သတင်း

AA ဖမ်းဆီးထားသည့် ချင်းအမတ်ကို ပြန်ကယ်ရန် ကြိုးစားနေဟု တပ်မတော်ပြော

Want create site? Find Free WordPress Themes and plugins.

နေပြည်တော်သို့ လွှတ်တော်တက်ရန် လာစဉ် လမ်းခရီး၌ ရက္ခိုင် စစ်တပ် (AA) ၏ ဖမ်းဆီးခြင်းခံရသည့် အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီမှ ချင်းပြည်နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း ပြန်လည် လွတ်မြောက်လာစေရန် တပ်မတော်က ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

နိုဝင်ဘာလ ၃ ရက်က ချင်းတိုင်းရင်းသား အမျိုးသား လွတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းနှင့် အိန္ဒိယနိုင်ငံသား ၄ ဦး၊ စကားပြန်နှင့် စပိဘုတ်ယာဉ် မောင်းနှင်သူ စုစုပေါင်း ၁၀ ဦးတို့သည် ချင်းပြည်နယ် ပလက်ဝမြို့မှ ရခိုင်ပြည်နယ် ကျောက်တော်မြို့သို့ လာရောက်စဉ် ကျောက်တန်း ကျေးရွာနားအရောက် ပျောက်ဆုံးသွားခြင်း ဖြစ်သည်။

၎င်းတို့ကို ယနေ့ နံနက်ပိုင်းတွင် AA အဖွဲ့က ပြန်လည် လွှတ်ပေးခဲ့သော်လည်း ချင်းအမျိုးသား လွှတ်တော် ကိုယ်စား လှယ် ဦးဝှေ့တင်းကို ဆက်လက် ဖမ်းဆီးထားကြောင်း၊ ပြန်လွတ်လာသူများထဲမှ အိန္ဒိယနိုင်ငံသားတဦးမှာ လမ်းခရီး၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “တပ်မတော် အနေနဲ့ နယ်မြေ စိုးမိုးရေး ပြန်လည် ရရှိရေးနဲ့ ပါသွားတဲ့ လွှတ်တော် ကိုယ်စားလှယ် ပြန်လည် လွတ်မြောက်ရေး အတွက် ပြန်လည် လုပ်ဆောင်လျက် ရှိပါတယ်။ သူ(ဦးဝှေ့ တင်း) ပြန်လည် လွတ်မြောက်ဖို့ အတွက် ကြိုးစားနေပါတယ်”ဟု ပြောသည်။

သေဆုံးသွားသည့် အိန္ဒိယနိုင်ငံသား၏ ရုပ်အလောင်းမှာ ကျောက်တော်မြို့နယ်၊ ပြည်သူ့ဆေးရုံသို့ ရောက်ရှိနေ ကြောင်း ကျောက်တော် မြို့ခံ ဦးကျော်လှမြင့်က ပြောသည်။

ဦးကျော်လှမြင့်က “နိုင်ငံခြားသား ၁ ဦးက လမ်းမှာ ကျန်းမာရေး အခြေအနေကြောင့် သေဆုံးသွားတယ်လို့ ပြောတယ်။ ကျန်တဲ့ ၈ ဦးက အခု ကျောက်တော် ရဲစခန်းမှာ ရောက်နေပါတယ်။ လောလောဆယ်တော့ ဘာမှတော့မေးလို့ မရ သေးဘူး။ ဌာနဆိုင်ရာက စိစစ်မှုတွေ လုပ်နေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အိန္ဒိယ-မြန်မာ ဇိုရမ်ပူ ကားလမ်း ဖောက်လုပ်ရေး ဆောင်ရွက်နေသည့် EPI ကုမ္ပဏီမှ အိန္ဒိယ နိုင်ငံသား ၂ ဦး၊ တခြား ကုမ္ပဏီက အိန္ဒိယ နိုင်ငံသား ၂ ဦး၊ ချင်းပြည်နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းနှင့် အခြားသူများ သည် EPI ကုမ္ပဏီပိုင် စပိဘုတ် ၂ စင်းဖြင့် ပလက်ဝ ဆိပ်ကမ်းမှ နိုဝင်ဘာ ၃ ရက် မနက် ၇ နာရီခွဲတွင် စတင် ထွက်ခွာ လာခဲ့ကြောင်း သိရသည်။

နေ့လယ်၂ နာရီခန့် အထိ ကျောက်တော်မြို့သို့ မရောက်လာသည့် အခါ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာ ယင်း စပိဘုတ် ၂ စီးကို ကျောက်တန်းကျေးရွာ အနီး၊ ကုလားတန်မြစ် အနောက်ခြမ်းတွင် ရပ်ထားပြီး လူများ ပျောက်ဆုံးကြောင်း တွေ့ရသည့်အတွက် လိုက်လံ စုံစမ်းရာ AA ၏ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း သက်ဆိုင်ရာ အာဏာပိုင် များက ထုတ်ဖော် ပြောဆိုသည်။

တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “သူတို့ကို ကနဦး မေးမြန်းချက် အရကတော့ ကျောက်တန်း ကျေးရွာနား လေးမှာ AA ၇ ယောက်လောက်က သေနတ်ဖောက်ပြီးတော့ စပိဘုတ်တွေကို တားတယ်။ တားပြီးတော့ စပိဘုတ် အင်ဂျင်တွေကို ဖြုတ်တယ်။ စပီဘုတ်တွေကို ကမ်းမှာ ကပ်တယ်။ ကပ်ပြီးတော့ သူတို့ကို လှေနဲ့ ကျောက်တန်းကျေး ရွာရဲ့ အနောက်ဘက်မှာ ရှိတဲ့ ကွင်းဆေး ကျေးရွာဘက်ကို ခေါ်သွားတယ်လို့ ပြောတယ်” ဟု ပြောသည်။

ကွင်းဆေးကျေးရွာသို့ ရောက်သည့် အခါ ခြေလျင်ခရီး ဆက်သွားရကြောင်း၊ တောင်များကို ၂ နာရီခွဲခန့် ကျော်ပြီး သည့်အခါ ပါလာသည့် အိန္ဒိယနိုင်ငံသား တဦး သေဆုံးသွားကြောင်း၊ ထို့နောက် လွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့ တင်းမှ လွဲ၍ ကျန်လူများကို ပြန်လွှတ်ပေးခြင်း ဖြစ်ကြောင်း တပ်မတော်ဘက်က ပြောဆိုသည်။

ပလက်၀ မြို့နယ်က ချင်းပြည်နယ်တွင် ရှိသဖြင့် AA အဖွဲ့ အနေဖြင့် တော်လှန်ရေး လုပ်မည် ဆိုပါက ရခိုင်ပြည်နယ် ဘက်တွင်သာ လုပ်စေလိုကြောင်း၊ ယခုလို ချင်းပြည်နယ်ဘက်ကိုပါ အခြေပြုသဖြင့် ဒေသ၏ ပညာရေး၊ ကျန်းမာရေး နှင့် လူမှုရေးများတွင် နစ်နာခြင်း၊ စီးပွားရေး အခွင့်အလမ်းများ ဆုံးရှုံးနေရကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့မှ ဝန်ကြီး ဦးစိုးထက်က ပြောသည်။

“ဒီ အိန္ဒိယ စီမံကိန်းကြီးတွေကိုလည်း မကြာမကြာ နှောင့်ယှက်နေတာ ဖြစ်တဲ့အတွက် ဒါက မကောင်းဘူး။ ရေရှည်မှာ လည်း မကောင်းဘူး။ သူတို့ လွတ်မြောက်ရေး အတွက် သူတို့ဟာ သူတို့နယ်မြေမှာ လှုပ်ရှားရင် ကျနော်တို့ ဘာမှ ပြောစရာ မရှိဘူး” ဟု ၎င်းက ဆိုသည်။

ဝန်ကြီး ဦးစိုးထက်က ဆက်လက်၍ “အခု လူတွေကို ဆွဲချင်ရာ ဆွဲ။ အခု ပလက်ဝက ဆိုရင် အခုအချိန် အထိ ဖမ်း ထားပြီး ပြန်မလွှတ်သေးတာ ၈၂ ယောက် ရှိတယ်။ အခု နောက်ပိုင်း ဆက်တိုက် ခေါ်နေတယ်။ ၂၇ ရက်ကလည်း တ ယောက် ခေါ်သွားတယ်။ ၃၁ ရက် နောက်ထပ် ၃ ယောက် ထပ်ခေါ်တယ်။ အဲဒီလိုမျိုး သူတို့ လက်နက်ကိုင်တွေ လုပ် ချင်တာ လုပ်နေတာ ဖြစ်တဲ့အတွက် ရေရှည်မှာ ဒီဟာက နောက်ဆက်တွဲ အကျိုးရလဒ်တွေက မကောင်းနိုင်ဘူး” ဟု ပြောသည်။

ယခုလို ချင်းပြည်နယ်တွင် ရခိုင်တပ်များ ရောက်ရှိနေခြင်းကို ချင်းလူထုက လုံးဝ မကျေနပ်ကြောင်း၊ ထို့ကြောင့် အစိုး ရနှင့် သက်ဆိုင်ရာ ဌာနများသို့ သတင်းပို့ထားကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့က သိရသည်။

အဖမ်းခံရသည့် အိန္ဒိယနိုင်ငံသားများသည် ၎င်းတို့ ကုမ္ပဏီပိုင် သဘောင်္ဖငြ့် နိုဝင်ဘာလ ၁ ရက်က စစ်တွေမြို့သို့ ရောက်လာခြင်း ဖြစ်ကာ ယင်းနေ့ နေ့လယ် ၁ နာရီခန့်တွင် ပလက်ဝသို့ ဆက်လက် ထွက်သွားခြင်း ဖြစ်ကြောင်း သိရ သည်။

AA အဖွဲ့သည် ပလက်ဝ စီမံကိန်းကို ပစ်မှတ်ထား နှောင့်ယှက်လာကြောင်း၊ ပလက်ဝ လမ်းစီမံကိန်း ဆောင်ရွက်နေ သည့် မြန်မာကုမ္ပဏီ တခုမှ လမ်းလုပ်သားများကိုလည်း လပေါင်းများစွာ ထိန်းသိမ်းခြင်း၊ ပလက်ဝ တံတား စီမံကိန်း အတွက် သံဘောင်များ တင်လာသည့် ရေယာဉ်ကို ပစ်ခတ်၊ မီးရှို့ခြင်းများ ပြုလုပ်ခဲ့ဖူးကြောင်း တပ်မတော် ဘက်က ပြောသည်။

“အိန္ဒိယ နိုင်ငံသား တယောက် သေမှ ပြန်လွှတ်ပေးလိုက်တာပါ။ မဟုတ်ရင် ဆက်ခေါ်ဆောင်သွားမယ့် သဘော ရှိ တယ်။ ဒါတွေက ဒေသဖွံ့ ဖြိုးရေး လုပ်ငန်းတွေကို ထိခိုက်တယ်။ နိုင်ငံတကာ ဆက်ဆံရေးမှာလည်း ထိခိုက်မှု ရှိလာ နိုင်တယ်။ နိုင်ငံခြား အကူအညီနဲ့ လုပ်တဲ့ လုပ်ငန်းတွေလည်း ထိခိုက်နိုင်တယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက သုံး သပ်ပြောဆိုသည်။

AA မှ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက “ဦးဝှေ့တင်းကိုတော့ လုံခြုံရေးအရ စစ်ဆေးစရာတွေ ရှိသေးတဲ့အတွက် ဆက် ပြီးတော့ ထိန်းသိမ်းထားတာပါ။ ကျနေ်ာတို့ ရခိုင်တပ်တော်က လိုအပ်လို့ စစ်ဆေးရင် လူတယောက်ကို နှိပ်စက် ညှဉ်း ပမ်းတာမျိုး မလုပ်ရပါဘူး။ ကျနော်တို့ ဒါကို တင်းတင်းကျပ်ကျပ် တားမြစ်ထားပါတယ်။ သူ့ကို စစ်ဆေးစရာ ရှိလို့ ထိန်း သိမ်းထားတာမှာ လူ့ဂုဏ်သိက္ခာနှင့် အညီ ကောင်းကောင်းမွန်မွန်ပဲ ထိန်းသိမ်းထားပါတယ်” ဟု ဧရာဝတီသို့ ပြော သည်။

ထို့ပြင် ကုလားတန် မြစ်ကြောင်းအတိုင်း လာသည့် စပိဘုတ်၂ စီးကို ပုံမှန် ရပ်တန့်စေရန် စစ်ဆေးခဲ့ခြင်းသာ ဖြစ်ပြီး အိန္ဒိယနိုင်ငံသားများ ပါဝင်လာသည်ကို မသိရကြောင်း၊ သေဆုံးသွားသူမှာလည်း နှလုံးရပ် ရှော့ခ်ဖြစ်ပြီး ချက်ခြင်း သေ ဆုံးသွားခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ယနေ့ နေ့စွဲဖြင့် AA အဖွဲ့၏ ထုတ်ပြန်ချက်တွင် ၎င်းတို့အဖွဲ့အနေဖြင့် ရခိုင်ဒေသအတွင်း နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံ သော လုပ်ငန်းများကို ဆန့်ကျင်လိုသည့် သဘောထားမရှိဘဲ ရခိုင်ဒေသနှင့် ၎င်းဒေသအတွင်း နေထိုင်ကြသော ဒေသ ခံများအတွက်ပါ အမှန်တကယ် အကျိုးကျေးဇူး ဖြစ်ထွန်းစေမည့် စီမံကိန်းများကို ကြိုဆိုကြောင်းနှင့် ရခိုင်ဒေသအတွင်း ရင်းနှီးမြှုပ်နှံနေကြသော နိုင်ငံတကာ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိ ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် ရခိုင်ဒေသအတွင်း ကုန်းလမ်း၊ ရေလမ်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ဆောင်ရွက်နေကြသူများ အနေ ဖြင့် ခရီးသွားလာရာတွင် မိမိတို့ အဖွဲ့ထံ သတင်းပို့သွားလာကြရန်၊ သတင်းပို့ခိုင်းခြင်းမှာ ပလက်ဝနှင့် ရခိုင်ဒေသ အတွင်း တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် မလိုလားအပ်သော နောက်ဆက်တွဲ ပြဿနာများ မဖြစ်ပေါ်စေရန်ဟု ထုတ်ပြန် ချက်၌ ပါရှိသည်။

ယင်းပြင် တိုက်ပွဲများ အတွင်း ပိတ်မိမသွားရန်နှင့် မြန်မာစစ်တပ်၏ စစ်ဆင်ရေးကို အထောက်အကူပြုနေသူများ ဟုတ် မဟုတ် သိရှိစေရန်အတွက် ဖြစ်ကြောင်း၊ ရခိုင်ဒေသအတွင်း ဖြစ်ပွားလျက်ရှိသော တိုက်ပွဲကာလများ၌ မိမိတို့ စစ်ဆေး ရန် ခေါ်ယူထိန်းသိမ်းထားသော သူများထဲမှ စစ်ဖက်နှင့် မသက်ဆိုင်သည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင် ၁၈ ဦးကို မကြာခင် ပြန်လည် လွှတ်ပေးသွားမည်ဟု ထုတ်ပြန် ကြေညာထားသည်။

မင်းအောင်ခိုင်ပူးပေါင်းပါ၀င်ရေးသားသည်

You may also like these stories:

AA ဖမ်းဆီးသွားသူများမှ ၁၄ ဦးကို တပ်မတော် ပြန်ကယ်တင်နိုင်

မန္တလေး- စစ်တွေယာဉ်လိုင်းမှ ခရီးသည် ၃၁ဦးကို မြောက်ဦးအနီး AA ဖမ်းဆီးဟုဆို

ပြည်သူ့ကိုယ်စားလှယ်ကို ဖမ်းဆီးချုပ်နှောင်တယ်ဆိုတာ သင့်တော်တဲ့ ကိစ္စမဟုတ်ဘူး

Did you find apk for android? You can find new Free Android Games and apps.
Loading