ပဲခူးတိုင်းအနောက်ခြမ်း ပြည်မြို့ ရွှေဟင်္သာအရှေ့ပေါက်လမ်းရှိ ပုဗ္ဗါရုံဘုန်းတော်ကြီးကျောင်း စာသင်တိုက်တွင် ဘုန်းကြီးအချင်းချင်း ပုဆိန်ဖြင့် ခုတ်သတ်မှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ နိုဝင်္ဘာ ၁ ရက်နေ့ မွန်းလွဲပိုင်းက ဆွမ်းစားအပြီး ဆွမ်းစားကျာင်းဆောင် အပေါ်ထပ်တွင် လှဲလျောင်း၍ ဖုန်းသုံးနေသည့် ဆရာတော်အား အခန်းဖေါ် ဆရာတော်တပါးမှ ပုဆိန်ဖြင့် ခုတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောသည်။
ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဇော်ဝင်း က “ကျူးလွန်တဲ့ ဆရာတော်က သူကိုယ်တိုင်ပဲ ဒီပြစ်မှုကို ကျူးလွန်မိတယ်ဆိုပြီး မြို့မရဲစခန်းမှာလာပြီးတော့ အဖမ်းခံခဲ့တာပါ။ သူတို့နှစ်ပါးက တဦးနဲ့တဦး နားလည်မှု အထင်အမြင်လွဲမှားမှု မပြေလည်မှုလေးတွေ ပြီးခဲ့တဲ့ ၂ လကျော်လောက်တည်းက ဖြစ်နေတယ်လို့သိရတယ်” ဟု ပြောသည်။
ပုဆိန်ဖြင့်ခုတ်သတ်ခံရသည့် ဆရာတော်မှာ သက်တော် ၃၃ ဝါတော် ၁၃ ဝါရှိ စာချဆရာ ဦးအာဒိစ္စဖြစ်ပြီး နေရာမှာပင် ပွဲချင်းပြီး ပျံလွန်တော် မူ၍ ကျုးလွန်သူ ဦးဇင်းစန္ဒာဝရမှာ အသက် ၄၂ နှစ် ရဟန်းဝါ ၁ ဝါသာရရှိသေး ကြောင်းသိရသည်။
ထိုဆရာတော် ၂ ပါးမှာ ဆွမ်းစားကျောင်းဆောင်အပေါ်ထပ်တွင် ၂ ဦးတည်း သတင်းသုံးနေထိုင်ကြသူများဖြစ်ပြီး၊ ယခင်ကပြဿနာတစုံတရာမရှိခဲ့ကြောင်းနှင့် အခုလို လူသတ်မှုကျူးလွန်သည်အထိ ဖြစ်ရန် ပြဿနာမရှိကြောင်း ပုဗ္ဗါရုံကျောင်းတိုက်မှ စာချဆရာတော် ဦးညာဏိက က မိန့်သည်။
ဦးညာဏိက က “သူတို့နှစ်ပါး ချိတ်မိနေတဲ့ ပြဿနာက ဘာပြဿနာလဲအစရှာလို့မရဘူး။ ဦးဇင်းတို့ရဲ့ မျက်မြင် နားကြားမှာလဲ ကတောက်ကစ ဖြစ်တယ်ဆိုတာ အမြင်လဲမရှိဘူး၊ အကြားလဲမရှိဘူး။ တပါးက ဆွမ်းချက်တဲ့ ဦးဇင်း။ ပျံတော်မှုတဲ့ ဦးဇင်းလေးက စာချဘုန်းကြီး။ အတွင်းမှာ ဘာတွေဖြစ်ခဲ့လည်းတော့မသိဘူး။ သူကိုယ်တိုင် ရဲစခန်းသွား အဖမ်းခံတယ် ဆိုတော့ ရဲစခန်းမှာ ထွက်ချက်တွေရှိမှာပါ။ အဲဒါတွေကတော့ ဦးဇင်းတို့ကိုယ်တိုင်ကိုမသိဘူး” ဟု မိန့်သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပုဆိန်ဖြင့်ခုတ်သတ်ခဲ့သည့် ဦးစန္ဒဝရ (လူနာမည်) ဦးစံသောင်း အား ပြည်မြို့မရဲခစန်းမှတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ ဖမ်းဆီးအရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
You may also like these stories:
စစ်အာဏာရှင်များ ဘာကြောင့် မတောင်းပန်သလဲဟု ရွှေဝါရောင် သံဃာတော်များ မိန့်
သံဃာထု အပေါ်နှိပ်ကွပ်ခဲ့မှု ဝန်ချတောင်းပန်ရန် ဆန္ဒပြသံဃာများက စောင့်ဆိုင်းနေဆဲ