တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ညီနောင်မဟာမိတ်ကို ဆက်လက်ထိုးစစ်ဆင်ပြီး တန်ပြန်တိုက်ခိုက်ရန် ဖိအားပေးလျှင် အကျိုးဆက်များကို တပ်မတော်တခုတည်းကသာ တာဝန်ယူရမည်ဖြစ်ကြောင်း ထိုအဖွဲ့က အင်္ဂါနေ့က ထုတ်ပြန်ကြေညာလိုက်သည်။
ရက္ခိုင့်တပ်မတော် (AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မြန်မာအမျိုးသာ ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ပါဝင်သော ညီနောင်မဟာမိတ်အဖွဲ့သည် အောက်တိုဘာလ ၂၉ ရက်နေ့က ကြေညာချက်တစောင် ထုတ်ပြန်ပြီးနောက် “တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ဒေသများတွင် ၎င်းတို့၏ ထိုးစစ်များကို ရပ်ရန်နှင့် ယုံကြည်မှုတည်ဆောက်ရန်အတွက် စစ်မှန်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပရန်” တောင်းဆိုခဲ့သည်။
မြန်မာ့တပ်မတော်သည် ၎င်းတို့ သုံးဖွဲ့အပေါ် လက်ရှိဆောင်ရွက်နေသော ထိုးစစ်များကို မရပ်ပါက “မြန်မာ့တပ်မတော်သည် ၎င်း၏ထိုးစစ်ကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်များအတွက် တဦးတည်းသော တာဝန်ရှိသူဖြစ်မည်ဟုသည့် မိမိတို့၏ ခံယူချက်ကို မိမိတို့ ထပ်လောင်း အတည်ပြုပြောကြားသည်” ဟု ထို မဟာမိတ်အဖွဲ့က ဆိုသည်။
မြန်မာတပ်မတော်သည် ရေကြောင်း၊ ရဟတ်ယာဉ်များနှင့် မြေပြင်တပ်များသုံးပြီး AA နှင့် TNLA ကို တိုက်ခိုက်နေပြီး ရခိုင်ပြည်နယ်တွင် နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ထိုကြေညာချက်အရ သိရသည်။
“သူတို့ရဲ့လုပ်ရပ်တွေက လူမျိုးရေးအမုန်းအပေါ် မူတည်ပြီး အမြောက်တွေ၊ စက်သေနတ်တွေကို နေ့ရောညပါသုံးနေလို့ အိမ်တွေ၊ ကျောင်းတွေ၊ ဘာသာရေး အဆောက်အအုံတွေ မီးလောင်ပြီး ပြည်သူတွေကို အငြင်းပွားဖွယ်ရာ ဖမ်းဆီးနှိပ်စက်တာတွေလည်း ရှိနေတယ်” ဟုလည်း ဖော်ပြထားသည်။
ထိုကြေညာချက်ကို တုန့်ပြန်သောအားဖြင့် မြန်မာ့တပ်မတော် ပြောခွင့်ရသူ ဗိုလ်မှူးချု ပ် ဇော်မင်းထွန်းက ဧရာဝတီသို့ ဗုဒ္ဓဟူးနေ့တွင် အောက်ပါအတိုင်းပြောသည်။
“ကျနော်တို့က သူတို့နယ်မြေထဲကို တခါမှ အမြောက်နဲ့မပစ်သလို ရဟတ်ယာဉ်လည်း မသုံးဘူး။ သူတို့က အပစ်အခတ်ရပ်စဲတယ် ကြေညာပြီး သိန္နီမှာ ကျနော်တို့ကိုတောင် လာတိုက်တယ်။ အဲဒီမြို့က သူတို့ထိန်းချုပ်ဒေသထဲမှာ ပါလို့လားလို့ ကျနော် သူတို့ကို မေးချင်တယ်။ နောက်တခါကျတော့ ကွတ်ခိုင်မှာ။ သူတို့ လာပြီး ဆက်ကြေးကောက်တာကို ကျနော်တို့ကြားတော့ ကျနော်တို့တပ်တွေက တိုက်ဖို့ သွားတယ်။ နောက်တခါ နမ်ဆန်ဘုရားမှာ သူတို့က စခန်းချထားတာ။ ကျနော်တို့ တပ်တွေက သူတို့ကိုတိုက်တယ်။ အရပ်သားတွေကို တိုက်တာ မဟုတ်ဘူး။ ကျနော်တို့နယ်မြေထဲမှာ လာစခန်းချတာ။ အဲဒါ သူတို့ထိန်းချုပ်ဒေသမဟုတ်ဘူး” ဟု သူက ပြောသည်။
ညီနောင်မဟာမိတ်အဖွဲ့သည် နှစ်ကုန်အထိ တဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း အစောပိုင်းက ကြေညာထားသည်။ သို့သော် ၎င်းတို့၏ ကြေညာချက်တွင်မူ မြန်မာ့တပ်မတော်သည် အခြေအနေကို အခွင့်ကောင်းယူပြီး ရခိုင်၊ တအာင်းနှင့် ကိုးကန့်ဒေသ များကို ထိုးစစ်အရှိန်မြှင့်တင်နေသည်ဟု စွပ်စွဲထားသည်။
“မိမိတို့သည် ခုခံသည့်အနေဖြင့် တဖွဲ့ခြင်းဖြစ်စေ၊ စုပေါင်းဖြစ်စေ တန်ပြန်တိုက်ခိုက်ရသည်။ တပ်မတော်၏ ထိုသို့သော လုပ်ရပ်များသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်စေပြီး သက်ဆိုင်ရာအဖွဲ့များကြား ရရှိပြီးသော ယုံကြည်မှုကို ထိခိုက်စေသည်” ဟုလည်း ထိုကြေညာချက်က ဆိုသည်။
NRPC နှင့် ညီနောင်မဟာမိတ်များနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ ပါဝင်ဖွဲ့စည်းထားသည့် မြောက်ပိုင်းမဟာမိတ်တို့သည် နောက်ဆုံးတွင် နှစ်ဖက် အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်များ လက်မှတ်ရေးထိုးရေး အတွက်ရည်ရွယ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် ကျိုင်းတုံတွင် နှစ်ကြိမ်တွေ့ဆုံခဲ့သည်။
စက်တင်ဘာလက ကျိုင်းတုံတွင် တွေ့ဆုံသည့် နောက်ဆုံး ဆွေးနွေးပွဲတွင် အောက်တိုဘာလတွင် နှစ်ဖက်ထပ်မံတွေ့ဆုံရန် သဘောတူခဲ့သည်။ သို့သော် NRPC က ၎င်းတို့အရာရှိများ အလုပ်များနေသည်ဟု အကြောင်းပြကာ ထိုဆွေးနွေးပွဲများကို ဆိုင်းငံ့ခဲ့သည်။
“သူတို့ဘက်က တိုက်ခိုက်မှုလျှော့ချနိုင်ရင် ညှိနှိုင်းမှုအောင်မြင်မယ်လို့ မျှော်လင့်တယ်။ ဒါပေမယ့် သူတို့က ကျနော်တို့ကို ဆက်တိုက်ရင်တော့ အနာဂတ် ငြိမ်းချမ်းရေး ညှိနှိုင်းမှုတွေကို ခြိမ်းခြောက်နေတယ်” ဟု TNLA မှ ဗိုလ်မှူးချုပ် တာဖုန်းကျော်က ပြောသည်။
စက်တင်ဘာလက ရှမ်းပြည်နယ် ကျိုင်းတုံတွင်ကျင်းပသည့် ဆွေးနွေးပွဲမှစတင်ပြီး တပ်မတော်၏ တိုက်ခိုက်မှုကြောင့် TNLA သည် ကွတ်ခိုင်ရှိ စစ်စခန်များမှ ဆုတ်ခွာရန် အတင်းအကျပ် လုပ်ခံရကြောင်း ဗိုလ်မှူးချုပ်တာဖုန်းကျော်က ပြောသည်။
၎င်းတို့၏ သတိပေးချက်ကို လျှစ်လျှူရှုပြီး တပ်မတော်က ဆက်လက်တ်ိုက်ခိုက်ပါက မည်သို့တုန့်ပြန်မည်ကို ပြောရန် စောသေးကြောင်း သူက ပြောသည်။ တပ်မတော်၏လုပ်ရပ်များကို ညီနောင်မဟာမိတ်များက ဦးစွာစောင့်ကြည့်နေမည် ဖြစ်ကြောင်း သူက ပြောသည်။
အနီးတွင်တိုက်ပွဲများဖြစ်ပွားပါက အရပ်သားများအနေဖြင့် လုံခြုံသော နေရာများတွင် နေရန် သူက သတိပေးသည်။
“လူတွေ ခရီးသွားရင် အဲဒီဒေသမှာ တိုက်ပွဲဖြစ်မဖြစ် အရင် သတင်းနားထောင်ဖို့ သူတို့ကို ကျနော်တို့ ပြောထားတယ်” ဟု သူက ပြောသည်။
You may also like these stories:
ဒီတိုင်းပြည်ရဲ့ ပြဿနာကို စစ်ရေးနဲ့ ဖြေရှင်းဖို့ နောက်ထပ် မကြိုးစားပါနဲ့တော့