သတင်း

၂၀၁၉ ခုနှစ် အတွင်း မိုင်းကြောင့် သေဆုံးသူ ၄၀ ကျော်၊ ဒဏ်ရာရရှိသူ ၁၆၀ ကျော်ရှိဟု ဆို

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်အတွင်း မိုင်းအန္တရာယ်ကြောင့် လူဦးရေ ၄၀ ကျော် သေဆုံးပြီး ဒဏ်ရာရရှိသူ ၁၆၀ ကျော် ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန (လူကယ်ပြန်) ပြန်လည် ထူထောင် ရေး ဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက ပြောသည်။

အောက်တိုဘာ ၃၀ ရက်နေ့က နေပြည်တော်ရှိ Hilton ဟိုတယ်တွင် ပြုလုပ်သည့်  မြန်မာနိုင်ငံ အမျိုးသားအဆင့် မိုင်း ကင်းစင်ရေး အာဏာပိုင်အဖွဲ့ ဖွဲ့စည်းတည်ထောင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ အဖွင့် အမှာစကား၌ ထည့်သွင်း ပြောကြား ခြင်း ဖြစ်သည်။ 

ဦးဝင်းနိုင်ထွန်းက“၂၀၁၉ ခုနှစ် ဇန်နဝါရီလ ကနေ စပြီးတော့ စက်တင်ဘာလအထိ ၁၆၈ ဦး မိုင်းအန္တရာယ် ထိခိုက်ခံရ တယ် လို့ သိရ ပါတယ်။ ဒီအထဲမှာ ၄၂ ဦးက အသက်ဆုံးရှုံးပြီးတော့ ၁၂၆ ဦးက မိုင်းဒဏ်ရာနဲ့ မသန်စွမ်း အဖြစ် ကြုံ တွေ့ရတယ်လို့ သိရှိရပါတယ်”ဟု ပြောပြသည်။

ထို့ပြင် မိုင်းအန္တရာယ် ကြုံတွေ့နေရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ တနင်္သာရီ၊ ပဲခူးနှင့် ကချင်၊ ရှမ်း၊ ကယား၊ ကရင်၊ ရခိုင် နှင့် ချင်းပြည်နယ်တို့ ဖြစ်ကြောင်း လူကယ်ပြန်မှ သိရသည်။ 

၂၀၁၉ ခုနှစ်အတွင်း ဖြစ်စဉ်များအရ ရှမ်းပြည်နယ်တွင် ၄၆ ရာခိုင်နှုန်း၊ ရခိုင်ပြည်နယ်တွင် ၂၄ ရာခိုင်နှုန်း၊ ကချင် ပြည်နယ် တွင် ၁၈ ရာခိုင်နှုန်း မိုင်းဒဏ် ထိခိုက်ခံရကြောင်းလည်း သိရသည်။ 

တိုက်ပွဲများ၏ နောက်ဆက်တွဲကြောင့် မိုင်းဒဏ် ခံနေရသည်မှာ ဒေသခံ ပြည်သူများသာ ဖြစ်သဖြင့် မိုင်းကို လုံးဝ မသုံး စေလိုကြောင်း၊ မိုင်း အသုံးပြုနေမှုကို ထိထိရောက်ရောက် တားဆီးစေလိုကြောင်း ကချင်ပြည်နယ်၊ ဖားကန့် မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ဧရာဝတီသို့ ပြောသည်။ 

ဦးတင့်စိုးက“၂၀၁၃ တိုက်ပွဲတွေတုန်းက ဘယ်သူတွေက ထောင်တယ်လို့တော့ မသိဘူး။ တကယ်တမ်း ထိတဲ့ သူတွေ က အများ အားဖြင့် အရပ်သားတွေပဲ ဖြစ်တယ်။ ကျနော့် ဖားကန့် တခုတည်းမှာကိုပဲ  အဲ့ဒီလို ဖြစ်စဉ်တွေ အများကြီး ဖြစ်ခဲ့ တယ်။ ရှင်းရှင်း ပြောရင် မိုင်းကို အသုံး မပြုစေချင်ဘူးဗျ”ဟုလည်း ပြောဆိုသည်။

တပ်မတော် အနေဖြင့် မိုင်းကင်းစင် ပပျောက်ရေးကို လိုလားသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်း များနှင့် အတူ တက်ကြွစွာ ပူးပေါင်း ပါဝင် ဆောင်ရွက်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံသည် ဒုတိယ ကမ္ဘာစစ်အတွင်း စစ်မြေပြင် ဖြစ်ခဲ့ရပြီး လွတ်လပ်ရေး ရပြီး နောက်ပိုင်းတွင် လက်နက်ကိုင် တပ်ဖွဲ့များ၊ နိုင်ငံအနှံ့တွင် စစ်ကျန် ဗုံးသီးများ၊ မြေမြှုပ် မိုင်း အန္တရာယ်များကို ကြုံတွေ့နေရသည့် နိုင်ငံဖြစ်ကြောင်းလည်း ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)၊ စစ်အင်ဂျင်နီယာ ညွှန်ကြားမှူးရုံးမှ ဒုတိယ ဗိုလ်မှူးကြီး အေးဝင်း ကလည်း ယနေ့ အခမ်းအနားတွင် ပြောသည်။

ယနေ့ကျင်းပသည့်  အလုပ်ရုံ ဆွေးနွေးပွဲသို့ တပ်မတော်ဘက်ကလည်း တက်ရောက်လာသဖြင့် ၎င်းတို့၏ အတွေ့ အကြုံ များ၊ ကျွမ်းကျင်မှုပိုင်းကိုပါ ထည့်ပြီး ဆွေးနွေးမည် ဖြစ်သဖြင့် အနာဂတ်အတွက် အရေးကြီးသည့် ခြေလှမ်း တလှမ်း လည်း ဖြစ်ကြောင်း ဆွစ်ဇာလန်နိုင်ငံ သံရုံး မြန်မာနိုင်ငံ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီ ပေးရေး ဌာနမှ ခေါင်းဆောင် တဦးဖြစ်သူ Mr Thierry Umbehr က ပြောသည်။ 

၎င်းက“အခြားနိုင်ငံတွေကနေပြီးတော့ မိုင်းအန္တရာယ်နှင့် ပတ်သက်ပြီး ဖြေရှင်းရန်အတွက် ဘယ်လိုမျိုး ဖွဲ့စည်းထားလဲ၊ ဘယ်လို အတွေ့အကြုံတွေ ရှိလဲ ဆိုတာကို ဒီနေ့ ဆွေးနွေးမယ့် အထဲမှာလည်း ပါပါတယ်”ဟု ဆက်ပြောသည်။

မြန်မာနိုင်ငံသည် အခြား အာရှ နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် မြေမြှုပ်မိုင်း အသုံးပြုမှု အဆင့် ၃ နေရာတွင် ရှိနေကြောင်း မြေမြှုပ်မိုင်း စောင့်ကြည့် လေ့လာရေး အဖွဲ့ Landmine Monitor (LM) က ၂၀၁၈ ခုနှစ်က ထုတ်ပြန်သည့် အစီရင် ခံစာ ၌ ဖော်ပြထားသည်။

၂၀၀၇ မှ စတင်၍ ၂၀၁၈ ခုနှစ်အထိ မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု ၃၅၃၉ ဦး ရှိပြီး အဆင့် ၃ နေရာတွင် ရှိနေကြောင်း ယင်း အစီအရင်ခံစာက ဆိုထားသည်။

အာရှနိုင်ငံများတွင် အာဖဂန်နစ္စတန် နိုင်ငံသည် မြေမြှုပ်မိုင်း အသုံးပြုမှု အဆင့် ၁ နေရာတွင်ရှိနေပြီး ပါကစ္စတန် နိုင်ငံ မှာ အဆင့် ၂၊ မြန်မာ အဆင့် ၃၊ ကမ္ဘောဒီးယား အဆင့် ၄၊ အိန္ဒိယ အဆင့် ၅၊ ဗီယက်နမ် အဆင့် ၆၊ နီပေါ အဆင့် ၇၊ သီရိလင်္ကာ အဆင့် ၈၊ ဖိလစ်ပိုင် အဆင့် ၉၊ ထိုင်း အဆင့် ၁၀၊ တရုတ် အဆင့် ၁၁၊ တောင်ကိုရီးယား အဆင့် ၁၂၊ အင်ဒိုနီးရှား အဆင့် ၁၃၊ မွန်ဂိုလီးယား အဆင့် ၁၄၊ ဘင်္ဂလားဒေ့ရှ် အဆင့် ၁၅၊ မလေးရှား အဆင့် ၁၇ တို့ဖြစ်ကြောင်း အစီအရင်ခံစာက ဖော်ပြသည်။ 

မြန်မာနိုင်ငံတွင် တနှစ်ထက် တနှစ် မသန်စွမ်းဦးရေ ပိုများလာသဖြင့် မိုင်းအန္တရာယ် ကင်းရှင်းရန် အတွက် မိုင်း အန္တရာယ် အသိပညာပေးမှု လုပ်ငန်းများကို ၂၀၁၂ ခုနှစ်မှစတင်၍ လူကယ်ပြန် ဝန်ကြီးဌာနမှ ဦးစီးပြီး သက်ဆိုင်သည့် ဝန်ကြီးဌာနများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မိုင်းအန္တရာယ် အသိပညာပေး လုပ်ငန်းများကို လုပ်ကိုင် လျက် ရှိကြောင်း ဦးဝင်းနိုင်ထွန်းက ပြောသည်။ 

“အာဏာပိုင်အဖွဲ့ ဖွဲ့ဖို့က ကျနော်တို့က အခုဟာ ပထမဆုံးခြေလှမ်းပဲ ရှိပါသေးတယ်။ ဘယ်အချိန်မှာ ဖွဲ့နိုင်မလဲ ဆိုတာ တော့ မသိနိုင်သေးဘူး။ အခုက စတင်ဖွဲ့စည်းနိုင်ဖို့ အလုပ်ရုံဆွေးနွေးပွဲကနေ ရလဒ်တွေပေါ်မူတည်ပြီး ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်”ဟု ပြန်လည် ထူထောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဉာဏ်မြင့်အောင်က ပြောပြသည်။

မိုင်းကင်းစင်ရေး အာဏာပိုင်အဖွဲ့ ဖွဲ့စည်း တည်ထောင်နိုင်ခြင်း အားဖြင့် မြန်မာနိုင်ငံရှိ ပြည်သူများ အနေဖြင့် မိုင်း အန္တရာယ် ခံစားရမှု လျော့နည်းလာမည် ဖြစ်ကြောင်း၊ မိုင်းထိ ဒဏ်ရာရရှိသူများကို ထောက်ပံ့မှု အပိုင်းတွင်လည်း ပိုမို ထောက်ပံ့နိုင်မည် ဖြစ်ကြောင်း ထိုသို့ မိုင်းထိ ဒဏ်ရာ ရမှုလျော့နည်းလာပါက စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍ များ တိုးတက်လာမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

You may also like these stories:

အာရှ မြေမြှုပ်မိုင်း အသုံးပြုမှု မြန်မာ အဆင့် ၃ ရှိ

အမ်းမြို့နယ်တွင် တပ်မတော်ယာဉ်တန်းကို မိုင်းထောင်တိုက်ခိုက်

မိုင်းအန္တရာယ်ကြောင့် ထိခိုက် သေဆုံးမှု တနှစ်ထက် တနှစ် ပိုများလာ

မွန်နှင့် ကရင် ငြိမ်းချမ်းရေး သဘောတူညီမှုအပြီး နောက်နေ့တိုက်ပွဲ ပြန်ဖြစ်

Did you find apk for android? You can find new Free Android Games and apps.
Loading