ရက္ခိုင့်စစ်တပ် (AA) ကို ငွေကြေး ထောက်ပံ့ဟု ဆိုကာ ရခိုင်အသင်း (စင်္ကာပူ) ခေါင်းဆောင်များအား ဖမ်းဆီးတရားစွဲ ဆိုမှုတွင် အမျိုးသားစာပေ ဆုရ “မြောက်ဦးစစ်တမ်း” စာအုပ်ကို သက်သေခံအဖြစ် ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံး က ယနေ့ လက်ခံလိုက်သည်။
တရားရုံး ပြန်ကြားရေး အရာရှိ ဦးဇော်ဇော်ထွန်းက“ဒီစာအုပ်ကို သက်သေခံအဖြစ်နဲ့ အမှု နှစ်မှုစလုံးမှာ လက်ခံ လိုက်တာပါ၊ နောက်ရုံးချိန်းတွေမှာ တရားလို ရဲမှူး တင့်ရွှေကိုပဲ ဆက်လက် စစ်မေးသွားမှာပါ”ဟု ပြောပြသည်။
ရခိုင်အသင်း (စင်္ကာပူ) အဖွဲ့ဝင်များကို ရဲတပ်ဖွဲ့၏ တိုင်ကြားချက်တွင် ရခိုင် အမျိုးသား အဖွဲ့ချုပ် (ULA) စင်္ကာပူအား ၂၀၁၃ ခုနှစ် ကတည်းက စတင်တည်ထောင်၍ AA ကို ငွေကြေး ထောက်ပံ့ခဲ့ခြင်း ဖြစ်ကြောင်း စွပ်စွဲထားသည်။
ထိုစွပ်စွဲချက်နှင့် ပတ်သက်ပြီး “မြောက်ဦးစစ်တမ်း” စာအုပ်တွင် AA အနေဖြင့် နိုင်ငံရေး အဖွဲ့အစည်း ULA ကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ ရောက်မှသာ ဖွဲ့စည်းခဲ့သည်ဟု ရေးသား ဖော်ပြထားသည့် အတွက် ရဲတပ်ဖွဲ့၏ စွပ်စွဲချက်သည် ရှေ့နောက် မညီ ဖြစ်နေကြောင်း ကိုအောင်မြတ်ကျော် ၏ ရှေ့နေ ဦးအောင်ကျော်စိန်က ထောက်ပြထားသည်။
ထို့ပြင် စာအုပ်ပါ အချက်အလက် မှတ်တမ်းသည် အမှုအတွက် အလွန် အရေးကြီးကြောင်းလည်း ၎င်းက ပြောခဲ့သည်။
ရက္ခိုင့် စစ်တပ်(AA) ပေါ်ပေါက်လာပုံနှင့် ရခိုင်နိုင်ငံရေး သမိုင်းများကို ပြုစုထားသည့် “မြောက်ဦးစစ်တမ်း” စာအုပ်အား နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ရေးသား ပြုစုထားခြင်း ဖြစ်ပြီး ၂၀၁၇ ခုနှစ် အတွက် အမျိုးသား စာပေဆု (နိုင်ငံရေးစာပေ) ရရှိခဲ့သည့် စာအုပ်တအုပ် ဖြစ်သည်။
AA နှင့်ပတ်သက်ပြီး ရာဇဝတ်ကြီးအမှု အမှတ် (၇၈/၂၀၁၉)ဖြင့် ကိုအောင်မြတ်ကျော် (AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ၏ ညီ) ပါ၈ ဦးနှင့် တိမ်းရှောင်နေသူ ကိုသန်းထွန်းနိုင် ပါ ၃ ဦးတို့အား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ည)၊ ၅၂(က) တို့ဖြင့် အမှုဖွင့် တရားစွဲဆိုထားသည်။
ထို့ပြင် ရာဇဝတ်ကြီးအမှု အမှတ် (၈၇/၂၀၁၉)ဖြင့်လည်း ကိုအောင်မျိုးဝင်း(ခ)မျိုးဝင်းနှင့် တိမ်းရှောင်နေသူ ကို ကျော်ဟန် အပါအဝင် ၃ ဦးတို့ကိုလည်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) ဖြင့် သီးခြား အမှုဖွင့်၍ တရားစွဲဆို ထား သည်။
အမှုနှစ်ခုလုံးတွင် ရဲ အထူး သတင်း တပ်ဖွဲ့ (SB) မှ ရဲမှူး တင့်ရွှေက တရားလိုအဖြစ် တိုင်ကြား စွဲဆိုထားခြင်းဖြစ်ပြီး စွပ်စွဲ ခံထားရသူများ ဘက်က မြောက်ဦးစစ်တမ်း စာအုပ်ကို နှစ်မှုလုံးအတွက် သက်သေခံတင်ပြခဲ့ခြင်းဖြစ်သည်။
ရခိုင်းအသင်း (စင်္ကာပူ) အဖွဲ့ အနေဖြင့် ဧပြီ ၇ ရက်နေ့က AA တည်ထောင်ခြင်း ၁၀ နှစ်ပြည့် အခမ်း အနားအား စစ် ဝတ်စုံများ ဝတ်ဆင်၍ သရုပ်ဖော်မှုများဖြင့် ကျင်းပခဲ့သည့်အပြင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နှင့် အွန်လိုင်းမှတဆင့် ဗီဒီယို Call ခေါ်ဆိုကာ မိန့်ခွန်း နားထောင်ခြင်းများ ပြုလုပ်ခဲ့သည့် အတွက်
စင်္ကာပူနိုင်ငံမှ ပြန်ပို့ခံရကာ မြန်မာနိုင်ငံ ပြန် အရောက်တွင် ဖမ်းဆီး ခံရခြင်း ဖြစ်သည်။
AA တည်ထောင်ခြင်း ၁၀ နှစ်ပြည့် အခမ်းအနားတွင် ၎င်းတို့ အနေဖြင့် တပ်မတော်အပေါ် တော်လှန်သည့် သရုပ်ဖော် ကပြမှုများကို ပြုလုပ်ခဲ့ကြကြောင်း တရားလို ရဲမှူး တင့်ရွှေက ပြီးခဲ့သည့် ရုံးချိန်းတွင် ထွက်ဆိုခဲ့သည်။
ကိုအောင်မြတ်ကျော် ပါ ၈ ဦးကို နိုဝင်ဘာလ ၁ ရက်နေ့တွင် ဆက်လက် ရုံးထုတ် စစ်ဆေးမည်ဖြစ်ပြီး သီးခြား အမှု ဖွင့် ထားသည့် ကိုအောင်မျိုးဝင်း(ခ)မျိုးဝင်း အမှုအား နိုဝင်ဘာ ၇ ရက်နေ့သို့ ပြန်လည် ချိန်းဆိုထားသည်။
ဆက်စပ်ဖတ်ရှု့ရန်
ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီမနှင့် ယောက်ဖ အဖမ်းခံရမှု ဖောက်ခွဲပစ္စည်းများနှင့် ဆက်စပ်ဟုဆို
အမျိုးသားစာပေဆုရ “မြောက်ဦးစစ်တမ်း”စာအုပ် သက်သေခံဝင်မဝင် ဆုံးဖြတ်မည်
ရခိုင်အသင်း (စင်ကာပူ) အမှု ရက်ပေါင်း ၂၇၀ အတွင်း အပြီးစစ်မည်ဟု ဆို
ရခိုင် အသင်း (စင်ကာပူ) အမှုတွင် ၁၆၀ ကျော် ထပ်ဖမ်းရန် ရှိဟု ဆို
AA ကို ငွေကြေး ထောက်ပံ့သည်ဟု စွပ်စွဲ ဖမ်းဆီးထားသူများကို အကြမ်းဖက်မှု ဥပဒေဖြင့် တရားစွဲတင်
ရခိုင်အသင်း ခေါင်းဆောင်များအား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မိသားစု မသိရှိရ
ရခိုင်အသင်း (စင်ကာပူ) ခေါင်းဆောင်များ ဖမ်းဆီးခံရ