ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဦးဆောင်သည့် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် ငြိမ်းချမ်းရေး ကော်မရှင် (PC) တို့ကြား ပဏာမ အပစ်အခတ် ရပ်စဲရေး စာချုပ်(Bilateral) ချုပ်ဆိုနိုင်ရန် အစိုးရ အနေဖြင့် မျှော်လင့်ကြောင်း PC ၏ အကြံပေး ဦးလှမောင်ရွှေက ဧရာဝတီသို့ ပြောသည်။
မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့မှာ ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ ပလောင် (တအန်း)အမျိုးသား လွတ်မြောက် ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် – ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် ရက္ခိုင် စစ်တပ် (AA) တို့ ဖြစ်ကြသည်။
ဦးလှမောင်ရွှေက “မြောက်ပိုင်းလေးဖွဲ့နဲ့တော့ နိုဝင်ဘာ၊ ဒီဇင်ဘာလထဲမှာ ပဏာမ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးနိုင် ဖို့တော့ မျှော်လင့်တာပေါ့” ဟု ဆိုသည်။
KIA ဦးဆောင်သည့် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် ငြိမ်းချမ်းရေး ကော်မရှင်ကြား Bilateral ချုပ်ဆိုနိုင်ရန် လက်ရှိတွင် တရားဝင် ဆွေးနွေးပွဲများ မလုပ်နိုင်သေးသော်လည်း အလွတ်သဘော ဆွေးနွေးမှုများ ကြိမ်ဖန်များစွာ ပြုလုပ်နေသည်ဟု သိရသည်။
ကချင် လွတ်လပ်ရေး ကောင်စီ (KIC) ၏ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ဂွန်မော်က “Bilateral ထိုးပြီးလို့ ရှိရင်တော့ စစ်ဘေးရှောင် (IDP) ကိစ္စကို ပထမ ဦးစားပေးပြီး ဖြေရှင်းဖို့ ကြိုးစားနေကြတယ်။ လက်မှတ်ထိုးဖို့ ကျနော်တို့ ကြိုးစားနေတာ ကြာနေပြီ” ဟု ဆိုသည်။
ထို့ပြင် ပြီးခဲ့သည့် ရက်ပိုင်းက KIA ၏ ၅၉ နှစ်မြောက် နှစ်ပတ်လည်နေ့၌ KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အန်ဘန်လက တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်(NCA) မဟုတ်ရင် Bilateral ထိုးရန် လမ်းကြောင်း ရှာနေသည်ဟု ကချင် ဘာသာဖြင့် ပြောကြားထားသည်။
KIO/KIA သည် ၁၉၉၄ ခုနှစ်၌ အစိုးရနှင့် အပစ်ရပ် လက်မှတ်ရေး ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း တခု ဖြစ်သည်။
ကချင် ငြိမ်းချမ်းရေး ကွန်ရက်မှ ညှိနှိုင်းရေးမှူး ဒေါ်ခွန်ဂျာက “NCA မဟုတ်ရင် Bilateral ထိုးဖို့ လမ်းကြောင်း ရှာနေတယ်။ ထိုးလိုက်မယ်ဆိုရင် စစ်ရှောင် ဒုက္ခသည်တွေ အတွက် အထောက်အကူပြုမယ်။ စစ်ဘေးရှောင်တွေ နေရာပြန်ချမယ်။ ပြီးမှ NCA ပဲ ထိုးထိုး၊ Bilateral ပဲ ထိုးထိုး အဲဒါကို ဘယ်လိုပုံစံမျိုးနဲ့၊ ဘယ်လို ထိုးမလဲ ဆိုတာကို စူးစမ်းရှာဖွေနေတယ်လို့ ပြော ခဲ့တာပါ” ဟု KIA နှစ်ပတ်လည်နေ့ အခမ်းအနား၌ ဗိုလ်ချုပ်ကြီး အန်ဘန်လ၏ ပြောကြားချက်ကို ပြန်လည် ပြောပြသည်။
KIO သည် TNLA ၊ MNDAA နှင့် AA တို့နှင့် အတူ မြောက်ပိုင်းမဟာမိတ် အဖြစ် ဖွဲ့စည်းထားပြီး အစိုးရနှင့် အပစ်ရပ် လက် မှတ်ထိုးလျှင်လည်း အတူတကွ ရေးထိုးမည်ဟု ပြောဆိုထားသည်။
ဒေါ်ခွန်ဂျာက “လက်မှတ်ထိုးပြီးနောက်မှာ အကောင်အထည်ဖော်ရမယ့် ကိစ္စတွေ ၈၀ ရာခိုင်နှုန်းလောက် ဖော်လို့ မရဘူး ဆိုရင် လက်မှတ်တွေ ထိုးပေမယ့်လည်း ဒီဟာသည် ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်မှာ ကတိကဝတ် တွေပြုပြီး အကောင် အထည်ဖော်လို့ မရဘူးဆိုရင် ဒါက မထူးမခြားနားဘူးလို့ ပြောလို့ရတယ်။ တကယ်လို့ အကောင်အထည် ဖော်လို့ မရဘူးဆိုရင် လက်မှတ်ထိုးပြီးလည်း ပြန်တိုက်မှာပဲ” ဟု သုံးသပ် ပြောဆိုသည်။
မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် အစိုးရကြား ၂၀၁၉ ခုနှစ်အတွင်း ၃ ကြိမ် တွေ့ဆုံခဲ့ပြီး နောက်ဆုံး တွေ့ဆုံခဲ့သည့် ကျိုင်းတုံ ဆွေးနွေးပွဲ၌ ပဏာမ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် (Bilateral Ceasefire Agreement) လက်မှတ်ရေးထိုး ရေးနှင့် လက်ရှိ ဖြစ်ပွားနေသော တိုက်ပွဲများ လုံးဝ ချုပ်ငြိမ်းသွားစေရန် အပါအဝင် အချက် ၇ ချက် သဘောတူထား ကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှု့ရန်
အပစ်ရပ်စာချုပ်ကို တပြိုင်တည်းလက်မှတ်ထိုးလိုကြောင်း မြောက်ပိုင်းအဖွဲ့ပြော
Bilateral ထိုးနိုင်ရေး အောက်တိုဘာ ဆွေးနွေးပွဲ အလုပ်ဖြစ်မှာလား
အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ ကျိုင်းတုံမှာ ဘာတွေညှိနှိုင်းမလဲ