ရှမ်းပြည်နယ် မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် ကာလိုင်အုပ်စုမှ လွယ်ကျော့ ကျောင်းထိုင်ဆရာတော် ဖြစ်သူ ဦးဝဏ္ဍိတ သည် တပ်မတော်သားများ၏ ရိုက်နှက်မှု ခံရသဖြင့် ကွတ်ခိုင်မြို့နယ် ဆေးရုံသို့ တက်ရောက် ကုသနေရကြောင်း သိရသည်။
အောက်တိုဘာလ ၂၈ ရက်က ၎င်း၏ ကျောင်းသို့ တပ်မတော်သားများ ရောက်ရှိလာပြီး လက်နက်ကိုင်အဖွဲ့နှင့် ဆက်စပ်မှု ရှိသည်ဟု စွပ်စွဲကာ ရိုက်နှက်ခံခဲ့ရကြောင်း၊ နည်းမျိုးစုံဖြင့် နှိပ်စက်ခံခဲ့ရပြီး အောက်တိုဘာလ ၂၉ ရက်တွင် ပြန်လွှတ်ပေးခဲ့ သည်ဟု ဆရာတော် ဦးဝဏ္ဍိတက ဧရာဝတီသို့ မိန့်သည်။
ဦးဝဏ္ဍိတက “အခု ဦးပဉ္ဇင်းက ၂၉ ရက် ညနေလောက်မှာ ဆေးရုံ ရောက်လာတယ်။ ဆေးတော့ ကုနေတယ်။ သူတို့က ရင် ဘတ်မှာ ရိုက်ထားတယ် ဆိုတော့ နာတယ်။ ချောင်းဆိုးရင် တအား နာတယ်။ သူတု့ိက ၂ ယောက် ၃ ယောက် ဝိုင်းထိုးတဲ့ နေရာပဲ။ အဲဒီနေရာပဲ နာတယ်၊ ရင်ဘတ်မှာ။ ကျောကုန်းမှာတော့ သူတို့ ခါးပတ်နဲ့ ရိုက်တယ်” ဟု မိန့်ကြားသည်။
ကွတ်ခိုင်မြို့နယ် ဆေးရုံသို့ တပ်မတော် ဗျူဟာရုံးမှ အရာရှိများ ရောက်ရှိလာ၍ လူနာလာမေးပြီး ၎င်းတို့ ပြောပြသည်မှာ တောင်တန်း ဥက္ကဋ္ဌ ဆရာတော်နှင့် တိုင်ပင်ပြီး ဖြစ်ကြောင်း၊ လိုအပ်သည့် ကိစ္စများကို တဖက်နှင့်တဖက် ညှိနှိုင်းပြီးပြီဟု ပြောဆိုလာသည်ဟု ဆရာတော်က ဆက်လက် မိန့်ကြားသည်။
“ဦးပဉ္ဇင်းကိုတော့ သူတို့ မေးတယ်။ ကျေနပ်လား၊ သူတို့ ညှိထားတဲ့ ဟာတွေ။ ဦးပဉ္ဇင်း ပြန်ပြောတာက ကျေနပ်ပါတယ်။ ဦးပဉ္ဇင်းဘက်က မကျေနပ်ရင် အရေးယူပေးမယ်တဲ့။ ကျေနပ်တဲ့ကိစ္စက ဆေးရုံဆင်းမှ ဆရာတော်(တောင်တန်း ဥက္ကဋ္ဌ)ဆီ သွားပြီး တိုင်ပင်မယ်။ အဲဒီအခါကျမှ ဆုံးဖြတ်မယ်” ဟု လွယ်ကျော့ ကျောင်းထိုင် ဆရာတော် ဦးဝဏ္ဍိတက မိန့်သည်။
ဘုန်းကြီးကျောင်းထဲ၌ စကားပြောစက်တလုံးနှင့် စစ်ယူနီဖောင်း (ပလောင်(တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မ တော် (TNLA) ယူနီဖောင်း) တစုံကို တွေ့ရှိသဖြင့် ယခုလို သံသယ ဝင်ခံရခြင်း ဖြစ်ပြီး တပ်မတော်သားများ၏ သေနတ်တွင် ခလရ ၄၅ ဟု ရေးသားထားကြောင်း ဆရာတော်က မိန့်ကြားသည်။
“သူတို့ ကျောင်းမှာ ရွာဖွေပြီး တွေ့သွားတာက စကားပြောစက် အဟောင်း ၁ လုံးနဲ့ စစ်ယူနီဖောင်း ၁ ထည် တွေ့တယ်။ အဲဒါ သက်ကြီး ပူဇော်ပွဲတုန်းက ဘယ်သူက မေ့ကျန်ခဲ့လဲ မသိဘူး။ စကားပြောစက်က သုံးလို့ မရတဲ့ဟာ။ ဦးပဉ္ဇင်း ပြော တယ်။ ဘယ်သူက မေ့ကျန်ခဲ့တာတော့ မသိဘူး။ ဒါပေမယ့် ပွဲတုန်းက မေးထားတယ်လို့ ပြောပြတယ်” ဟု ဆက်လက် မန့်ဆိုသည်။
ဆရာတော်သည် သက်တော် ၃၇ နှစ်၊ ရဟန်းဝါ ၁၇ ဝါ ရှိပြီ ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ် အပါအဝင် ပဋိပက္ခ ဖြစ်ပွားနေသည့် နယ်မြေ အတွင်း မသင်္ကာ၍ စစ်ဆေးမှုများ၊ ထိန်းသိမ်းမှုများ ဆောင် ရွက်မည် ဆိုပါက ဥပဒေ လုပ်ထုံးလုပ်နည်းများ အရ ဆောင်ရွက်ရန် ညွှန်ကြားထားပြီး ဖြစ်သဖြင့် လိုက်နာရန် လိုအပ် ကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ မသိဘူး။ အကြောင်းအရာ အသေးစိတ်ကိုပေါ့။ သို့ သော် ရုတ်တရက် ကြုံတဲ့အချိန်မှာ ပုဂ္ဂလိက ခံစားချက်နဲ့ လုပ်တာမျိုး ရှိကောင်းရှိနိုင်တယ်။ ဒါနဲ့ ပတ်သက်ပြီး တပ်မတော် အနေနဲ့ ကျူးလွန်ခဲ့တာ ရှိခဲ့ရင် သူ့လုပ်ထုံး၊ လုပ်နည်းနဲ့ အညီ စည်းမျည်းစည်းကမ်းတွေ အတိုင်းပဲ ဆောင်ရွက်သွားမှာ ဖြစ် ပါတယ်” ဟု ပြောဆိုသည်။
ထို့ပြင် လူ့အခွင့်ရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ တိုင်ကြားမှုများကိုလည်း တပ်မတော်က လျစ်လျူရှုထားခြင်း မရှိ ကြောင်း၊ ပြည်သူလူထုနှင့် ဆက်ဆံရေး မည်သို့ ဆောင်ရွက်ရမည်ကို ညွှန်ကြားထားပြီး ဖြစ်သလို တပ်မတော်သည် ပြည် သူ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ရသည့် တာဝန်ကို အဓိက ထမ်းဆောင်နေခြင်း ဖြစ်ကြောင်း တပ်မတော်ဘက် က ဆိုသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “သို့သော် တချို့နေရာတွေမှာလည်း ရှိနိုင်ပါတယ်။ ပြည်သူလူထု လို့သာ ပြောတာ။ တဖက်ရဲ့ အရပ်ဝတ် ဝတ်ထားတဲ့ တဖက် အဖွဲ့အစည်းရဲ့ သောင်းကျန်းသူတွေလည်း ဖြစ်နိုင်ပါတယ်။ တပ်မတော် အနေနဲ့ကတော့ အတတ်နိုင်ဆုံး ခွဲခြားသိမြင်မှု ရှိအောင် ဆောင်ရွက်နေပါတယ်” ဟု ပြောဆိုသည်။
မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) သည် ရှမ်းပြည်မြောက်ပိုင်း ပဋိပက္ခအတွင်း စစ်ရာဇဝတ်မှု မြောက်သော လုပ်ရပ်များကို ကျူးလွန်နေကြောင်း ပြီးခဲ့သည့် အပတ်က ထုတ်ပြန်သည့် နိုင်ငံတကာ လွတ် ငြိမ်းချမ်းသာခွင့် အဖွဲ့(AI) အစီရင်ခံစာ၌ ဖော်ပြထားသည်။
ယင်း အစီရင်ခံစာတွင် လက်နက်ကိုင် အဖွဲ့များသည် အငြင်းပွားဖွယ်ရာ ဖမ်းဆီးထိန်းသိမ်းမှု၊ ညှဉ်းပမ်းနှိပ်စက်မှု၊ အတင်း အကျပ် လုပ်အားခိုင်းစေမှု၊ အရပ်ဘက် နေရာများကို ပစ်မှတ်ထားခြင်း စသည့် အထောက်အထားများကို ဖော်ပြသည်။
ရှမ်းပြည်နယ်ရှိ တအန်း အထောက်အကူပြု အဖွဲ့မှ မိုင်းမျိုးအောင်က “ပဋိပက္ခ ဖြစ်တဲ့နေရာမှာရော မဖြစ်တဲ့ နေရာတွေမှာ ရော ဒီလိုမျိုး ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လုံးဝ လက်မခံပါဘူး။ အခုလိုမျိုး လုပ်ရပ်ကိုလည်း ကန့်ကွက် ရှုံ့ချပါတယ်။ ဆရာတော် ဖြစ်သွားတဲ့ ကိစ္စမှာရော တခြားနေရာတွေမှာရော ဒီလိုမျိုး ဖြစ်စဉ်မျိုးတွေကို ထပ်မဖြစ်စေချင် ဘူး” ဟု ပြောသည်။
လက်နက်ကိုင်အဖွဲ့ အားလုံးသည် သူ့နည်းသူ့ဟန်နှင့် မတူညီသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်ကြ ကြောင်း၊ သို့သော် ကျူးလွန်မှု အများဆုံးမှာ တပ်မတော်မှ ဖြစ်သည်ကို တွေ့ရကြောင်း၊ ယခုလို ချိုးဖောက်မှုများကြောင့် ဒေသတခုလုံးနှင့် ပြည်သူလူထုကို ခြိမ်းခြောက်ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
AI အဖွဲ့၏ အစီရင်ခံစာတွင် ပလောင်(တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) အပါအဝင် ကချင် လွတ် လပ်ရေး တပ်မတော် (KIA), ရှမ်းပြည် တပ်မတော်– မြောက်ပိုင်း (SSA-N), ရှမ်းပြည်တပ်မတော်– တောင်ပိုင်း (SSA-S) တို့သည် အငြင်းပွားဖွယ်ရာ ဖမ်းဆီးမှုများနှင့် ညှဉ်းပမ်းနှိပ်စက်မှုများကို ကျူးလွန်ခဲ့ကြောင်း ဖော်ပြထားသည်။
တိုင်းရင်းသား လက်နက်ကိုင်များသည် ၎င်းတို့ထံမှ အစားအစာနှင့် ငွေကြေး အတင်းအကျပ် တောင်းခံကြောင်း ဒေသခံ များက ပြောဆိုခဲ့ကြသည်ဟု အစီရင်ခံစာ အရ သိရသည်။
ဆက်စပ် ဖတ်ရှု့ရန်