ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆက်မပြတ် ဆက်လုပ်ရန် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ကို တရုတ် နိုင်ငံခြားရေးဌာန အာရ ှရေးရာ အထူး သံတမန် မစ္စတာ ဆွန်ကော့ရှန် (Sun Guoxiang) က တိုက်တွန်းကြောင်း သတင်း ရရှိသည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ် မန်ရှီမြို့တွင် အောက်တိုဘာ ၃၁ ရက်နေ့က ခေါ်ယူ တိုက်တွန်းခဲ့ခြင်း ဖြစ်ကြောင်း ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) သတင်းနှင့် ပြန်ကြားရေး ဌာန တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောပြသည်။
မိုင်းအိုက်ကျော်က“အဓိက ဆွေးနွေးတာကတော့ မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို တရုတ်အားပေး ထောက်ခံနေတဲ့ အကြောင်း ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲကို အဆက်မပြတ် ဆောင်ရွက်ဖို့ အဲဒါပြောတာပါ”ဟု ဧရာဝတီသို့ ပြော သည်။
ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)၊ ပလောင်(တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – ကိုးကန့်တပ်ဖွဲ့ (MNDAA)နှင့် ရက္ခိုင်စစ်တပ် (AA) တို့မှ ကိုယ်စား လှယ်များကလည်း လတ်တလော ကြုံတွေ့နေရသည့် အခက်အခဲများကို တင်ပြခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ အနေဖြင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့များအပေါ် ယခုကဲ့သို့ တိုက်တွန်းနေမှုသည် တရုတ် အစိုးရ၏ မူဆယ် -မန္တလေး ရထားလမ်း စီမံကိန်းများနှင့် ဆက်စပ်နိုင်ကြောင်း နိုင်ငံရေး သုတေသီ ဦးမောင်မောင်စိုးက ပြောသည်။
ဦးမောင်မောင်စိုးက“လောလောဆယ် မူဆယ်နဲ့မန္တလေး မီးရထားလမ်း ဖောက်ဖို့ တရုတ်က တိုင်းထွာနေတာ ရှိတယ်။ EIA Report တွေကိုမြို့နယ်တိုင်း လိုက်ပြီးတော့ ရှင်းလင်းနေတာတွေလည်း ရှိပါတယ်။ မကြာခင်မှာ မြန်မာအစိုးရနဲ့ ဆွေးနွေးဖွယ်ရှိတယ်။ အဲဒီတော့ သူ့ကုန်သွယ်ရေး လမ်းကြောင်းပေါ်က တည်ဆောက်ရေး လမ်းကြောင်းတွေကို ကြိုးစား ဆောင်ရွက် နေတယ်လို့ ထင်ပါတယ်”ဟုလည်း ပြောဆိုသည်။
မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် အစိုးရတို့ကြား ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် စက်တင်ဘာ လလယ်ပိုင်းက နောက်ဆုံး တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး တပ်နေရာ ချထားရေး၊ တိုက်ပွဲများ လျှော့ချရေးတို့ အပါအဝင် အချက် ၇ ချက် သဘောတူခဲ့ကြသည်။
ထို့အတူ အောက်တိုဘာ လလယ်ပိုင်းတွင် နောက်တကြိမ် တွေ့ဆုံရန် အတွက်ပါ သဘောတူညီ ခဲ့ကြသည်။ သို့သော် ထိုတွေ့ဆုံရန် ရည်ရွယ်ချက်မှာ မဖြစ်မြောက်ခဲ့ဘဲ မြေပြင်တိုက်ပွဲများ ကြိုကြား ကြိုကြားဖြစ်နေသည်ကိုတွေ့ရသည်။
AA အဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက“ပြဿနာတွေ ရှိနေလို့ပဲ ဒီတွေ့ဆုံ ဆွေးနွေးရေးက လိုအပ်တာလေ။ ကျနော် တို့ ဘက်ကတော့ ဆွေးနွေးရေးနဲ့ ပတ်သက်ရင် အဆင်သင့် ရှိပါတယ်။ အခု ကြန့်ကြာနေတယ် ဆိုတဲ့ကိစ္စ တပ်မတော် ဘက်က အခြား အကြောင်းတွေကြောင့်ပဲ ဖြစ်ပါလိမ့်မယ်”ဟု ဧရာဝတီသို့ ပြောသည်။
မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့သည် “ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) တို့နှင့်အတူ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့ဝင် အဖြစ် ရပ်တည်ထားပြီး အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ် မရေးထိုးရသေးသော အဖွဲ့များ ဖြစ်ကြသည်။
You may also like these stories:
ဘုရားတွင် TNLA တပ်စွဲ၍ တိုက်ပွဲဖြစ်ရဟု တပ်မတော် ပြော
မြောက်ပိုင်းမဟာမိတ် တိုက်ခိုက်မှုကြောင့် ဆွေးနွေးရေး လမ်းစပျောက်သွားမလား
TNLA ထိန်းချုပ်ထားသည့် တောင်ရိုး စေတီကုန်း တပ်မတော် ပြန်လည်သိမ်းပိုက်