သတင်း

နိုင်ငံတော်အတိုင်ပင်ခံ၊ တပ်ချုပ်တို့နှင့် တွေ့ဆုံခြင်းက ငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်ကြောင်း KNU ပြော

Want create site? Find Free WordPress Themes and plugins.

ကရင်အမျိုးသားအစည်းအရုံး (KNU) က ၎င်းတို့ဥက္ကဌနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော ကာကွယ်ရေးဦးစီးချုပ်တို့နှင့် ယခုအပတ်အတွင်း နေပြည်တော်၌ သီးခြား တွေ့ဆုံမှုများသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှေ့ဆက်နိုင်ရေးအတွက် အထောက်အကူပြုသည်ဟု ပြောဆိုသည်။

KNU ဥက္ကဌ စောမူတူးစေးဖိုးက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် အောက်တိုဘာ ၂၈ ရက်က တွေ့ဆုံပြီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် အောက်တိုဘာ ၂၉ ရက်နေ့က တွေ့ဆုံခဲ့သည်။

KNU ခေါင်းဆောင်များ၏ အစိုးရနှင့် တပ်မတော်ခေါင်းဆောင်များနှင့် တွေ့ဆုံမှုမှသည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖေါ်ဆောင်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) တွင် KNU ပါဝင်မည်၊ မပါဝင်မည်ကို ဆုံးဖြတ်ချက် ချနိုင်ရေးအတွက် အရေးပါသည်ဟု သိရသည်။ JICM သည် တရားဝင်ငြ်ိမ်းချမ်းရေးလုပ်ငန်းစဉ် လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးအတွက် အရေးကြီးသော ညှိနှိုင်းမှု ဖြစ်သည်။

ထိုတွေ့ဆုံမှုများသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှေ့ဆက်နိုင်ရေး အထောက်အကူ ပြုသည်ဟု ဆိုခြင်းမှာ ပစ်ခိုက်တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာရေးအတွက် ထိုပုဂ္ဂိုလ်များက ပါဝင်ပတ်သက်သူ အသီးသီးအား လမ်းညွှန်မှုပေးနိုင်သည့်အတွက်ကြောင့်ဟု KNU တွဲဖက်အတွင်းရေးမှူး (၂) ဖဒို စောလှထွန်းက ဧရာဝတီ သတင်းဌာနသို့ပြောသည်။

လက်ရှိရှိနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ ရှေ့ဆက်နိုင်ရေးအတွက် JICM ကို မကြာမီကျင်းပရန် လိုအပ်ကြောင်းကို KNU အနေဖြင့်လည်း သဘောတူပြီး၊ ထိုကိစ္စအတွက် နှစ်ဖက်ဆက်သွယ်ညှိနှိုင်းပြီး လာမည့်လအတွင်း ကျင်းပသွားနိုင်ရန် ညှိနှိုင်းမည်ဖြစ်ကြောင်း ဖဒိုစောလှထွန်းက ပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဆွေးနွေးပွဲအတွင်း KNU ခေါင်းဆောင်များသည် “ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးနှင့် မြေပြင်တပ်များ ထပ်မံထိတွေ့မှု မဖြစ်စေရေး အပါအဝင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာကိစ္စတွေကို ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ဆွေးနွေးပါတယ်။ တပ်ပိုင်းဆိုင်ရာ အသေးစိတ်ညှိရမှာတွေကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်ကို တာဝန်ပေးအပ်ထားတာကြောင့် သူနဲ့ အသေးစိတ် ထပ်ပြီး ဆက်ဆွေးနွေးရမယ်” ဟု ဖဒိုစောလှထွန်းက ဆိုသည်။ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ်စဲရေး ပူးတွဲစောင့်ကြည်ရေးကော်မတီ JMC ဥက္ကဌ ဖြစ်သလို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ညှိနှိုင်းရသည့် တပ်မတော်ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင်လည်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် KNU ဥက္ကဌ စောမူတူးစေးဖိုးတို့ တွေ့ဆုံမှုအပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ငြိမ်းချမ်းရေးကိစ္စများကို ဆွေးနွေးကြသည်ဟု သတင်းထုတ်ပြန်သည်။

တပ်ချုပ်နှင့် KNU ဥက္ကဌ တို့သည် ယခင်ကလည်း ပုဂ္ဂိုလ်ရေးရင်းနှီးမှုအဖြစ် တွေ့ဆုံလေ့ ရှိပြီး မေလကလည်း ရန်ကုန်၌ ၎င်းတို့နှစ်ဦး အလွတ်သဘော တွေ့ဆုံကာ ယုံကြည်မှု တည်ဆောက်သည့် တွေ့ဆုံမှုအဖြစ် ပြောဆိုခဲ့ကြသည်။ ထိုနောက်ပိုင်းတွင်မှ အလွတ်သဘော ဆွေးနွေးပွဲများ ပြန်လည်စတင်လာနိုင်ခဲ့သည်။

KNU ဥက္ကဌက နေပြည်တော်တွင် ကျင်းပသည့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း လေးနှစ်ပြည့် အခမ်းအနားတက်ရောက်ပြီးနောက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဌ လည်းဖြစ်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သီးသန့်တွေ့ဆုံခဲ့သည်။

၂၀၁၅ ခုနှစ်က KNU အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) ရှစ်ဖွဲ့၊ အစိုးရနှင့် တပ်မတော်တို့ NCA ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက်တွင် နှစ်စဉ် အောက်တိုဘာ ၁၅ ရက်နေ့တိုင်း NCA နှစ်ပတ်လည်အခမ်းအနားကို ကျင်းပခဲ့သော်လည်း ယခုနှစ်တွင်မူ အောက်တိုဘာလ ၂၈ ရက်နေ့အထိ ရွှေ့ကာ နောက်ကျ ကျင်းပခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် KNU ခေါင်းဆောင်များ၏ အစည်းအဝေးအတွင်း လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွင်ကြုံတွေ့နေရသည့် အခက်အခဲများ ကျော်လွှားနိုင်ရေးကိစ္စ၊ NCA အကောင်အထည်ဖေါ်ဆိုင်ရာ မူဘောင်သဘောတူညီချက်များရယူရေးကိစ္စ၊ ၂၀၂၀ ရွေးကောက်ပွဲများအလွန် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအပေါ် သဘောတူညီချက်ရယူရေးကိစ္စ၊ JICM ကျင်းပနိုင်ရေးကိစ္စ၊ NCA လေးနှစ်ပြည့်အခမ်းအနားသို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) မလာရောက်နိုင်သည့်ကိစ္စနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အစီအစဉ်များ ကိစ္စ စသည်တို့ကို ဆွေးနွေးကြသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်သည်။

နိုင်ငံတော်အတိုင်ပင်ခံနှင့်တွေ့ဆုံစဉ်အတွင်း KNU သည် မရေရာဖြစ်နေသော သို့လော သို့လော အကြောင်းအရာများကို ရှင်းလင်းနိုင်ခဲ့ပြီး ထိုသို့ဆွေးနွေးနိုင်သောကြောင့် အနာဂါတ်ငြ်ိမ်းချမ်းရေးလုပ်ငန်းစဉ်အကောင်အထည်ဖေါ်ရေးအတွက် အထောက်အကူပြုသည်ဟု ဖဒို စောလှထွန်း ပြောသည်။

“ကျနော်တို့ သိထားသလောက်တော့ လောလောဆယ်မှာတော့ KNU အနေနဲ့ JICM တက်ဖို့ မတက်ဖို့ဆိုတဲ့ ကိစ္စက ဒီအစည်းအဝေး နှစ်ခုစလုံးအပေါ်မှာ မူတည်ပြီး ဆုံးဖြတ်မယ်ဆိုတဲ့ မူရှိတော့ ဒီအစည်းအဝေး ရလဒ်ပေါ်မူတည်တယ်” ဟု မြန်မာ ငြိမ်းချမ်းကော်မရှင် အကြံပေးတစ်ဦးဖြစ်သူ၊ Myanmar Institute for Peace and Security မှ ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံနှင့် တပ်ချုပ်တို့နှင့် သီးခြားစီတွေ့ဆုံစဉ်အတွင်း KNU ခေါင်းဆောင်များ အနေဖြင့် သဘောတူညီချက်အချို့ ရနိုင်ကြောင်းသူက သုံးသပ်သည်။ ၎င်းတို့သည် KNU က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အကျပ်အတည်းများ ကျော်လွှားနိုင်ရေးအတွက် ဆွေးနွေးရန် နိုင်ငံတော်အတိုင်ပင်ခံနှင့် တပ်မတော်အကြီးအကဲနှင့် တွေ့ဆုံလိုခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှေ့ဆက်ရေးအတွက် စေ့စပ်ညှိနှိုင်းသူများ ကြိုးပမ်းနေချိန်တွင် ထိုကဲ့သို့သော တွေ့ဆုံမှုများသည် ကောင်းမွန်သောလက္ခဏာဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးရရန်နှင့် နိုင်ငံရေးဆွေးနွေးမှုများအတွက် အထောက်အကူပြုကြောင်း နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများ တစိုက်မတ်မတ် လေ့လာနေသူ ရှမ်းပြည်နယ် သီပေါမြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက ပြောသည်။

NCA လက်မှတ်ရေးထိုးထားသော EAOs များသည် နှစ်ပတ်လည်အခမ်းအနားအပြီး ရှစ်ကြိမ်မြောက် JICM ကျင်းပရန် စီစဉ်ထားသော်လည်း၊ RCSS မလာရောက်နိုင်သောကြောင့် ထိုအစည်းအဝေးကို ဆိုင်းငံ့ခဲ့ရသည်။

ဗိုလ်ချုပ်ကြီး ယွက်စစ်ခေါင်းဆောင်သော RCSS ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ ရှမ်းပြည်နယ်မှ ကုန်းလမ်းကြောင်းအတိုင်း လာရောက်မည့်အစီအစဉ်ကို အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က တားမြစ်ခဲ့သည့်အတွက် အခမ်းအနားတက်ရောက်မည့် အစီအစဉ်ကို ဖျက်သိမ်းခဲ့သည်။

JICM မကျင်းပနိုင်သေးသော်လည်း အခြား အပစ်ရပ် EAOs များပါဝင်ပြီး JICM အကြိုဆွေးနွေးပွဲများကို အောက်တိုဘာ ၂၅ ရက်ကအထိ ပြုလုပ်ခဲ့ကြပြီး အနည်းဆုံး အချက် ၈ ချက်အထိ ဆွေးနွေးရန် ပြင်ဆင်ထားသည်ဟု သိရသည်။

KNU ကိုယ်စားလှယ်များသည် JICM အကြိုအစည်းအဝေးများတွင် ပါဝင်ခြင်းမရှိသောကြောင့် နိုင်ငံတော်အတိုင်ပင်ခံနှင့် တပ်မတော်အကြီးအကဲတို့နှင့်တွေ့ဆုံခြင်းသည် ယုံကြည်မှုတည်ဆောက်ရာတွင် အထောက်အကူပြုနိုင်ကြောင်း ဒေါက်တာမင်းဇော်ဦးက ဆိုသည်။

( Nyein Nyein ၏ KNU Says Meetings With Myanmar State Counselor, Army Chief Positive for Peace Process  ကို ဘာသာပြန်သည်။)

NCA စာချုပ်အပေါ် တိုင်းရင်းသား အဖွဲ့များ မျှော်လင့်ချက် ရှိနေဆဲ ဟုဆို

အစိုးရ၏ ရှေ့ဆက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဒေါ်အောင်ဆန်းစုကြည် အသိပေး

ဒီတိုင်းပြည်ရဲ့ ပြဿနာကို စစ်ရေးနဲ့ ဖြေရှင်းဖို့ နောက်ထပ် မကြိုးစားပါနဲ့တော့

Did you find apk for android? You can find new Free Android Games and apps.
Loading