သတင်း

ရန်ကုန် - ပုသိမ်လမ်းပိုင်း ပြင်ဆင်ရန် ငွေကျပ် ၂၈ ဘီလီယံ အသုံးပြုမည်

Want create site? Find Free WordPress Themes and plugins.

ရန်ကုန် – ပုသိမ်လမ်း၏ ဧရာဝတီတိုင်းဘက်ခြမ်း အပိုင်းကို ကွန်ကရိလမ်းခင်းရန် ကျပ်ငွေ ၂၈ ဘီလီယံ (ကျပ်သိန်းပေါင်း၂ သောင်း ၈ ထောင်) အသုံးပြုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထို့အတွက် ပြည်ထောင်စုအစိုးရ၏ လမ်းနှင့် ပတ်သက်သည့် ဘတ်ဂျက်မှ ချပေးသည့် ငွေကျပ် ၂၈ ဘီလီယံကို အသုံးပြု၍ ဧရာဝတီတိုင်းဒေသကြီး နယ်နိမိတ်အစမှ ဗိုလ်မြတ်ထွန်းတံတားအနီးအထိ အရှည် ၂၄ မိုင်ကို ကွန်ကရိ လမ်းခင်းရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြင်ဆင်နေသည်။

“ရန်ကုန်- ပုသိမ်လမ်းအရှည် ၂၄ မိုင် ကွန်ကရိခင်းဖို့ကို ငွေကျပ် ၂၈ ဘီလီယံ အသုံးပြုသွားမှာပါ။ ကွန်ကရိလမ်းကတော့ လမ်းအကျယ် ပေ ၃၀နဲ့ လမ်းပုခုံး အပါအဝင်ဆိုရင် ၃၆ ပေအကျယ်ရှိပါမယ်။ ဧရာဝတီတိုင်း အစပ်ကနေ ဗိုလ်မြတ်ထွန်း တံတား ခြေရင်းအထိ ခင်းသွားမှာဖြစ်ပါတယ်။ လမ်းခင်းခြင်းလုပ်ငန်းတွေ နိုဝင်ဘာလထဲမှာ စတင်တော့မှာ ဖြစ်ပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးက ဧရာဝတီကို ပြောသည်။

ရန်ကုန် – ပုသိမ်လမ်းခင်းခြင်း လုပ်ငန်းကို ဧရာဝတီတိုင်းအစိုးရနှင့် ရန်ကုန်တိုင်းအစိုးရတို့ ပူးတွဲဆောင်ရွက် နေခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဘက်ခြမ်းတွင် လမ်းအရှည် ၁၇ မိုင်၊ ဧရာဝတီတိုင်း ဘက်ခြမ်းတွင် ၂၄ မိုင်၊ စုစုပေါင်း ၄၁ မိုင် ခင်းမည် ဖြစ်သည်။

ဧရာဝတီတိုင်းဘက်ခြမ်း၏ လမ်းခင်းမှုကို ဆောက်လုပ်ရေးဝန်ကြီး ဌာနလက်အောက်ရှိ လမ်းဦးစီးဌာနက တာဝန်ယူမည် ဖြစ်ပြီး ၂၀၁၉ နိုဝင်ဘာလမှ ၂၀၂၀ ခုနှစ် စက်တင်ဘာလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာဝတီ တိုင်းအစိုးရအဖွဲ့က ပြောသည်။

ရန်ကုန် – ပုသိမ်အဝေးပြေးလမ်းမှာ ၁၁၂ မိုင် ရှည်လျားပြီး စစ်အစိုးရလက်ထက်တွင် လောစစ်ဟန်၏ သား ဦးထွန်းမြင့် နိုင်(ခေါ်) စတီဗင်လော ပိုင်ဆိုင်သည့် အေးရှာဝေါလ်ကုမ္ပဏီကို BOT စနစ်ဖြင့် နှစ် ၃၀ လုပ်ကိုင်ခွင့်ချ ထားပေးခဲ့သည့် လမ်းဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD အစိုးရ လက်ထက် ၂၀၁၈ ခုနှစ်တွင် ရန်ကုန် – ပုသိမ်လမ်းကို ဆောက်လုပ်ရေး ဝန်ကြီး ဌာနက အေးရှားဝေါလ် ကုမ္ပဏီထံမှ ပြန်လည်သိမ်းယူခဲ့ပြီးနောက် လမ်းအသုံးပြုခ ကောက်ခံသည့်ဂိတ်များ အားလုံးပိတ်သိမ်းခဲ့ပြီး ပြည်ထောင်စုအစိုးရ ဘတ်ဂျက်ဖြင့် လမ်းတိုးချဲ့ ခင်းကျင်းခဲ့ခြင်း ဖြစ်သည်။

“ရန်ကုန် – ပုသိမ်လမ်း ၂၄ မိုင် ခင်းမှုကို လက်ရှိ ဘဏ္ဍာရေးနှစ်အတွင်း ပြီးအောင် ဆောင်ရွက်ပါမယ်။ ကျန်တဲ့လမ်းပိုင်း တွေကိုတော့ ဆက်ပြီး မွမ်းမံထိန်းသိမ်း ထားပါမယ်။ လမ်းဆက်ခင်းနိုင်ဖို့အတွက်လည်း နောင်နှစ် ဘတ်ဂျက်တွေမှာ ပါဝင်ဖို့ ဆက်ကြိုးစားသွားမှာပါ” ဟု ဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

လက်ရှိတွင် ဧရာဝတီတိုင်းနယ်စပ်မှ ဗိုလ်မြတ်ထွန်းတံတားခြေရင်းအထိ ရန်ကုန် – ပုသိမ် လမ်းဘေးဝဲယာ တလျှောက် လမ်းချဲ့ထွင်မည့် နေရာများကို အလံနီများ စိုက်ထူထားပြီး လမ်းနှင့်မလွတ်သည့် ဈေးဆိုင်ခန်းများ ဖယ်ရှားပေးရန် ဆောက် လုပ်ရေးဝန်ကြီးဌာနက အကြောင်းကြားထားကြောင်း သိရသည်။

“ရန်ကုန်- ပုသိမ်လမ်းက ဧရာဝတီတိုင်းက အဓိကအသုံးပြုဆောင်ရွက်နေရတဲ့လမ်း ဖြစ်ပါတယ်။ နိုင်ငံတော်ငွေ မြောက်မြားစွာအသုံးပြုပြီး ခင်းရမှာဖြစ်လို့ လမ်းရဲ့ အရည်အသွေးပြည့်မီရေးအတွက် သက်ဆိုင်ရာ ဝန်ကြီး ဌာနရော စစ်ဆေးရေးအဖွဲ့တွေရော သေချာကြပ်မတ်မယ်လို့တော့ ပြောတယ်။ သူတို့ ပြောာထားတဲ့အတိုင်း အမှန်တကယ် လုပ်ကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ညောင်တုန်းမြို့နယ်၊ အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆန်းက ပြောသည်။

လမ်းခင်းနေစဉ်ကာလ ယာဉ်အသွားအလာများ မကြပ်စေရန် ရန်ကုန်မှလာသော မော်တော် ယာဉ်များမှာ ရန်ကုန် – ဆားမလောက် – ကဇန်း – တာကွေ့ – ဗိုလ်မြတ်ထွန်းလမ်းမှတဆင့် တလမ်းသွား မောင်းနှင်ရန်နှင့် ပုသိမ်မှလာသော မော်တော်ယာဉ်များအနေဖြင့် ပုသိမ် – ဗိုလ်မြတ်ထွန်း တံတား – တာကွေ့ – ညောင်တုန်း – ဆားမလောက် – ရန်ကုန်လမ်းများအတိုင်း တလမ်းသွား မောင်းနှင်ရန် သတ်မှတ်ထားကြောင်း သိရသည်။

ထို့ပြင် မအူပင်- ရန်ကုန် သွားလာမည့်ကားများအနေဖြင့် မအူပင်- တွံတေး- ရန်ကုန် လမ်းအတိုင်း မောင်းနှင်ရန်နှင့် ကျိုက်လတ် – ဖျာပုံ – ရန်ကုန် သွားမည့်ကားများအနေဖြင့် ဒေးဒရဲလမ်းအတိုင်း မောင်းနှင်ရန် လမ်းပိုင်းများ သတ်မှတ် ထားကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading