မန္တလေးတိုင်းဒေသကြီး အတွင်း စိုက်ပျိုးမြေများစွာ ရှိသော်လည်း စိုက်တိုင်း အရှုံးပေါ်နေသဖြင့် တောင်သူ အများစုမှာ စိုက်ပျိုးရန် မဝံ့တော့ကြောင်း မန္တလေးတိုင်း လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ဦးက ပြောသည်။
အောက်တိုဘာ ၂၉ ရက်နှင့် ၃၀ ရက် မန္တလေးတိုင်းလွှတ်တော်၌ ကျင်းပသော စိုက်ပျိုးရေးနှင့် မွေးမြူ ရေး လုပ်ငန်း လုပ်ကိုင်သူများ မျိုးကောင်းမျိုးသန့်နှင့် သတင်းအချက်အလက်များ ရရှိရေးဆွေးနွေးပွဲတွင် တိုင်းလွှတ်တော် ဥက္ကဌက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့ တိုင်းအတွင်း လူထုတွေ့ဆုံပွဲတွေ သွားရင် ဒေသခံအများစုက စိုက်ပျိုးရေး မလုပ်ကြဘူးလို့ ပြောတယ်။ ဘာလို့လဲ မေးတော့ စိုက်လိုက်တိုင်း ရှုံးလို့ မစိုက်တာမှ တော်သေးတယ် ဆိုပြီး မစိုက်ကြတာလို့ ပြန်ဖြေကြတယ်” ဟု တိုင်းလွှတ်တော် ဥက္ကဌ ဦးအောင်ကျော်ဦးက ပြောပြသည်။
၂ ရက်ကြာ ပြုလုပ်လျက်ရှိသော ဆွေးနွေးပွဲတွင် မန္တလေးတိုင်းအတွင်း စိုက်ပျိုးရေးနှင့် ပတ်သက်ပြီး ကြုံတွေ့နေရသော အခက်အခဲများအား တိုင်းလွှတ်တော် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကော်မတီဝင်များ၊ စိုက်ပျိုးရေးဆိုင်ရာ အရပ်ဖက် အဖွဲ့ အစည်းများနှင့် တောင်သူများက ကဏ္ဍအလိုက် အသီးသီး ဆွေးနွေးကြပြီး ဆွေးနွေးချက်များ အပေါ် ရေတိုစီမံချက် တရပ် ရေးဆွဲကာ အကောင်အထည် ဖော်သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။
စိုက်ပျိုးရေးကဏ္ဍတွင် ရာသီဥတု(သို့မဟုတ်) ဈေးကွက်အရ တောင်သူတို့မှာ အထိနာရခြင်း၊ နည်းပညာနှင့် ငွေကြေး ပံ့ပိုးမှုများ လိုအပ်ခြင်းတို့ကြောင့် ရသင့်ရထိုက်သည့် အကျိုးအမြတ် မရှိဘဲ အရှုံး ပေါ်ခြင်းက ပိုများနေကြောင်း တောင်သူ များက ပြောကြသည်။
“အစိုးရအနေနဲ့ ဈေးကွက် ဖော်ဆောင်ပေးဖို့ပေါ့။ အခုက စိုက်စရိတ် ကြီးလာပေမယ့် ပြန်ရတဲ့ အကျိုး အမြတ်က ထင်သလောက် မဟုတ်ဘူး ဖြစ်နေတယ်။ ပြီးတော့ စိုက်စရိတ် ချေးငွေက ကာလတိုလွန်းတယ်။ အဲဒီအပေါ် တောင်သူက ဖြစ်ဖြစ်မြောက်မြောက် အားကိုးလို့မရဘူး ဖြစ်နေတယ်” ဟု ဝမ်းတွင်းမြို့နယ်မှ စပါးစိုက် တောင်သူ ဦးလှသိန်းက ဧရာဝတီ ကို ပြောသည်။
ထို့အတူ ဝမ်းတွင်းမြို့နယ်အတွင်း စပါးစိုက်ပျိုးရေးတွင် လွန်ခဲ့တဲ့ ၁၀ နှစ်ကဖြင့် နှိုင်းယှဉ်ပါက အထွက်နှုန်းမှာ ၃ ပုံ ၁ ပုံခန့် လျော့ကျလာပြီး မျိုးကောင်းမျိုးသန့်နှင့် အထွက်နှုန်းကောင်းရေးမှာလည်း လက်ရှိ တောင်သူအများစု ကြုံတွေ့နေရသည့် အခက်အခဲဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ဝမ်းတွင်းမြို့နယ်မှ တောင်သူဦးမောင်ဆန်းကလည်း “ဒီမှာက နေ့စားကောက်စိုက်ပျိုးနှုတ် လုပ်တဲ့သူကိုလည်း တရက် ၅၀၀၀ လောက်ပေးရတယ်။ အရင်က လုပ်ခက အဲဒီလောက် ဈေးမကြီးဘူး။ အခုကျတော့ လုပ်သားရှားလာတာလည်း ပါတော့ စရိတ်တွေက တက်လာတယ်။ စပါး ၁ တင်း ရောင်းရလို့ ပြန်ရတာနဲ့ ကုန်တာနဲ့က မကာမိဘူး။ ပြီးတော့ စပါးက ဆည်ရေသောက်ဆိုရင် ဆည်ရေက ငန်တော့ ရေရှည်က မြေဆီအပြောင်းအလဲကြောင့် အထွက်နှုန်းလည်း ကျလာတယ်” ဟု ရှင်းပြသည်။
မန္တလေးတိုင်းလွှတ်တော်ဥက္ကဌက ယူနန်ပြည်နယ်သို့ သွားရောက် လေ့လာခဲ့စဉ်က ရရှိခဲ့သော အတွေ့အကြုံအရ ယင်း ပြည်နယ်တွင်မူ စိုက်ပျိုးရေးကဏ္ဍကို အားပေးသည့် အနေဖြင့် စိုက်ပျိုးရေးဦးစီးဌာနက တောင်သူအား မျိုးစေ့နှင့် နည်းပညာများအား ပံ့ပိုးပေးရုံသာမက စိုက်ပျိုးရေးကို စိတ်ဝင်စားသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ကာ ကန်ထရိုက်လယ်ယာ စနစ်ကို အကောင်အထည်ဖော်ပေးကြောင်း တွေ့ရသည်ဟု ရှင်းပြသည်
ထိုသို့ ရရှိသည့် အကျိုးအမြတ် အပေါ် တောင်သူက ၇၀ ရာခိုင်နှုန်း၊ လုပ်ငန်းရှင်က ၃၀ ရာခိုင်နှုန်း ခွဲဝေသဖြင့် စိုက်ပျိုး တောင်သူ အနေဖြင့် လုပ်ငန်းအပေါ် စိတ်ပျက် အားလျော့ခြင်း မရှိသလို စိုက်ပျိုးရေးကဏ္ဍသည်လည်း ပိုမိုဖွံ့ဖြိုးလာသည်ဟု သူက ပြောသည်။
သို့သော် မန္တလေးတိုင်းဒေသကြီးမှ တောင်သူများဘက်ကမူ ထိုစနစ်သည် ပြည်တွင်းတွင် စိတ်ဝင်စားမှု အားနည်းကြောင်း ထောက်ပြကြသည်။
မန္တလေးတိုင်း တောင်သာမြို့နယ်က တောင်သူ ကိုမောင်တူး ကလည်း “ကုန်သည် အများစုကလည်း တောင်သူနဲ့ အရောင်း အဝယ် သဘောက လွဲပြီး ကန်ထရိုက်လယ်ယာ ပုံစံမျိုးလုပ်ဖို့ စိတ်ဝင်စားမှုနည်းတယ်။ ဒီအပေါ်မှာ တာဝန်ရှိသူ တွေက ဘယ်လိုဖြစ်သင့်တယ်ဆိုတဲ့ မူ၊ ပုံစံလေးချပေးရင်တော့ ကောင်းတာပေါ့”ဟု ပြောသည်။
မန္တလေးတိုင်းအတွင်း စုစုပေါင်း မြေဧရိယာ၏ ၄၄ ရာခိုင်နှုန်းသည် စိုက်ပျိုးမြေအဖြစ် အသုံးပြုနိုင်သော မြေများ ဖြစ်ပြီး ဧကအားဖြင့် ၃၃ သိန်းကျော်ရှိရာ အများအားဖြင့် စပါး၊ ဆီထွက်သီးနှံ၊ ပဲတီစိမ်း၊ ချည်မျှင်ရှည်ဝါ တို့ကို အများဆုံး စိုက်ပျိုး ကြကြောင်း တိုင်းစိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး စီးပွားရေး အခြေအနေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေးကဏ္ဍနှင့် ဆက်စပ်နေရာ ယင်းကဏ္ဍ ဖွံ့ဖြိုးရေးအတွက် တောင်သူများ အကျိုးရှိမည့် ရေတိုစီမံကိန်းများအား တိုင်းအစိုးရအနေဖြင့် ၎င်းတို့ တာဝန် ယူထားသည့် သက်တမ်း အတွင်း ဆောင်ရွက်သွားမည် ဖြစ်သည်။
ထို့ကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကော်မတီက သက်ဆိုင်ရာမြို့နယ်များသို့ ကွင်းဆင်းကာ တောင်သူများနှင့် တွေ့ဆုံ ဆွေးနွေးခြင်း၊ အကြံဉာဏ်များ ရယူခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။