သတင်း

နာဂအဖွဲ့ NSCN-K မှ ခေါင်းဆောင်ပိုင်း၅ဦး ထုတ်ပယ်ခံရ

Want create site? Find Free WordPress Themes and plugins.

နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K) ၏ ဥက္ကဌအသစ် ခန့်အပ်ပြီး သုံးလအတွင်းမှာပင် ခန္တီးထောင်၌ အကျဉ်းကျခံ အဖွဲ့ဝင် ငါးဦးကို ၎င်းတို့သည် NCA အပစ်ရပ်စာချုပ် ဆိုင်ရာ ကိစ္စများကို အားပေး အားမြှောက်ပြု သည်ဟု ဆိုကာ အဖွဲ့မှ ထုတ်ပယ်လိုက်ကြောင်း ယမန်နေ့ နိုဝင်ဘာ ၁ ရက်က ထုတ်ပြန်သည်။

NSCN-K ၏ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ပြန်ချက်တွင် ၎င်းတို့နာဂ ပြည်ထဲရေးဝန်ကြီး တာဝန်ပေးထားသော ဗိုလ်ချုပ် (ငြိမ်း) အန်းမိုင်း၊ သာသနာရေးဝန်ကြီး ဦးကျော်ဝမ်းစိန်၊ သစ်တောရေးရာဝန်ကြီး ဦးအန်ကန့်၊ ဗဟိုကောင်စီအဖွဲ့ဝင် ဦးစောထင်၊ ဒုတိယ ဗိုလ်မှူးကြီး အောင်ဆိုင်း တို့ကို ထုတ်ပယ်လိုက်သည်ဟု ဖော်ပြထားသည်။

ထိုပုဂ္ဂိုလ် ၅ ဦးသည် “၎င်းတို့ပါတီ၏ မူဝါဒများနှင့် ဆန့်ကျင်စွာ NCA ကို တစိုက်မတ်မတ် လှုံ့ဆော်သည့် အတွက် ၎င်းတို့၏ တာဝန်ဝတ္တရားများ၊ လုပ်ပိုင်ခွင့် အာဏာနှင့် ခံစားခွင့်များကို နိုဝင်ဘာ ၁ ရက်မှ စတင်ကာ ရုပ်သိမ်းသည်” ဟု ဖော်ပြထားသည်။

ဦးအန်ကန့်သည် NSCN-K ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ဦးကျော်ဝမ်းစိန်မှာ ဒုအဖွဲ့ ခေါင်းဆောင်ဖြစ်ကာ ကျန် ၃ ဦးမှာ အဖွဲ့ဝင်များ ဖြစ်ကြသည်။

ထို ၅ ဦးသည် မတ်လ ၉ ရက်နေ့ကတည်းက မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် ဖမ်းဆီးခံထား ရပြီး လက်ရှိ ခန္တီး အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသူများ ဖြစ်သည်။

ခန္တီးဆက်ဆံရေးရုံး တာဝန်ခံ ဦးဂျူလိုင်ထောင်းက “သူတို့က ထောင်ထဲမှာပဲ ရှိနေပေမယ့် ဒီ NCA လက်မှတ်ထိုး ဖို့ကိစ္စကို ပါတီရဲ့ ခွင့်ပြုချက်မရှိဘဲ သူတို့သဘောနဲ့ သူတို့ စည်းရုံးထားတာရှိတယ်။ တရားရုံးမှာလည်း ထွက်ဆို တယ်လို့ ကျနော်တို့ သိရတယ်။ အပြင်မှာလည်း သူတို့ ပြောတာရှိတယ်။ ဒါက ပါတီရဲ့ ချမှတ်ထားတဲ့ စည်းမျည်းတွေ ပါတီရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မတွေကို မလိုက်နာတာဖြစ်တယ်” ဟု ဧရာဝတီသတင်းဌာနသို့ ပြောဆိုသည်။

NSCN-K ၏ ဗဟိုဌာနချုပ် တကားစခန်းကို အိန္ဒိယကို ဆန့်ကျင်နေသော ကသည်းနှင့် အာသံ သူပုန်များကို ခိုးအောင်း ခွင့်ပေးခြင်း၊ စစ်သင်တန်းများ ပေးခြင်း ဟူသော စွပ်စွဲချက်ဖြင့် အနောက်မြောက်ပိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခန္တီး ဗျူဟာမှူး ဦးစီးစစ်ကြောင်းက ဇန်နဝါရီ ၂၉ ရက်မှစကာ ထိန်းချုပ် တပ်စွဲထားခဲ့သည်။

အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေသော NSCN-K အဖွဲ့ဝင်များကိုလည်း တပ်မတော်က ဖမ်းဆီးပြီး မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇(၁) ဖြင့် တရားစွဲခဲ့သည်။ ထိုအထဲမှ ပညာရေးဝန်ကြီး၊ တရားရေးရာဝန်ကြီးနှင့် တခြားသော ဝန်ကြီးဌာနများမှ ဝန်ကြီးများအဖြစ် တာဝန်ထမ်းဆောင်နေကြသည့် ဦးငိုင့်တွမ်း၊ ဦးမန်လွှမ်း၊ ဦးလောင်စ၊ ဦးထွမ့်၊ ဦးတွန်ထောင်း တို့ကို ပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင့်ခဲ့သော်လည်း တပ်မတော်က အမှု ပြန်လည်ရုပ်သိမ်း၍ ဧပြီလ ၅ ရက်က ပြန်လွတ်လာခဲ့ကြသည်။

ယခင်က နာဂ လက်နက်ကိုင်တပ်ဖွဲ့ကို အက်စ်အက်စ် ကပ်ပလန်က ဦးဆောင်ခဲ့သည့်အတွက် NSCN-K ဟု လူသိများခဲ့သည်။ ၂၀၁၇ ခုနှစ် ဇွန်လတွင် ကပ်ပလန် ကွယ်လွန်ပြီးနောက် အနောက်ဘက်နာဂ ခေါ် အိန္ဒိယနွယ်ဖွား ဦးခါးငေါ်က ဥက္ကဌအဖြစ် ဦးဆောင်ခဲ့ပြီး ယမန်နှစ် သြဂုတ်လတွင် ဖြုတ်ချခံခဲ့ရသည်။

ထိုနောက် တနှစ်အကြာ သြဂုတ်လ ၅ ရက်နေ့တွင် NSCN/GPRN ဥက္ကဌအဖြစ် ခေါင်းဆောင်ဟောင်း ကပ်ပလန်၏ တူတော်သူ ယခင်ယာယီဥက္ကဌ ဦးယုံးအောင် ကို အတည်ပြု ခန့်အပ်ခဲ့သည်။

နာဂလက်နက်ကိုင်အဖွဲ့သည် အိန္ဒိယအခြေစိုက် နာဂလက်နက်ကိုင်တပ်ဖွဲ့နှင့် ပေါင်းကာ လွတ်လပ်သော နာဂ နိုင်ငံ တော် တည်ထောင်ရန် ကြိုးပမ်းနေပြီး မြန်မာအစိုးရ၏ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) ကို လက်မှတ်ရေး ထိုးရန် တစိုက်မတ်မတ် ငြင်းဆိုထားသည်။ သို့သော်လည်း ၂၀၁၂ ခုနှစ်တွင် အစိုးရနှင့် ပဏာမ အပစ်အခတ်ရပ်စဲ ရေး စာချုပ် ကို တိုင်းဒေသကြီးအဆင့် လက်မှတ်ရေးထိုးထားပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် လေ့လာသူအဖြစ် ရံဖန်ရံခါ ပါဝင်လေ့ ရှိခဲ့သည်။

သို့သော် ယခုနှစ် ဇန်နဝါရီလနှောင်းပိုင်းကတည်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်နိုင်ခြင်း မရှိတော့ဘဲ ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်သော ၎င်းတို့အဖွဲ့ဝင်များလည်း တခြားဒေသများတွင် ပုန်းရှောင်နေရသည်။

တပ်မတော်အနေဖြင့် NSCN-K နှင့် သဘောတူညီထားချက်များကို ချိုးဖောက်သည့်အတွက် ဆွေးနွေးမှုများ ပြုလုပ်မည်မဟုတ်ဘဲ နာဂပြည် (Nagalan) ရရှိရေးကို အတတ်နိုင်ဆုံး ကြိုးစားသွားမည်ဟု ဦးဂျူလိုင်ထောင်းက ပြောဆိုသည်။

“လက်ရှိဥက္ကဌ၏ ဦးဆောင်မှုအောက်မှာ ကျနော်တို့ စည်းစည်းလုံးလုံး ရှိတယ်။ နားလည်မှုရှိတယ်။ နာဂနိုင်ငံ တည်ထောင်နိုင်ရေးအတွက် မရမချင်း ကြိုးစားသွားမည်” ဟု ၎င်းက ဆိုသည်။

ဆက်စပ်ဖတ်ရှု့ရန်

ဦးယုံးအောင် နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ ဥက္ကဋ္ဌ ဖြစ်လာ

အိန္ဒိယ-မြန်မာ နယ်ခြားမျဉ်းပေါ်က နိုင်ငံရေးကျားကွက်များ

နာဂ NSCN-K ၏ မြို့နယ်မှူး အဆင့်ရှိသူ ဥပဒေဘောင်သို့ ဝင်ရောက်လာဟု တပ်မတော်ပြော

နာဂ အမျိုးသား ပါတီ (NNP) ဥက္ကဋ္ဌ နှင့် ဆက်သွယ် မေးမြန်းခြင်း

မပြေလည်နိုင်သေးသည့် နာဂ အရေး

NSCN-K နာဂ အဖွဲ့ ဘယ်လမ်း ရွေးမလဲ

Did you find apk for android? You can find new Free Android Games and apps.
Loading