရကြောင်း၊ ထိန်းသိမ်းခံထားရသူများမှာ အမှုနှင့် ပတ်သက်မှု မရှိသည့်အတွက် အမှန်တရားရရှိရန် ရခိုင်ပြည် နယ် ဝန်ကြီးချုပ် ဦးညီပုအားလည်း အကြောင်းကြားထားသည် ဟု ဆိုသည်။
ထိုသို့ ဖမ်းဆီးခံ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအား စစ်ဆေးရန်အတွက် ဘေးကင်းလုံခြုံရာသို့ ခေါ်ဆောင်ရာ တွင် တပ်မတော်က ရဟတ်ယာဉ် ၃ စီးဖြင့် အခင်းဖြစ်ပွားရာ နေရာအနီး ဝန်းကျင်နှင့် တခြားနေရာများသို့ မရပ်မနားလှည့် ပတ် ဗုံးကြဲတိုက်ခိုက်သည့် အတွက် ကျည်ကွယ်မရှိသည့်နေရာတွင် ရှိနေသော စစ်ဆေးရန် ခေါ်ယူလာသူ အများအပြား သေဆုံးခဲ့ရသလို ၎င်းတို့ကို လုံခြုံရေး ယူထားသည့် AA တပ်ဖွဲ့ဝင် တချို့မှာလည်း အသက်ဆုံးရှုံးခဲ့ရကြောင်း AA အဖွဲ့က ထုတ်ပြန်ထားသည်။
ထို တပ်မတော်မှ ရဟတ်ယာဉ်ဖြင့် ခြိမ်းခြောက် ပစ်ခတ်ပြီး တပ်ဖွဲ့ဝင်များကို ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ ရာတွင် ရဲတပ်သား စိုင်းနိုင်အောင်မှာလည်း ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း တပ်မတော်က သတင်း ထုတ်ပြန်သည်။
ဖမ်းဆီးခံရသည့် တပ်ဖွဲ့ဝင်များကို ၅ ယောက်တတွဲ လက်ပြန်ကြိုးတုတ်ပြီး စက်လှေဖြင့် မြစ်ကူးပြီး ခေါ်ယူရန် ကြိုးစားခဲ့စဉ် AA တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် အတွဲလိုက် ပစ်ခတ်ပြီး မြစ်ထဲသို့ ကန်ချခဲ့ကြောင်း၊ ထိုသို့ ပစ်ပြီးကန်ချရာတွင် ရဲတပ် သား စိုင်းနိုင်အောင်မှာ ဒဏ်ရာ အနည်းငယ်ရရှိရာ အသက်မသေဘဲ ပြန်လည် လွတ်မြောက်လာခဲ့ခြင်း ဖြစ်ကြောင်းလည်း တပ်မတော် သတင်းထုတ်ပြန်ရာ၌ ဖော်ပြထားသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “အဖမ်းဆီးခံရတဲ့ လူတွေ ဆုံးတယ် ဆိုတာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့လည်း အဲဒီမှာ ရှာ ဖွေရေးတွေ လုပ်နေတာပဲ။ သူတို့ဘက်က အပြောပေါ့နော်။ ကျနော်တို့ကတော့ အလောင်းတွေ့တာတော့ မရှိသေးဘူး။ AA ဘက်ကလည်း စက်လှေမြုပ်ပြီး သေတဲ့ လူတွေ ရှိတယ် ဆိုပြီး သိရတယ်။ အလောင်းတွေတော့ ရထားတာတော့ မရှိသေး ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
AA မှ ပြန်ကြားရေး တာဝန်ခံ ခိုင်သုခကတော့ တပ်မတော်မှ ဗုံးကြဲ တိုက်ခိုက်သည့် အတွက် တပ်ဖွဲ့ဝင်များ သေဆုံးခဲ့ရ သည့် အမှားကို ဖုံးကွယ်လိုသည့် အတွက် ထိုသို့ ပြောဆိုခြင်းသာ ဖြစ်သည်ဟု ပြောဆိုသည်။
ခိုင်သုခက “ကြိုးတုတ်ပြီးတော့ ရေထဲပစ်ချတယ်ဆိုတာ သူတို့လုပ်ရပ်ကို ဖုံးကွယ်ချင်လို့ ပြောဆိုခြင်း သာ ဖြစ်တယ်။ ကြိုး တုတ်ပြီးတော့ သေနတ်နဲ့ အတွဲလိုက် ပစ်ခတ်၊ ရေထဲ ကန်ချရင် ဘယ်လိုလုပ် အသက်ရှင်ဦးမလဲ။ အဲဒါက ဘယ်သူမဆို စဉ်းစားလို့ ရပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
AA အဖွဲ့က ဖမ်းဆီး ခေါ်ဆောင်လာသူများထဲတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ အပြင် မသင်္ကာဖွယ်ရာ အရပ်သားများလည်း ပါ ဝင်လာကြောင်း၊ လက်ရှိအချိန်တွင် သေဆုံးသူ၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ၊ AA အဖွဲ့နှင့်အတူ ကျန်နေခဲ့သူ စသည့် လူအရေ အတွက်ကို စိစစ်လျက် ရှိရာ အသေးစိတ်ကို အချက်အလက်ကို အတည်မပြုနိုင်သေးကြောင်းလည်း ခိုင်သုခက ဧရာဝတီ သို့ ဆိုသည်။
ဆက်စပ်ဖတ်ရှု့ရန် – မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ဖမ်းခံရသူထဲမှ ၁၂ ဦး AA ပြန်လွှတ်ပေး
ရွှေနီဒီရေယာဉ်ပေါ်မှ AAက ဖမ်းဆီးသွားသူများတွင် တပ်မတော်သားများလည်းပါဝင်နေ
ရွှေနဒီ အမြန်ရေယာဉ်ကို AA က ဖမ်းဆီး
AA ဖမ်းဆီးသွားသူများမှ ၁၄ ဦးကို တပ်မတော် ပြန်ကယ်တင်နိုင်