မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) သည် ရှမ်းပြည်မြောက်ပိုင်း ပဋိပက္ခအတွင်း စစ်ရာဇဝတ်မှုမြောက်သော လုပ်ရပ်များကို ကျူးလွန်နေကြောင်း ပြီးခဲ့သည့်အပတ်က ထုတ်ပြန်သည့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင်အဖွဲ့ (AI) အစီရင်ခံစာသစ်က စွပ်စွဲလိုက်သည်။
ထိုအစီရင်ခံစာသည် အငြင်းပွားဖွယ်ရာ ဖမ်းဆီးထိန်းသိမ်းမှု၊ ညှဉ်းပမ်းနှိပ်စက်မှု၊ အတင်းအကျပ် လုပ်အားခိုင်းစေမှု၊ အရပ်ဖက်နေရာများကို ပစ်မှတ်ထားခြင်း စသည့် အထောက်အထားများကို ဖော်ပြသည်။
အတိတ်ကပြစ်မှုများအတွက် မြန်မာ့တပ်မတော်က ကျူးလွန်သူများကို အရေးယူရန်နှင့် လက်ရှိဖြစ်ပေါ်နေသော လူ့အခွင့်အရေးချိုးဖောက်မှုများကို တားဆီးရန်အတွက် မြန်မာနိုင်ငံမှ ပဋိပက္ခကို နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) သို့လွှဲပြောင်းပေးရန် AI က ထိုအစီရင်ခံစာတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအား တိုက်တွန်းသည်။
“မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အထိ စစ်ရာဇဝတ်မှုတွေ အတွက် တာဝန်ရှိသူတွေဟာ တရားဥပဒေကို ရင်ဆိုင်သင့်တယ်” ဟု AI မှ အရှေ့နှင့် အရှေ့တောင်အာရှဆိုင်ရာ ဒါရိုက်တာ နစ်ကိုလပ်စ် ဘီကွီလင်က ပြောသည်။
“တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက တိုက်ခိုက်ရေးသမားတွေနဲ့ တပ်မှူးတွေကိုလည်း စစ်ဆေးပြီး စစ်ရာဇဝတ်မှုအတွက် အရေးယူသင့်တယ်” ဟုလည်း သူက ပြောသည်။
လွန်ခဲ့သော မတ်လက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်ဖြစ်သည်ဟု စွပ်စွဲပြီး အဝတ်တပိုင်းသာ ဝတ်ဆင်စေကာ စောင့်ကြောင့်ထိုင်ပြီး လက်ပစ်ဗုံးကို ပါးစပ်တွင် ကိုက်ထားခိုင်းကြောင်း အသက် ၃၅ နှစ်အရွယ် ကချင်တံငါသည်တဦးက သုတေသီများကို ပြောသည်။ ထို့နောက် စစ်သားများက သူ့ကို KIA တပ်ဖွဲ့ဝင်လားဟု မေးသောကြောင့် သူက ငြင်းဆိုလိုက်သည်။
“သူတို့က ကျနော့်ကို စတင်ထိုးကြကန်ကြတယ်။ အဝတ်တွေအတင်းချွတ်ခိုင်းပြီး လည်ပင်းကိုဓားနဲ့ ထောက်ထားတယ်။ ပါးစပ်မှာ လက်ပစ်ဗုံးကို ကိုက်ထားခိုင်းတယ်။ ကျနော်လှုပ်လိုက်ရင် ထပေါက်ကွဲများကို ကြောက်နေရတယ်” ဟု သူက ပြောသည်။
၂၀၁၈ ခုနှစ်က AI အစီရင်ခံစာတွင် တပ်မတော် ထိပ်တန်းခေါင်းဆောင်များနှင့် ဗိုလ်ချုပ်များအပါအဝင် လူ ၁၃ ဦးကို လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု မြောက်စေသော အထောက်အထားများကို မှတ်တမ်းတင်ထားသည်။
အစီရင်ခံစာသည် မတ်လနှင့် သြဂုတ်လက တွေ့ဆုံမေးမြန်းမှု ၈၈ ခုနှင့် ကချင်၊ လီဆူး၊ ရှမ်းနှင့် တအာင်းအရပ်သားများအပါအဝင် တိုင်းရင်းသားများကိုကျူးလွန်သော ရာဇဝတ်မှုမှတ်တမ်းများ အပါအဝင် သုတေသနခရီးများကို အခြေခံသည်။
တပ်မတော်ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ထို အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များကို ဝေဖန်ပြောကြားရန် ငြင်းဆန်သည်။
“သူတို့က အမြဲတမ်းပဲ ကျနော်တို့ကို စွပ်စွဲနေတာ။ ဒီကိစ္စအတွက် အထူးပြောစရာမရှိဘူး” ဟု ဧရာဝတီသတင်းဌာနသို့ သူက ပြောသည်။
“ကျနော်တို့က စစ်ဆင်ရေးလုပ်တဲ့အခါ ထိတွေ့မှု စည်းမျဉ်းတွေကို လိုက်နာတယ်” ဟုလည်း သူက ပြောသည်။
ထိုအစီရင်ခံစာသည် လူ့အခွင့်အရေးပြဿနာများကို ကိုင်တွယ်ရန် တပ်မတော်၏ အားထုတ်မှုများကို ဖော်ပြရန် ပျက်ကွက်ကြောင်းလည်း သူက ပြောသည်။
“ကျနော်တို့က ကျနော့် တပ်တွေကို လက်နက်ကိုင်ပဋိပက္ခ စည်းမျဉ်းတွေကိုလိုက်နာပြီး လူ့အခွင့်အရေး မချိုးဖောက်အောင် အကြီးအကျယ် ပညာပေးနေတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျနော်တို့ ခွင့်မလွှတ်ဘူး။ အရေးယူတယ်။ ဘယ်လိုအရေးယူတယ်ဆိုတာ ကြေညာတယ်။ သူတို့ အစီရင်ခံစာက ဒါတွေကို လျှစ်လျှူရှုပြီး တဖက်သတ်ထုတ်ပြန်တာ။ သူတို့သမာသမတ်မကျဘူး” ဟုလည်း သူက ပြောသည်။
AI အစီရင်ခံစာက မှတ်တမ်းတင်ခဲ့သည့် စစ်ရာဇဝတ်မှု စွပ်စွဲချက်အများစုသည် ဒီဇင်ဘာလတွင် ကြေညာခဲ့သည့် တပ်မတော်၏ တဖက်သတ်အပစ်အခတ်ရပ်စဲသည့် ကာလအတွင်း ဖြစ်ပွားသော အမှုများဖြစ်သည်။
“တပ်မတော်ပါဝင်ပတ်သက်သော တိုက်ခိုက်မှု လျော့နည်းသွားပုံ ရသော်လည်း မြန်မာစစ်သားများသည် တိုင်းရင်းသား အရပ်သားများအပေါ် ပြင်းထန်သော ချိုးဖောက်မှုများ ဆက်လက်ကျူးလွန်ကြသည်” ဟု အစီရင်ခံစာကဆိုသည်။
ထိုအစီရင်ခံစာမှ အထောက်အထားများက အမှတ် ၉၉ ခြေမြန်တပ်မကို စစ်ရာဇဝတ်မှုများဖြင့် စွပ်စွဲပြီး ထိုတပ်ဖွဲ့သည် ရှမ်း၊ ကချင်နှင့် ရခိုင်ပြည်နယ်များတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ရှိကြောင်း AI နှင့်အခြားအဖွဲ့များကဆိုသည်။ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့နှင့် အခြားသူများကလည်း ထိုတပ်ဖွဲ့၏ ရိုဟင်ဂျာများအပေါ် ကျူးလွန်သော ရာဇဝတ်မှု အထောက်အထားများကို စုဆောင်းထားသည်။
အစီရင်ခံစာတွင် စွပ်စွဲခံရသည့် အဖွဲ့များအနက်တခုဖြစ်သော တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ဗိုလ်မှူးချုပ် တာဘုန်းကျော်က မြန်မာတပ်မတော်သည် တအာင်းဒေသများတွင် အရပ်သားများကို သတ်ဖြတ်ခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခြင်နှင့် ပေါ်တာအဖြစ် အတင်းအကျပ်စေခိုင်းခြင်း အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှု အများအပြားကျူးလွန်ကြောင်း ဧရာဝတီသို့ပြောသည်။
“မြန်မာစစ်တပ်က အမြောက်ပစ်တဲ့အခါ အရပ်သားတွေကို ပစ်မှတ်ထားတယ်။ သူတို့လုပ်ရပ်တွေက စစ်ရာဇဝတ်မှုပဲ” ဟု ဧရာဝတီသို့သူက ပြောသည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်သည့် ထိုအဖွဲ့၏ လုပ်ငန်းများကို ထောက်ခံကြောင်းလည်း သူက ပြောသည်။
“AI အနေနဲ့ ပိုမိုပြည့်စုံတဲ့ အစီရင်ခံစာရအောင် ကျနော်တို့ဒေသမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပိုမိုအသေးစိတ် စုဆောင်းသင့်တယ်။ ကျနော်တို့ဒေသမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အရမ်းများတယ်။ ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်က ဘယ်လိုလူ့အခွင့်အရေး ချိုးဖောက်လဲ ဆိုတာကို သိဖို့ ရခိုင်တွေနဲ့လည်း သူတို့စကားပြောသင့်တယ်” ဟုလည်း သူက ပြောသည်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA), ရှမ်းပြည်တပ်မတော် – မြောက်ပိုင်း (SSA-N), ရှမ်းပြည်တပ်မတော် – တောင်ပိုင်း (SSA-S) နှင့် TNLA တို့ကျူးလွန်သည့် အငြင်းပွားဖွယ်ရာ ဖမ်းဆီးမှုများနှင့် ညှဉ်းပမ်းနှိပ်စက်မှုများကိုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
တိုင်းရင်းသား လက်နက်ကိုင်များသည် ၎င်းတို့ထံမှ အစားအစာနှင့် ငွေကြေး အတင်းအကျပ် တောင်းခံကြောင်း ဒေသခံများက သုတေသီများကိုပြောသည်။
“ကျနော်တို့ရဲ့ အောက်ခြေတပ်ဖွဲ့ဝင်တချို့အနေနဲ့ သူတို့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်ပြီး တိုက်ပွဲအတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်ကောင်းကျူးလွန်နိုင်တယ်” ဟု ဗိုလ်မှူချုပ်တာဘုန်းကျော်က ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့က တတ်နိုင်သမျှကြိုးစားပြီး အောက်ခြေတပ်ဖွဲ့တွေ လူ့အခွင့်အရေး မချိုးဖောက်ဖို့ပြောတယ်။ ကျနော်တို့မှာလည်း စစ်စည်းကမ်းရှိပြီး အဲဒါကို ကျနော်တို့စစ်သားတွေ လိုက်နာရတယ်။ ကျနော်တို့က ကျနော်တို့စစ်သားတွေကို ရိက္ခာထောက်ပံ့ထားလို့ ပြည်သူတွေ ဆီက မတောင်းဖို့ မှာထားတယ်” ဟုလည်း သူက ရှင်းပြသည်။
(Skylar Lindsay ၏ New Amnesty Report Says Myanmar Military, EAOs Committing War Crimes in Shan ကို ဘာသာပြန်သည်။)
၂၀၁၉ ခုနှစ် အတွင်း မိုင်းကြောင့် သေဆုံးသူ ၄၀ ကျော်၊ ဒဏ်ရာရရှိသူ ၁၆၀ ကျော်ရှိဟု ဆို
ရခိုင်တိုက်ပွဲကြား ဘဝရပ်တည်ရေး ခက်ခဲနေသော ချင်းတိုင်းရင်းသားများ
ကွတ်ခိုင်က မအီဘူး နှင့် တဲအိမ်ကလေး