ရန်ကုန်တက္ကသိုလ်အတွင်း သစ်ပင်များ ခုတ်ခြင်းနှင့် ပတ်လမ်းဖောက်ခြင်းကို ယာယီရပ်ဆိုင်းထားရန် ယနေ့ အဆင့်မြင်ပညာ ဦးစီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့များ ဆွေးနွေးမှုက သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။
လက်ရှိ ဆောင်ရွက်နေသော Ring Road၊ Landscaping စီမံကိန်းနှင့် အခြားဖွံ့ဖြိုးရေး လုပ်ငန်းများ နှင့် ပတ်သက်၍ အဆင့်မြင့်ပညာဦးစီးဌာန၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ် ဆရာ၊ ဆရာမ များသမဂ္ဂ၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂနှင့် University of Yangon Environmental Clubတို့ ယနေ့ တွေ့ဆုံဆွေးနွေးအပြီး သဘောတူညီမှု ရခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တက္ကသိုလ်ကို နိုင်ငံတကာ အဆင့်မီပုံစံတက္ကသိုလ်တခု ဖြစ်လာစေရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး Master plan တခုကို လွန်ခဲ့သည့် ၂နှစ်ခန့်မှ စတင်ကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာန ကထိက၊ဒေါက်တာထွန်းထွန်းနိုင်က ” တက္ကသိုလ်ထဲမှာ သစ်ပင်တွေ အခုတ်ခံရတဲ့ကိစ္စမှာ တာဝန်အရှိဆုံးက ရန်ကုန်တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့ဖြစ်တယ်။ သူတို့က ဘာတွေလုပ်နေတယ် ဆိုတာမျိုး ပြည်သူကို ထုတ်ပြန်တာမရှိဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ရန်ကုန်တက္ကသိုလ်သည် သမိုင်းဝင်အဆောက်အဦးဖြစ်သည့်အတွက် ဖြတ်သန်းသွာသေား ကားများ၏ တုန်ခါမှု ဒါဏ်မခံရစေရန်နှင့် ကျောင်းသားများ အဆင်ပြေပြေ လွတ်လပ်စွာ လှုပ်ရှားမှုဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး ပတ်လမ်းလုပ်ဆောင်ခြင်းဖြစ်သည်ဟု ဒေါက်တာထွန်းထွန်းနိုင်က ရှင်းပြသည်။
ပတ်လမ်းဖောက်လုပ်မှု အတွက် သစ်ပင်အများအပြားအခုတ်ခံရမှုနှင့် ပတ်သက်၍ ရန်ကုန်တက္ကသိုလ် ကျောင်း သားများသမဂ္ဂမှ ဦးဆောင်ကာ ၂ကြိမ်တိုင်တိုင်ဆန္ဒပြခဲ့ပြီး “သစ်ပင် များလုံးဝ မခုတ်ရန်”စာများပါသော စာရွက်များကပ်သည့် လှုပ်ရှားမှုများ လည်း ပြုလုပ်ခဲ့သည်။
ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက အောက်တိုဘာ ၂ရက်နေ့တွင် ပထမအကြိမ် ဆန္ဒပြခဲ့ပြီး ၃ရက် နေ့တွင် ခုတ်ရန် မှတ်သားထားသည့် သစ်ပင်များတွင် “သစ်ပင်များလုံးဝ မခုတ်ရန်”စာများပါသည့် လှုပ်ရှားမှု တခုပြုလုပ်ခဲ့သကဲ့သို့ အောက်တိုဘာ ၄ရက်နေ့တွင်လည်း သစ်ပင်ခုတ်မှုနှင့်ပတ်သက်ပြီး ထပ်မံ ဆန္ဒပြခဲ့ပြီး ကြေငြာချက်တစောင်ထုတ်ပြန်ခဲ့သည်။
သစ်ပင်ခုတ်မှုနှင့် ပတ်သက်ပြီး ကျောင်းသားထု အခွင့်အရေး ကော်မတီ တာဝန်ခံ ကိုလေပြေစိုးမိုးက “ကျောင်းနဲ့ တွေ့ဆုံပြီး မေးတော့ ခုတ်ဖို့ရာထားတဲ့ အပင်က ၇၆ပင်၊ ခုတ်ပြီးတာက ၂၅ပင်ရှိတယ်၊ သူတို့က အပင်အမျိုးအစားနဲ့ လုံးပတ်စတဲ့ စာရင်းကို ပြတယ်၊ ကျနော်တို့ မနေ့က ခုတ်မယ့်အပင်တွေမှာ စာလိုက်ကပ်တယ်၊ သူတို့ ပြောတဲ့ ခုတ်ပြီးသား ၂၅ပင် ဆိုတာက မဖြစ်နိုင်ဘူး ထင်တယ်။အနည်းဆုံးတော့ ၅၀လောက်ရှိမယ်။ နောက် သူတို့က ၇၆ပင်ခုတ်မယ်ပြောတယ်။ သူတို့ခုတ်ဖို့ အမှတ်အသား လုပ်ထားတဲ့အပင်ချည်း ပဲအပင်၁၀၀ နီးပါးရှိ တယ်” ဟု ပြောသည်။
ယနေ့တွေ့ဆုံဆွေးနွေးသည့် သဘောတူညီချက်တွင် ရန်ကုန်တက္ကသိုလ်အတွင်းရှိ သစ်ပင်များအား သစ်တောဦးစီးဌာန၏ သဘောထား မှတ်ချက်နှင့် ကျောင်းသား/ကျောင်းသူများ၊ ဆရာ၊ဆရာမများ၏ သဘောတူညီချက် မပါပဲ ဆက်လက်မခုတ်ရန်၊ အကယ်၍ ခုတ်ရန် လိုအပ်ပါက ကျောင်းသား/ကျောင်း သူများ၊ ဆရာ၊ ဆရာမများ အား အကြောင်းကြားပြီး လိုက်လံစစ်ဆေးကာ သစ်တောဦးစီးဌာန၏ အကြုံပြု ညွန်ကြားချက်ဖြင့်သာ ဆောင် ရန်စသည့် အချက် ၃ချက်ပါကို ဆောင်ရွက်နေစဉ်ကာလအတွင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ Ring Road၊ Landscape နှင့်သက်ဆိုင်သော လှုပ်ရှားမှု ယာယီရပ်ဆိုင်းထားရန် အချက်များ ပါဝင်သည်။
ရန်ကုန်တက္ကသိုလ် ဆရာ၊ ဆရာမများ သမဂ္ဂမှ ဥက္ကဋ္ဌ ဒေါက်တာအာကာမိုးသူက “ဒီလိုမျိုး ခုတ်ချင်ရာ ခုတ်တာကို ကျနော်တို့က သဘောတူခဲ့တာ မဟုတ်ပါဘူး။ ဒါကို တက္ကသိုလ်အာဏာပိုင်တွေက ချက်ခြင်း တားရမယ့် ကိစ္စ။ တချို့ တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့က မျက်စိမှိတ်နေတာ” ဟု ဧရာဝတီသို့ ပြောသည်။