မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၇၈ လမ်းနှင့် ၂၆ လမ်းထောင့် ကျုံးဘေး၌ လူ၂ ဦး သေဆုံးစေခဲ့သည့် ပြိုင်ကားယာဉ် တိုက်မှုမှ ယာဉ်မောင်းဖြစ်သူအား ထောင်ဒဏ် ၉ နှစ်ကျခံစေရန် အောင်မြေသာစံမြို့နယ် တရားရုံးက ယနေ့ (အောက်တို ဘာ ၃၁ ရက်) အမိန့်ချမှတ် လိုက်သည်။
TOYOTA Lexus ပြိုင်ကား မောင်းနှင်သည့် သန်းထက်အောင်အား ယာဉ်မဆင်မခြင် မောင်းနှင်မှု၊ လူသေမှု ရာဇသတ်ကြီး ပုဒ်မ- ၃၀၄(က)၊ ရာဇသတ်ကြီး ပုဒ်မ ၂၇၉ ဖြင့်လည်းကောင်း စွဲချက်တင်ခဲ့ကာ ထောင် ၉ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ ခြင်း ဖြစ်သည်။
နစ်နာသူဘက်မှ လိုက်ပါ ဆောင်ရွက်ပေးခဲ့သည့် ရှေ့နေ ဦးရဲရင့်ဝေက “အခု အမှုမှာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၂၇၉ အမှု နဲ့ ပတ်သက်ပြီး တရားလိုပြသက်သေ ၁၃ ဦး စစ်ဆေးခဲ့တယ်။ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၄-က အမှုမှာတော့ တရားလို ပြ သက်သေ ၁၉ ဦးကို စစ်ဆေးခဲ့တယ်။ အဲဒီလိုတွေ စစ်ဆေးနေရလို့ အမှုက ကြာခဲ့တာပါ။ ထောင်ဒဏ် ၉ နှစ် အမိန့်ချခဲ့ တဲ့ အပေါ်မှာတော့ ဘာမှပြောစရာ မရှိပါဘူး။ တရားစီရင်ရေး အတိုင်း အမိန့်ချမှတ်ခဲ့တာပါ” ဟု ပြောသည်။
အမှု ဖြစ်စဉ်မှာ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၈ ရက် ညပိုင်းအချိန်တွင် ၇၈ လမ်း အတိုင်း တောင်မှ မြောက်သို့ သန်းထက် အောင် (၂၆ နှစ်) မောင်းနှင်လာသည့် TOYOTA Lexus ပြိုင်ကား အနီရောင်သည် အရှိန် မထိန်းနိုင်ဘဲ မီးပွိုင့်၌ မီးနီ၍ ရပ် စောင့်နေသည့် ဆိုင်ကယ်ကို တိုက်မိခဲ့ရာ ဆိုင်ကယ်မှာ ချိတ်၍ ပါခဲ့သည်။
ဆက်လက်၍ အရှိန်မထိန်းနိုင်ဘဲ ၇၈ လမ်းနှင့်၂၆ လမ်း ကျုံးဘက်ခြမ်းရှိ ယာဉ်ထိန်းရဲကင်း အဆောက်အအုံအား ထပ်မံ ဝင်တိုက်ခဲ့သည်။
အဆိုပါကဲ့သို့ အရှိန်လွန်၍ ဆိုင်ကယ်နှင့် ယာဉ်ထိန်းရဲကင်းအား တိုက်မိခဲ့မှုကြောင့် ဆိုင်ကယ် စီးနင်းလာသည့် လွင်မင်း သန့် (၂၃နှစ်) နှင့် ကျော်ဇင်သက် (၂၆ နှစ်) တို့သည် ဒဏ်ရာများ ရရှိခဲ့ကာ မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးသို့ တင်ပို့ရာတွင် ၂ ဦးလုံး သေဆုံးခဲ့ခြင်း ဖြစ်သည်။
ထိုသို့ အရှိန်လွန်မောင်းနှင်မှုကြောင့် ပြိုင်ကားအား မောင်းနှင်သည့် သန်းထက်အောင်အား ရဲအုပ် သန်းဇော်ဦးနှင့် ရဲအုပ် စိုး ဝင်းသန်းတို့က ယာဉ်မဆင်မခြင်မောင်းနှင်မှု ၊ လူသေစေမှု တို့ဖြင့် အမှုဖွင့် အရေးယူကာ တရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့ ခြင်း ဖြစ်သည်။
ပေါ့လျော့ခြင်းဖြင့် လူသေစေမှု ရာဇသတ်ကြီး ပုဒ်မ ၃၀၄ (က) ဖြင့် ထောင်ဒဏ် ၇ နှစ်နှင့် အများပြည်သူ ဆိုင်ရာ လမ်းပေါ် တွင် မဆင်မခြင် မောင်းနှင်မှု ရာဇသတ်ကြီးပုဒ်မ -၂၇၉ ဖြင့် ထောင်ဒဏ် ၂ နှစ် သီးခြားစီ ကျခံစေရန် အောင်မြေသာစံ မြို့ နယ် တရားရုံးက ချမှတ်ခဲ့သော ထောင်ဒဏ်များမှာ အဆိုပါ ပုဒ်မများတွင် အမြင့်ဆုံး ချမှတ်နိုင်သော ပြစ်ဒဏ်များ ဖြစ် ကြောင်း ဥပဒေ ပြဋ္ဌာန်းချက်များ အရ သိရသည်။
အဆိုပါကဲ့သို့ တရားရုံးမှ အမိန့်ချမှတ်ခဲ့ခြင်း အပေါ် သေဆုံးသူများ၏ မိသားစုဝင်များက ကျေနပ်မှု ရှိကြောင်း မီဒီယာများ ကို ယနေ့ ရုံးချိန်းအပြီးတွင် ပြောကြားခဲ့သည်။
You may also like these stories:
မန္တလေးသေနတ်ပစ်ခတ်မှု တရားခံ ခရိုင်တရားရုံးသို့ တရားစွဲတင်
သားအမိနှစ်ဦးကို သတ်၍ မီးရှို့အလောင်းဖျောက်သူ သေဒဏ်ကျ