ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အတွင်း ရွှေနဒီ အမြန်ရေယာဉ်ပေါ်မှ ဖမ်းဆီးသွားသူများထဲက အရပ်သား၂၅ ဦးကို ယနေ့ မနက်ပိုင်းတွင် ရက္ခိုင် စစ်တပ် (AA) အဖွဲ့မှ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
အဆိုပါ အရပ်သား ၂၅ ဦးကို ဘူးသီးတောင်မြို့နယ် အတွင်းရှိ ငွေတောင်ရွာ ကျေးရွာအုပ်ချုပ်ရေးမှူး လက်ထဲသို့ လွှဲ ပြောင်း အပ်နှံပေးခဲ့ကြောင်း AA သတင်း ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ပြောသည်။
ခိုင်သုခက “ကျနော်တို့ ဒီနေ့ မနက် ၆ နာရီလောက်မှာပဲ အရပ်သား စစ်စစ် ၂၅ ဦးကို ငွေတောင်ရွာ ဘုန်းကြီးကျောင်းမှာ အဲဒီရွာက အုပ်ချုပ်ရေးမှူး လက်ထဲ ကောင်းမွန်စွာပဲ လွှဲပြောင်းပေးခဲ့တယ်။ သူတို့ကို လမ်းစရိတ်ငွေ ၁ သောင်းခွဲ ထည့် ပေးလိုက်တယ်။ ပြီးတော့ သူတို့မှာ ပါလာတဲ့ လက်ကိုင်ဖုန်းတွေရော အကုန်ပြန်ပေးလိုက်ပါတယ်။ ကျနော်တို့ လက်ထဲမှာ အရပ်သားတွေ တယောက်မှ မကျန်တော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
စစ်တွေ-ဘူးသီးတောင်သို့ ပြေးဆွဲနေသော ရွှေနဒီ အမြန်ရေယာဉ်ကို အောက်တိုဘာလ၂၆ ရက် မနက် ၁၀ နာရီ ဝန်းကျင် ၌ ရသေ့တောင်မြို့အလွန်တွင် AA အဖွဲ့က ဟန့်တားကာ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အတူ အရပ်သား တချို့ကိုလည်း ဖမ်း ဆီးခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ရွှေနဒီ အမြန်ရေယာဉ်ပေါ်မှ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အတူ အရပ်သားများကို စစ်ဆေးရန် ခေါ်ဆောင်ရာ၌ တပ်မ တော်က ရဟတ်ယာဉ် ၃ စီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် အရပ်သားများအား ပြန်လွှတ်ချိန် မရဘဲ ဘေးကင်းလုံခြုံ ရာသို့ လူစုခွဲ၍ ခေါ်ဆောင်ခဲ့ရခြင်း ဖြစ်ကြောင်းလည်း ခိုင်သုခက ဆက်လက် ပြောကြားသည်။
ဘူးသီးတောင်မြို့နယ် ဒု မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှရွှေက “ကျနော်တို့ကို အဲဒီရွာက အုပ်ချုပ်ရေးမှူးတွေက အကြောင်း ကြားလာတဲ့အတွက် သူတို့ကို အခု ခေါ်ယူဖို့ သွားရောက်နေတာ ရှိပါတယ်။ အားလုံးက ၂၅ ယောက်လို့ သိရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရွှေနဒီ အမြန်ရေယာဉ်ပေါ်မှ AA အဖွဲ့ ခေါ်ဆောင်ခဲ့ရာတွင် တပ်မတော်သား ၁၄ ဦး၊ ရဲတပ်ဖွဲ့ဝင်၂၉ ဦး၊ အကျဉ်းဦးစီးဌာနမှ ၂ ဦး စုစုပေါင်း လုံခြုံရေး တပ်ဖွဲ့ဝင် ၄၅ ဦး ပါဝင်သွားခဲ့ကြောင်းလည်း တပ်မတော်က ထုတ်ပြန်ထားသည်။
ယင်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရသည့် အတွက် တပ်မတော်မှ မြေပြင်တပ်မများနှင့် အတူ ရဟတ်ယာဉ်များဖြင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ရာတွင် လုံခြုံရေး တပ်ဖွဲ့ဝင် ၁၀ ဦးနှင့် အရပ်သား ၅ ဦးကို ပြန်လည် ကယ် တင်နိုင်ခဲ့ကြောင်းလည်း တပ်မတော် သတင်း ပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာဝတီသို့ ပြောဆိုထား သည်။
သို့သော် AA အဖွဲ့ကမူ ရွှေနဒီ အမြန်ရေယာဉ်ပေါ်မှာ လူ မည်ရွေ့မည်မျှ ဖမ်းသွားကြောင်း၊ ထုတ်ပြန်ခြင်း မရှိသကဲ့သို့၊ လက်ရှိအချိန်တွင် သူတို့၏ လက်ထဲတွင် ဖမ်းဆီးခံများ မည်မျှကျန်သည်ကိုလည်း ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။
ရွှေနဒီ အမြန်ယာဉ်မှ ဖမ်းဆီးခေါ်ဆောင်ခဲ့သူများထဲက အရပ်သား အားလုံးကို ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်သည့် အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များသာ ကျန်ရှိနေကြောင်း၊ ယင်း ကျန်နေခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ စစ်ဘက်ဆိုင်ရာနှင့် ပတ် သက်နေခြင်းကြောင့် အရေအတွက်နှင့် မည်သို့ ဆက်လက်ဆောင်ရွက်မည် ဆိုသည်ကို ထုတ်ဖော် ပြောကြားရန် အစီ အစဉ်မရှိသေးကြောင်းလည်း AA ဘက်မှ ခိုင်သုခက ပြောသည်။
ယင်းသို့ ရွှေနဒီ အမြန်ရေယာဉ်ပေါ်မှ တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရသည့် ကိစ္စနှင့် ပတ်သက်ပြီး သတင်းပေါက်ကြားသည်ဟု ဆို ကာ ရေယာဉ်ပိုင်ရှင် ဦးရွှေသန်းနှင့် ဝန်ထမ်း ၇ ဦး စုစုပေါင်း ၈ ဦးတို့ကိုလည်း သက်ဆိုင်ရာ အဖွဲ့မှ ထိန်းသိမ်း စစ်ဆေးနေ ကြောင်းလည်း ၎င်းတို့၏ မိသားစုဝင်များက ပြောသည်။
AAသည် နိုဝင်ဘာ ၃ရက်နေ့ကလည်း ကုလားတန်မြစ် စီမံကိန်းတွင် အလုပ်လုပ်နေသည့် အိန္ဒိယနိုင်ငံသား ၉ ဦးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းတို့ကိုလည်း ဖမ်းဆီးခဲ့ပြီး နောက်တနေ့တွင် အိန္ဒိယနိုင်ငံသားများကို ပြန်လွှတ်သော်လည်း ချင်းအမတ် ဦးဝှေ့တင်းကိုမူ ဆက်လက်ဖမ်းထားသည်။
ဆက်စပ်ဖတ်ရှုရန်
ရွှေနဒီရေယာဉ်မှ ကယ်ဆယ်ရရှိသူများတွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦး၊ အရပ်သား ၅ ဦး ပါဝင်
ရွှေနီဒီရေယာဉ်ပေါ်မှ AAက ဖမ်းဆီးသွားသူများတွင် တပ်မတော်သားများလည်းပါဝင်နေ
ရွှေနဒီ အမြန်ရေယာဉ်ကို AA က ဖမ်းဆီး