NLD ပါတီဝင် ဖြစ်သည့် ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်သည် ပါတီမှ နုတ်ထွက်ခွင့် တောင်းခံထားသည့်အတွက် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
“သူ့ရဲ့ဆန္ဒအလျောက် ပါတီတွင်းက နုတ်ထွက်ခွင့် တောင်းတယ်။ ပြီးခဲ့တဲ့ ဗဟို အလုပ်အမှုဆောင်အစည်းအဝေးမှာ ဒါကို အတည်ပြုလိုက်ပါတယ်။ အဲဒါကို ရုံးဌာနကနေ ဆက်လက်ဆောင်ရွက်တာပဲ ဖြစ်ပါတယ်” ဟု NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဧရာဝတီသို့ ပြောသည်။
ဒေါက်တာ သက်သက်ခိုင်သည် ၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီမှနေ၍ ဒဂုံမြို့နယ် ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင် နေသူလည်း ဖြစ်သည်။
ဒေါက်တာ သက်သက်ခိုင်က“ကျမ နုတ်ထွက်တာက ပါတီအတွင်းမှာ ကျမကို နှုတ်နဲ့ သတိပေးတာရှိတယ်။ စာနဲ့ သတိပေးတာတွေ ရှိတယ်။ လူတွေ့ခေါ်ယူ စစ်ဆေးခံရတာတွေရှိတယ်။ အဲဒါကတော့ ဒီမိုကရေစီစံချိန်၊ စံညွန်းနဲ့ မကိုက်ညီဘူးလို့ ကျမယူဆတယ်” ဟု ပြောသည်။
“ခေါ်ပြီး သတိပေးတာတို့၊ ပြင်းထန်စွာ သတိပေးတာ တို့၊ စာဖြင့် သတိပေးသည်တို့ အဲဒီလိုတွေကတော့ အများကြီး ရှိတယ်။ ပြီးလို့ရှိရင် ကော်မတီက ထုတ်တာတို့၊ ပါတီတာဝန်က ရပ်စဲတာတို့ ဒါတွေလည်း တခြားကိုယ်စားလှယ်မှာ ရှိပါတယ်။ ဒါပေမယ့် သူတို့ကတော့ ပွင့်ပွင့်လင်းလင်း မပြောဘဲ ကြိတ်ပြီး ခံနေရတာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။
NLD ပါတီသည် ဒေါက်တာသက်သက်ခိုင်အား ပေးအပ်ထားသည့် ပါတီတာဝန်များမှ ရပ်ဆိုင်းကြောင်းကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလက ထုတ်ပြန်ခဲ့ပြီး မည်သည့် အကြောင်းပြချက်ကြောင့် လုပ်ဆောင်ရသည် ဆိုသည်ကို မသိရှိရကြောင်း၊ အရေးယူ ဆောင်ရွက်ရသည့်အကြောင်းလည်း ပြောဆိုခြင်းမရှိဘဲ ကြေညာစာ ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ရာ ထိုသို့ လုပ်ဆောင်ခြင်းက ပါတီအတွင်း ဥပဒေမဲ့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဒေါက်တာ သက်သက်ခိုင်က ထောက်ပြခဲ့သည်။
၂၀၁၉ ခုနှစ် အတွင်း လွှတ်တော်တွင် တတိယအကြိမ်မြောက် တင်သွင်းမည့် အဆိုကိုလည်း ပါတီမှ ပြန်လည် ပြင်ဆင်ခိုင်းသဖြင့် ပြင်ခဲ့ရကြောင်၊ ထိုအဆိုကို တင်ပြသည့် အခါတွင်လည်း ထောက်ခံမည့် ကိုယ်စားလှယ် မရှိသောကြောင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အား အကူအညီတောင်းခဲ့ရသည်ဟု သိရသည်။
ဒေါက်တာသက်သက်ခိုင်၏ ပြောဆိုချက်အရ ၎င်းအဆိုကို ထောက်ခံပေးသူများကို ပါတီတွင်းက ထုတ်မည်ဟု ပြောဆိုသဖြင့် မည်သူမှ ၎င်းအဆိုအား ထောက်ခံပေးသူမရှိ ဖြစ်ခဲ့ရသည်ဟု သိရသည်။
ဒေါက်တာ သက်သက်ခိုင်က “အဲဒီအဆိုကို လွှတ်တော်ရုံးကိုလည်း တင်လိုက်တယ်။ ဝန်ကြီးဌာနလည်း ပို့လိုက်တယ်။ ဒါပေမယ့် ဝန်ကြီးဌာနကနေ Public Debate လုပ်ဖို့ မဆီလျော်တဲ့အတွက် စာနဲ့ဖြေကြား မယ်ဆိုပြီး စာနဲ့ဖြေပါတယ်”ဟု ပြောသည်။
အဆိုတင်သွင်းခြင်း၏ ထုံးစံအရ လွှတ်တော်အတွင်း ဆွေးနွေးရမည်ဖြစ်ပြီး ထိုအဆိုကို လွှတ်တော်အတွင်း ဆက်လက် ဆွေးနွေးသင့်၊ မသင့်ဆိုသည်ကို လွှတ်တော်ကို တင်သွင်းရကာ လွှတ်တော်၏ အဆုံးအဖြတ်ကို ယူပြီးမှ ဆက်လက် ဆောင်ရွက်ရမည်ဖြစ်သည်။
၎င်းတင်သွင်းရန် ကြိုးစားသည့် အဆိုသည် မည်သည့် ကိစ္စနှင့် ပတ်သက်သည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပါ။
ဒေါက်တာ သက်သက်ခိုင်က “ဒါက ဥပဒေနဲ့လည်း မညီဘူး။ လွှတ်တော် ကိုယ်စားလှယ်တယောက်ရဲ့ အခွင့်အရေးကို ချုပ်လိုက်တာ ဖြစ်တယ်။ ၂၀၂၀ မှာ ကျမကို ထည့်ချင်မှ ထည့်မယ်။ ကျမအနေနဲ့ လည်း နိုင်ငံရဲ့ တည်ဆောက်ရေးမှာ ပါဝင်ချင်သေးတယ်။ အဲဒါကြောင့်လည်း ကျမ ပါတီက ထွက်လိုက်တာပါ” ဟု ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေး ဆက်လက်လုပ်လိုသော ဆန္ဒကြောင့် ဒေါက်တာသက်သက်ခိုင်သည် ၂၀၁၉ ခုနှစ်၊ အောက်တို ဘာ ၂၃ ရက်နေ့က ပါတီတည်ထောင်ခွင့်ကျခဲ့သော ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) နှင့် လက်တွဲ ဆောင်ရွက်သွားမည်ဟု ဆိုသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွင် ဒေါက်တာ သက်သက်ခိုင်ကဲ့သို့ပင် နုတ်ထွက်ခွင့်တောင်းပြီး ထွက်သွား ကြသူ ၄ဦးခန့် ရှိသည်ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။