နေပြည်တော်တွင် အခြေချနေထိုင်လိုသူများ အိမ်ခြံမြေ ဝယ်နိုင်ရန်အတွက် နေပြည်တော် စည်ပင်ဘဏ်က နှစ်ရှည်စီမံ ကိန်းဖြင့် ပိုက်ဆံ ထုတ်ချေးသွားရန် စီစဉ်ထားပြီး ဖြစ်ကြောင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
နေပြည်တော် စည်ပင်သာယာရေး ကော်မတီ၊ ဒုတိယ မြို့တော်ဝန် ဦးရဲမင်းဦးက “နေပြည်တော် စည်ပင်သာယာ ရေး ကော်မတီက နေပြည်တော် စည်ပင်ဘဏ်ကိုလည်း ပိုင်တယ်။ ဒီ ၂ ခုကို တွဲလိုက်တာပေါ့။ အဲဒီတော့ နေပြည်တော်စည်ပင် ဘဏ်က နေပြီးတော့ မြေကွက်ကို အရစ်ကျဝယ်မယ်ဆိုရင် ဘဏ်ချေးငွေနဲ့ ဝယ်လို့ရအောင် စီစဉ်ပေးမယ်” ဟု ဧရာဝတီ သို့ ပြောသည်။
မြို့ကြီးများတွင် တိုက်ခန်း ကျဉ်းကျဉ်းများအား ဈေးကြီးပေးပြီး ကြပ်ကြပ်တည်းတည်း နေကြမည့် အစား နေပြည်တော်တွင် ခြံဝန်း၊ တိုက်နှင့် နေ၍ ရသည့် အခြေအနေဖြစ်ပြီး ကုန်ကျစရိတ်မှာလည်း အတူတူ ဖြစ်သဖြင့် နေပြည်တော်တွင် အခြေချ နေထိုင်မည်ဆိုသည့် ဆုံးဖြတ်ချက်ချရန်သာ လိုအပ်ပြီး အိမ်ခြံမြေ ဝယ်နိုင်ရန်အတွက် ကူညီပေးရန် အတွက် စီစဉ်ပေး သွား မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ထို့အပြင် သတ်မှတ်ရက်အတွင်း ဝယ်ယူပါက လျော့ဈေးဖြင့် ရောင်းချမည်ဖြစ်ကြောင်း၊ ထိုသို့ လျော့ဈေးဖြင့်ပင် အိမ်ခြံမြေ ဝယ်ယူရန်အတွက် အခက်အခဲ ဖြစ်နေသူများအား ဘဏ်နှင့် ချိတ်ဆက်၍ ငွေထုတ်ချေးခြင်း၊ အိမ်ဆောက်ရန် အတွက် ငွေထုတ်ချေးပေးနိုင်ရန် စီစဉ်ထားကြောင်း၊ အစိုးရအနေဖြင့် မြေကွက်အလွတ်များစွာ ရှိနေသည့် အပြင်၊ မြေကွက် အသစ် များကိုလည်း ဆက်လက်ဖော်ထုတ်ဦးမည် ဖြစ်ကြောင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
“ဝန်ထမ်းတိုင်းကလည်း နေစရာရတယ်။ ဒေသခံကလည်း မြေနေရာ ချထားပြီးသား။ ကြားထဲမှာ လုပ်နေတဲ့စီးပွားရေး လုပ်ငန်းရှင် အချို့ကသာ လှုပ်ရှားနေတဲ့ ဈေးကွက်လောက်ပဲ ရှိပါတယ်။ နေပြည်တော်ကို လူစည်ကားစေချင်ရင် မြေကွက် ရောင်းတဲ့ စနစ်တမျိုးထဲနဲ့တော့ မရဘူး။ စီးပွားရေးလုပ်ငန်းရှိမှ အဆင်ပြေမှာ ဖြစ်တယ်” နေပြည်တော်ရှိ ဇေယျာ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးနန္ဒကျော်က ပြောသည်။
လက်ရှိ နေပြည်တော်တွင် စီးပွားရေးလုပ်ငန်းများမှာ ခန့်မှန်းထားသလောက် ဖွံ့ဖြိုးခြင်း မရှိကြောင်း၊ အလတ်တန်းစား စီးပွားရေး လုပ်ငန်းများနှင့်သာ လည်ပတ်နေသည့် မြို့တမြို့ ဖြစ်ကြောင်း၊ အစိုးရ အနေဖြင့် မြေကွက်များ ချပေးသည့် အပြင် အလုပ်အကိုင်ပါ ဖန်တီးပေးရန် လိုအပ်ကြောင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းမျာ းမရှိပါက အခြေချ နေထိုင်မည့် သူများ နည်းပါးနေနိုင်သေးဖြစ်ကြောင်း ၎င်းက မှတ်ချက် ပြုသည်။
နေပြည်တော်သည် အစိုးရဝန်ကြီးဌာန ရုံးများ ရုံးစိုက်ရာ မြို့ဖြစ်သည့် အတွက် ဝန်ထမ်း အများစုမှာ အိမ်ခြံမြေ ဝယ်လို သော်လည်း ငွေကြေးဖြင့် တလုံးတခဲ ပေးချေ မဝယ်နိုင်သဖြင့် ယခုကဲ့သို့ အရစ်ကျ ချေးငွေ ထုတ်ချေးပြီး ရောင်းချပေးမည့် အပေါ် အားတက်သရော ရှိနေကြပြီး ဝယ်ယူရမည့် ပုံစံကို စုံစမ်းမေးမြန်း၍ ဝယ်ယူရန် အတွက် ကြိုတင် ပြင်ဆင်နေကြပြီ ဖြစ်ကြောင်း နေပြည်တော်မှ ဝန်ထမ်းတဦးဖြစ်သူ ဦးဇော်ဇော်မင်းက ဆိုသည်။
ထို့အပြင် နေပြည်တော်ရှိ ဖုန်းအရောင်းဆိုင်မှ ဝန်ထမ်းတဦးဖြစ် မပြည့်ဖြိုးထွန်းက “အစိုးက မြေကွက် ဝယ်နိုင်အောင် အကွက် ဖော်ပေးမယ်။ ပိုက်ဆံလည်း ထုတ်ချေးပေးမယ်ဆိုတော့ တကယ် ဝမ်းသာပါတယ်။ ဒီပုံစံ အတိုင်း ဆိုရင် ကိုယ်ရတဲ့ လစာနဲ့ ဝယ်နိုင်တဲ့ ခြံကွက်ကို ချိန်ကိုက်ပြီး ဝယ်ရမှာပေါ့” ဟု ပြောပြသည်။
NLD အစိုးရ တက်ကာစတွင် နေပြည်တော် အိမ်ခြံမြေ ဈေးကွမှာ လျော့ဈေးဖြင့် အရောင်းအဝယ် လုပ်ရသည် အထိ ကျဆင်းမှုများ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် စိတ်ဝင်စားမှု ပြန်လည် မြင့်တက်လာပြီး အမှန်တကယ် နေထိုင်လိုသည့် သူများက သိန်း ရာဂဏန်းကို အသုံးပြု၍ ဝယ်ယူမှုများ မြင့်တက်လာကြောင်း နေပြည်တော် အိမ်ခြံမြေ အကျိုးဆောင်များ ထံမှ သိရသည်။
လက်ရှိ၌ ဒေသခံ လုပ်ငန်းရှင်များ အပြင် အခြား ဒေသများမှ စီးပွားရေး လုပ်ငန်းရှင်များကပါ နေပြည်တော်တွင် စီးပွားရေး လုပ်ငန်းများ အတွက် အိမ်ခြံမြေတွေ ဝယ်ယူကြသလို၊ ရုံးပိုင်းဆိုင်ရာ လုပ်ငန်းများအတွက် အငှားဈေးကွက်လည်း အလုပ် ဖြစ်ကြောင်း နေပြည်တော်ရွှေလက်ပံ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ ဦးကျော်စွာမြင့်က ဆိုသည်။
အရောင်းအဝယ်များအနေဖြင့် ပုဗ္ဗသီရိမြို့နယ် တွင် ငွေကျပ်သိန်း ၁၀၀ မှ သိန်း ၄၀၀ ကြား၊ ဥတ္တရသီရိ မြို့နယ်တွင် သိန်း ၅၀၀ နဲ့ ၁၅၀၀ ကြား၊ ဇမ္ဗူသီရိ မြို့နယ်၊ ရွှေကြာပင် ရပ်ကွက်တွင် သိန်း ၁၀၀၀ အောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ သပြေကုန်းတွင် အကွက်ကြီး တကွက်လျှင် သိန်း ၁ ထောင်နှင့် သိန်း ၄၀၀၀ ကြား အရောင်းအဝယ် ဖြစ်နေကြောင်း အိမ်ခြံမြေ လုပ်ငန်းရှင်များထံက သိရသည်။
You may also like these stories:
အစိုးရ မြေကွက်ဝယ်ယူသူများ အခြေခံအဆောက်အဦ စရိတ်ပါ ပေးရမည်ဟု စည်ပင်ပြော
ရန်ကုန်တိုင်း အစိုးရ ရောင်းသည့်မြေ အာမခံချက် အပြည့်အဝရှိ ဟုဆို
ရန်ကုန်တိုင်း အစိုးရက မြေများ ရောင်းချပေးမည်