ရက္ခိုင့်စစ်တပ်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ညီမဖြစ်သူနှင့် ယောက်ဖဖြစ်သူတို့အား တရားစွဲတင်နိုင်ရေး ကြိုးပမ်းမှု အနေဖြင့် မရမ်ကုန်းမြို့နယ်တရားရုံး၌ ယနေ့တွင် ဒုတိယအကြိမ် ချုပ်ရမန်ထပ်ယူလိုက်သည်။
အောက်တိုဘာ ၁၉ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မှ ရန်ကုန်သို့ လေကြောင်းဖြင့် ပြန်လာသည့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ယောက်ဖဖြစ်သူ ကိုကျော်နိုင်နှင့် လာကြိုသည့် ဇနီးဖြစ်သူ မယမင်းမြတ်(ခ) မိုးနှင်းဖြူတို့ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီးပြီးနောက် သတင်းတပ်ဖွဲ့ (ရန်ကုန်)မှ ဒုရဲမှူးမင်းခိုင်က တရားလိုလုပ်ကာ မရမ်းကုန်းမြို့မ ရဲစခန်းတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)(ခ) (ဂ) တို့ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။
မရမ်းကုန်းမြို့နယ် တရားရုံး သတင်းနှင့် ပြန်ကြားရေးအရာရှိ မြို့နယ်တရားသူကြီး ဦးမိုးဆွေက “ရဲက စုံစမ်းစစ်ဆေးဆဲ မပြီးပြတ်သေးလို့ ချုပ်ရမန်ထပ်ပြီး တောင်းခံတာပါ၊ အောက်တိုဘာ ၂၁ ရက်နေ့က ယူထားတဲ့ ရမန်က ဒီနေ့ ပြည့်တယ်၊ ပထမချုပ် ရမန်ပြည့်သွားတော့ တရားစွဲ မတင်ခင်မှာ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံးကို ဥပဒေ အကြံပြုချက် တောင်း ခံတာနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ကို ကြိုတင်ခွင့်ပြုချက် တောင်းခံတာ ဆောင်ရွက်ဖို့ ကျန်ရှိပါတယ်ဆိုပြီး နိုဝင်ဘာ ၁၅ ရက်နေ့အထိ ချုပ်မိန့်ထပ်တောင်းလို့ ပေးလိုက်တာပါ”ဟု ပြောသည်။
ဦးကျော်နိုင်အနေဖြင့် ပြီးခဲ့သည့် စက်တင်ဘာ ၁၀ရက်က မန္တလေးတွင် ဖောက်ခွဲရေးပစ္စည်းများ ဖမ်းမိသည့် AA တပ်ဖွဲ့ ဝင်ဟု ယူဆရသူ ၄ဦး အမှုမှ တိမ်းရှောင်နေသည့် မောင်မောင်စိုးနှင့်အတူ စက်တင်ဘာ ၂၈ ရက်နေ့က ထိုင်းနိုင်ငံမှတဆင့် လာအိုနိုင်ငံသို့ သွားရောက်ကာ တည်းခိုခဲ့ပြီးနောက် စက်တင်ဘာ ၃၀ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ ပြန်လာခဲ့ကြောင်း၊ စရိတ် များကိုလည်း ဦးကျော်နိုင်က ကျခံပေးသည့်အပြင် ကူညီမှုအတွက် မောင်မောင်စိုးအား ထိုင်းဘတ်ငွေ နှစ်ထောင် ထောက်ပံ့ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ အမှုဖွင့် တိုင်ချက်တွင် ဖော်ပြထားသည်။
ဦးကျော်နိုင်နှင့် ဇနီးဖြစ်သူ မယမင်းမြတ်(ခ) မိုးနှင်းဖြူတို့အား ဖမ်းဆီးမှုသည် မန္တလေးတွင် ဖောက်ခွဲရေးပစ္စည်းများ ဖမ်းမိမှုနှင့် ဆက်စပ်မှု ရှိနေပြီး ဦးကျော်နိုင်အား ထိုင်းနိုင်ငံက ပြည်နှင်ဒဏ်ပေးခဲ့ခြင်း ဖြစ်ကြောင်းလည်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း အောက်တိုဘာ ၂၅ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ဦးဇော်ဌေးက “တယောက်က စက်ချုပ်တယ်၊ တယောက်က တက္ကစီမောင်းတယ်ပြောတယ်၊ အဲ့ဒီအချက်အလက် တချို့က ထိုင်းရဲတပ်ဖွဲ့မှာရှိတယ်၊ မြန်မာရဲတပ်ဖွဲ့ကလည်း ထိုင်းနိုင်ငံ သွားရောက်ဖို့ရှိပါတယ်၊ ထိုင်းရဲတပ်ဖွဲ့နဲ့ပေါင်းပြီး သက်သေခံ အထောက်အထားတွေနဲ့ ဆက်လက်ဆောင်ရွက်သွားဖို့ ရှိတယ်လို့သိရပါတယ်”ဟု ပြော ထားသည်။
ဖောက်ခွဲရေးပစ္စည်းများအဖြစ် ယမ်းတုံးဟုယူဆရသည့် အထုပ် ၂၈ ထုပ်၊ ဒီတိုနေတာ ၁၀၀၀ ခု၊ ဖယောင်း ချောင်း ၃၅ ချောင်း၊ စက္ကူဖြူ ၄၅ လိပ်၊ ယမ်းဖြူဟု ယူဆရသည့် အိတ် ၅ အိတ်၊စက္ကူညို ၁ ထုပ်နှင့်အတူ Satellite ဖုန်းအသစ် ၄၀ လုံး၊ ရုရှားနိုင်ငံလုပ် မှန်ပြောင်း ၃၀ ခု၊(GPS+GLONASS) ၂၅ လုံးတို့ကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် ၅ ရပ်ကွက်ရှိ နေအိမ်တခုတွင် စက်တင်ဘာ ၁၀ ရက်နေ့က ဖမ်းမိခဲ့ခြင်း ဖြစ်သည်။
ယင်းပစ္စည်းများနှင့်အတူ အောင်လင်းဦး၊ ဦးမြတ်ခိုင်၊ ချမ်းငြိမ်းနှင့် ဖိုးကျော်ဆိုသူတို့အား ဖမ်းမိခဲ့ပြီး အ ကြမ်း ဖက်မှု တိုက်ဖျက်ဥပဒေ ပုဒ်မ ၅၀(ဈ/၅၁(ဂ)ဖြင့် အမှုဖွင့်စစ်ဆေးပြီးနောက် ကွင်းဆက်အနေဖြင့် ဝင်းသိန်းနှင့် ကျော်ကျော်ဖြိုး(ခ) ဆံရှည်ဆိုသူ ၂ ဦးကိုလည်း ထပ်မံဖမ်းမိခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသူ ၃ ဦးရှိသေး ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပြောဆိုထားသည်။
ဖမ်းဆီးထားသူများထဲတွင်လည်း AA အဖွဲ့မှ တပ်ကြပ်ကြီးအဆင့်ရှိသူ ၁ ဦးနှင့် တပ်သားအဆင့် ၁ ဦးတို့ ပါဝင် ကြောင်း မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က မီဒီယာများထံ အတည်ပြုပြောကြား ထားသည်။
ဖောက်ခွဲပစ္စည်းများနှင့်ဆက်စပ်ပြီး လက်ရှိဖမ်းဆီးထားသူ ၎င်းတို့ ၆ ဦးအား မန္တလေးခရိုင်တရားရုံးတွင် ရုံးထုတ် စစ်ဆေးလျှက်ရှိသည်။
ဆက်စပ်ဖတ်ရှုရန်
ရခိုင်အသင်း (စင်္ကာပူ) ခေါင်းဆောင်များ အမှု “မြောက်ဦးစစ်တမ်း” စာအုပ် သက်သေခံဝင်
ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီမနှင့် ယောက်ဖ အဖမ်းခံရမှု ဖောက်ခွဲပစ္စည်းများနှင့် ဆက်စပ်ဟုဆို