တပ်မတော်မှ တရားလို ပြုလုပ်၍ ပုဒ်မ ၅ဝ၅(က) ဖြင့် တရားစွဲဆိုခြင်း ခံထားရသည့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့မှ ၅ ဦးကို အလုပ်နှင့် ထောင်ဒဏ် ၁ နှစ်ဟု မရမ်းကုန်းမြို့နယ် တရားရုံးမှ ယနေ့ အမိန့်ချမှတ်လိုက်သည်။
အလုပ်နှင့် ထောင်ဒဏ် ၁ နှစ် အပြစ်ပေးခံရသူများမှာ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း၊ မကေခိုင်ထွန်းနှင့် ကိုဇော်လင်းထွန်းတို့ ဖြစ်သည်။
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်လမ်းမ စိတ်တိုင်းကျ လက်ဖက်ရည်ဆိုင်အနီးတွင် သင်္ကြန်ကာလအတွင်း ဖျော်ဖြေခဲ့သည့် သံချပ်တွင် တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့် စကားလုံးများ၊ နိုင်ငံတော်လုံခြုံရေး၊ ရပ်ရွာအေးချမ်း သာယာရေးကို ထိခိုက်စေသည့် စကားလုံးများပါဝင်နေသည့်အတွက် ယခုလို အမိန့်ချမှတ်ခြင်းဖြစ်ကြောင်း မြို့နယ်တရားသူကြီးက အမိန့်ချစဉ် ထည့်သွင်းပြောကြားခဲ့သည်။
မြို့နယ်တရားသူကြီး ဦးထွန်းကျော်က “၎င်းတို့ရဲ့ ပြုမူဆောင်ရွက်ချက်တွေအပေါ် စဉ်းစားဆုံးဖြတ်ခဲ့တာပါ။ သက်သေခံ ချက်များအရ တပ်မတော်သားများဟာ တာဝန်ကို မလေးမစားပြုမှုလာနိုင်တာ၊ တာဝန်ပျက်ကွက်စေလာနိုင်တာတွေ ဖြစ်စေတန်အောင် ပြုမူနေသကဲ့သလို့ ဖြစ်တယ်” ဟု အမိန့်ချစဉ် ထည့်သွင်းပြောကြားခဲ့သည်။
ရာဇသတ်ကြီး ပုဒ်မ ၅ဝ၅(က) သည် တပ်မတော်တွင် အမှုထမ်းနေသော တပ်မတော်သားများအား စစ်ပုန်ကန်ခြင်း၊ သက်ဆိုင်ရာ တာဝန်ဝတ္တရားများကို မလေးစားစေခြင်း၊ ပျက်ကွက်စေခြင်းသော်လည်း ကောင်း၊ ပြုစေရန်အကြံရှိလျှင် သို့မဟုတ် ထိုသို့ ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် ထိုသူကို အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။

ထောင်ဒဏ်ချမှတ်ခံရသည့် ကိုပိုင်ဖြိုးမင်းက ယခုကဲ့သိုမိမိတို့ကို ထောင်ဒဏ်အပြစ်ပေးခြင်းသည် တပ်မတော်အနေဖြင့် သံချပ်ယဉ်ကျေးမှုကို စော်ကားခြင်းဟု ခံစားရပြီး သံချပ်ယဉ်ကျေးမှုကို ထိန်းသိမ်းနေသည့် နောင်တော်သံချပ်သမားများ၏ ဂုဏ်သိက္ခာအပေါ် စော်ကားရာ ရောက်သည်ဟု ပြောသည်။
ထို့အပြင် စစ်တပ်သည် တရားရေးမဏ္ဍိုင်၏ အထက်တွင် ရှိနေသလို ဖြစ်နေပြီး မိမိတို့ကို စစ်တပ်မှ မလိုမုန်းတီးမှု ပုံစံကို တရားရေးမဏ္ဍိုင်မှ လက်ကိုင်ဒုတ်အဖြစ်သာ ယခုလို အမိန့်ချခဲ့ခြင်းဖြစ်သည်ဟု ထောင်ဒဏ်ချမှတ်ခံရသည့် မကေခိုင်ထွန်း ကလည်း ပြောသည်။
မိမိတို့သည် သံချပ်ပါ စာသားများတွင် တပ်မတော်ကို အပုတ်ချချင်၍ မဟုတ်ပဲ အခြေခံဥပဒေကို ပြင်ချင်၍သာ ဖြစ် ကြောင်း၊ တပ်မတော်ကို နိုင်ငံရေး အခန်းကဏ္ဍမှ ထွက်သွားစေချင်ကြောင်း၊ ကျင့်ဝတ်သိက္ခာရှိသော တပ်မတော် ဖြစ်စေ ချင်သဖြင့် ယခုကဲ့သို့ သံချပ်စာသားများ ထိုးရခြင်းဖြစ်သည်ဟု ထောင်ဒဏ်အပြစ်ပေးခံရသည့် ကိုဇေယျာလွင်က တရားခွင်အပြီးတွင် သတင်းမီဒီယာများကို ပြောကြားခဲ့သည်။
“သူတို့(တပ်မတော်) စွပ်စွဲတာ တပ်မတော်ကို ဂုဏ်ပျက်အောင်၊ သူတို့ တပ်မတောသားတွေ ပုန်ကန် ချင်လာအောင် လှုံ့ဆော်တယ်လို့ပြောတယ်။ တကယ်လို့များသာ အဲ့ဒီလိုတကယ်ဖြစ်လာရင် အသုံးမကျတဲ့ တပ်မတော်ပဲ ဖြစ်လိမ့်မယ်။ အခုလို ကျနော်တို့ကို အမိန့်ချလို့ တပ်မတော်အပေါ် လူတွေ ရွံ့မုန်းမယ်လို့ ယူဆတယ်။ ကျနော်တို့အနေနဲ့ ဒီလိုလုပ်လို့ ရပ်တန့််သွားမှာ မဟုတ်ဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ တပ်မတော်ကို နိုင်ငံရေး ကဏ္ဍက ထွက်သွားရေး အတွက် သံချပ်နဲ့အပြင် တခြားသော နည်းတွေနဲ့ပါ ဆက်လုပ်မယ်”ဟု ၎င်းကဆိုသည်။
ဒေါင်းတို့ မျိုးဆက်သံချပ်အဖွဲ့ကို မရမ်းကုန်းတရားရုံးတွင်ပင် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် လူမှုကွန်ယက်တွင် သံချပ်များ၊ စာသားများ တင်ခဲ့မှုနှင့် ပတ်သက်ပြီး ဒုဗိုလ်မှူးကြီး သန်းထွန်းမြင့်ကပင် ထပ်မံတရားစွဲဆိုထားသေးသည်။
စွဲဆိုခံထားရသူများမှာ ယနေ့အမိန့်ချခံခဲ့ရသည့်သူများထဲမှ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနှင့် ကိုပိုင်ဖြိုးမင်းတို့အပြင် မစုရတနာမြင့်တို့ ဖြစ်သည်။ ၎င်းတို့ကို လာမည့် နိုဝင်ဘာ ၆ ရက်နေ့တွင်ပင် စွဲချက်တင်သင့် မတင်သင့်ကို အမိန့် ချမည်ဖြစ်သည်။

ထို့အပြင် သံချပ်အဖွဲ့ လိုက်လံဖျော်ဖြေခဲ့သည့် ရန်ကုန်တိုင်းတွင် ဗိုလ်တထောင်မြို့နယ်၊ ဧရာဝတီတိုင်းတွင် မအူပင်၊ ဖျာပုံနှင့် ဒေးဒရဲမြို့နယ်တို့တွင်လည်း ရာဇသတ်ကြီး ပုဒ်မ ၅ဝ၅(က) ဖြင့် ၎င်းတို့ကို တပ်မတော်မှ တရားစွဲဆိုထားသေးသည်။
ယခုလို အမိန့်ချခဲ့မှုနှင့်ပတ်သက်၍ မိမိတို့တပ်မတော်အနေဖြင့် တရားမျှတမှုကို လိုလားသည့်အတွက် ဥပဒေနှင့်အညီ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဧပြီလ ၁၈ ရက်တွင် တရားရုံးကို ဦးတိုက်လျှောက်ခဲ့ပြီး ဧပြီ ၂၂ ရက်တွင် ပထမအကြိမ် ရုံးချိန်းစတင်စစ်ဆေးခဲ့ပြီး ယခုဆိုလျှင် ၆ လကျော်အထိ ကြာမြင့်ခဲ့ကြောင်း တရားလိုဖြစ်သူ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး သန်းထွန်းမြင့်က တရားခွင်အပြီးတွင် သတင်းမီဒီယာများကို ပြောကြားခဲ့သည်။
ဒုဗိုလ်မှူးကြီး သန်းထွန်းမြင့်က “မိမိတို့ရဲ့ အခွင့်အရေးကိုပဲ ဂရုစိုက်လို့ မရပါဘူး။ တည်ဆဲဥပဒေကို အလေးထားဖို့ လိုပါ တယ်။ မချိုးဖောက်မိအောက် ဂရုစိုက်ဖို့ လိုပါတယ်။ အခုအရေးယူရတာက တည်ဆဲဥပဒေတွေကို ဖောက်ဖျက် ကျူးလွန် လို့ဆိုတာ ကျနော့်အနေနဲ့ ပြောလိုပါတယ်” ဟု ဆိုသည်။
ထို့အပြင် ၎င်းက “အခွင့်အရေးဆိုတာ တဦးတယောက်ရဲ့ အခွင့်အရေးကိုပဲ ကြည့်လို့မရပါဘူး။ တပ်မတော်သားတွေရဲ့ အခွင့်အရေးကိုလည်း ပြန်စာနာဖို့ လိုပါတယ်။ တပ်မတော်သားတွေဟာ အခု ရှေ့တန်းမှာ အသက်နဲ့ရင်းပြီး တိုက်ပွဲဝင် နေကြတာ။ ဒီလိုလူတွေကို ပုတ်ခတ်စော်ကားတာ လုပ်လို့မရပါဘူး။ သူတို့ဟာ တိုင်းပြည်တာဝန် ထမ်းဆောင်နေတာပါ။ ငါတို့က လူ့အခွင့်အရေးလို့ ပြောဆိုပြီး ပြောချင်ရာပြော၊ ပုတ်ခတ်ချင်ရာ ပုတ်ခတ်လို့ မရပါဘူး။ ကျနော်တို့က တရားမျှတမှု ကို လိုလားလို့ ဥပဒေရဲ့ အဆုံးအဖြတ်ကို ခံယူသွားတာပါ။ အခု ဆုံးဖြတ်လိုက်တာလဲ ဥပဒေနဲ့ အညီဆောင်ရွက်တယ်လို့ မြင်တယ်” ဟု ဆက်ပြောသည်။