နေပြည်တော် ဘူတာကြီး အနီး၌ တည်ဆောက်ထားသည့် မြန်မာ့မီးရထား စက်ခေါင်းသစ် တပ်ဆင် ထုတ်လုပ်ရေး စက်ရုံ မှာ စတင်လည်ပတ်နေပြီဖြစ်ပြီး ယခုဘဏ္ဍာရေးနှစ် အတွင်း စက်ခေါင်း အသစ် ၅ ခေါင်း ထပ်မံ ထုတ်လုပ်သွားမည်ဟု ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
မြန်မာ့ မီးရထား လုပ်ငန်းမှ စက်မှု အထွေထွေမန်နေဂျာ ဦးမြင့်နိုင်က “ ၁၀ ခေါင်းက ထုတ်ပြီးပါပြီ။ ဒီဘတ်ဂျက်နှစ် အတွင်း မှာ စက်ခေါင်းအသစ် ၅ ခေါင်း ထပ်ပြီး တည်ဆောက်မှာပါ။ တင်ဒါလည်း ခေါ်ထားပြီးပါပြီ” ဟု ဧရာဝတီသို့ ပြောသည်။
နေပြည်တော်ရှိ အဆိုပါ စက်ရုံကို ၂၀၁၄ ခုနှစ်၌ စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် ဧပြီလ အထိ စက်ခေါင်း အသစ် ၁၀ ခေါင်းကို ထုတ်လုပ်ခဲ့သည်။ ထို့နောက် ယခု ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၉ အောက်တိုဘာ ၁ ရက်နေ့မှ ၂၀၂၀ စက်တင်ဘာ ၃၀ ရက်နေ့အတွင်း စက်ခေါင်းသစ် ၅ ခေါင်း ထပ်မံထုတ်လုပ်ရန် စီစဉ်နေခြင်း ဖြစ်သည်။
ထို့ကြောင့် စက်ခေါင်းအသစ်များကို တပ်ဆင် ထုတ်လုပ်နိုင်ရန်အတွက် လိုအပ်သည့် စက်ပိုင်းဆိုင်ရာ အစိတ်အပိုင်းများ ဝယ်ယူရန် တင်ဒါခေါ်ထားပြီး တပ်ဆင်ထုတ်လုပ်မှု အပိုင်းကို စက်ခေါင်းစက်ရုံတွင် တပ်ဆင်ခြင်း၊ ဆေးသုတ်ခြင်း အစရှိသည်ကိုများ ပြုလုပ်လျက်ရှိသည်။
စက်ခေါင်းတခေါင်းသည် ကုန်တန်ချိန် ၅၀၀ မှ ၁၅၀၀ အထိ တင်ဆောင်နိုင်ပြီး ၁ နာရီလျှင် ကီလိုမီတာ ၁၀၀ ထိ ပြေးဆွဲနိုင်သည်။
ယင်းစက်ရုံမှ တနှစ်လျှင် စက်ခေါင်း ၁၀ ခေါင်း ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားကြောင်း၊ စက်ခေါင်းတခေါင်း၏ ကုန်ကျ စရိတ်မှာ အမေရိကန် ဒေါ်လာ ၁.၃၈၅ သန်း ကုန်ကျကြောင်း၊ အမြင့်ဆုံး စက်ခေါင်းမှာ မြင်းကောင်ရေအား ၂ ထောင် အထိ ဖြစ်ကြောင်း သိရသည်။
ထုတ်လုပ်ပြီး စက်ခေါင်းအသစ် ၁၀ ခေါင်းမှာ ရန်ကုန်- မန္တလေး၊ မန္တလေး- မြစ်ကြီးနား၊ ရန်ကုန်- မော်လမြိုင် လမ်းပိုင်း များတွင် အသုံးပြု ပြေးဆွဲနေပြီ ဖြစ်ကြောင်းလည်း မြန်မာ့မီးရထားလုပ်ငန်းမှ သိရသည်။
ပျဉ်းမနားမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုးက “ဒါက နိုင်ငံတော် စီမံကိန်းပဲ။ ကောင်းတဲ့ အစီအစဉ်ပါ။ ပြည်တွင်းထုတ်လုပ်တာက ဈေးလည်း သက်သာတယ်။ နိုင်ငံခြား ငွေကုန်တာလည်း သက်သာတယ်။ ပြည်တွင်းကလည်း နည်းပညာရတယ်” ဟု ပြောသည်။
အဆိုပါ စက်ခေါင်းစက်ရုံ စတင်လည်ပတ်ချိန်တွင် ဝန်ထမ်းအင်အား ၄၅၀ ဦးနှင့် စတင်လည်ပတ်လျက်ရှိပြီး စက်ခေါင်းများ စတင်ထုတ်လုပ်စဉ်က တရုတ်ပညာရှင်များ လာရောက်ပြီး ပြည်တွင်း ပညာရှင်များနှင့် ပူးပေါင်း ထုတ်လုပ်ခဲ့ကြောင်း နောက်ထပ် ထုတ်လုပ်မည့် စက်ခေါင်းများမှာ မြန်မာနိုင်ငံမှ ပညာရှင်များသာ ထုတ်လုပ်မည် ဖြစ်ကြောင်းလည်း မီးရထား လုပ်ငန်းမှ သိရသည်။
လက်ရှိ ပြည်တွင်းတွင် ပြေးဆွဲနေသည့် မီးရထားစက်ခေါင်း ၄ ရာကျော်ရှိသည့် အနက် ထက်ဝက်ခန့်သည် သက်တမ်း လွန်နေပြီး လူစီးတွဲ ၁၂၀၀ ခန့်၏ ၄ ပုံ ၁ ပုံသည် သက်တမ်းလွန်နေသည့် အတွက် ပြန်လည် ပြုပြင် အသုံးပြုနေကြောင်း မြန်မာ့ မီးရထား လုပ်ငန်းမှ သိရသည်။
ဆက်စပ်ဖတ်ရှုရန်
ရန်ကုန်မြို့ပတ်ရထားလမ်း အနောက်ခြမ်း အဆင့်မြှင့်ခြင်း စမည်
နေပြည်တော် ရထား စက်ခေါင်း စက်ရုံမှ ၂၀၁၉ မတ်လ အထိ စက်ခေါင်း ၁၀ ခေါင်း ထုတ်လုပ်မည်
တရုတ်ဆီက ချေးငွေဖြင့် ဝယ်မည့် ရထားတွဲများ မတန်တဆ ဈေးနှုန်း မဖြစ်ရန်လို