ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမှ ကျေးရွာ ဥက္ကဋ္ဌသုံးဦးကို အမည်မသိ သေနတ်သမားများက တနင်္ဂနွေနေတွင် ပစ်သတ်ခဲ့သည်။
နေ့လယ် နှစ်နာရီခန့်တွင် ကျောက်မဲရှိ စားသောက်ဆိုင်တဆိုင်အတွင်းသို့ လူလေးဦးဝင်ရောက်လာပြီး နှစ်ဦးက သေနတ်များကို ထုတ်ကာ လူငါးဦးကို ပစ်ခတ်ခဲ့သည်။
ပစ်ခတ်ခံရသူများအနက် သုံးဦးမှာ ကျေးရွာသုံးခုမှ အကြီးအကဲများဖြစ်ကြောင်း အမည်မဖော်လိုသော သတင်းရင်းမြစ်များက ဧရာဝတီသို့ပြောသည်။
မိုင်းတင်ရွာမှ စိုင်းထွန်းရင်၊ နိုင်မွန်ရွာမှ စိုင်းအောင်သိန်းနှင့် လောင်သြကျေးရွာ ဥက္ကဋ္ဌဟောင်း စိုင်းတုဇေယျတို့ သတ်ဖြတ်ခံရသည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့သည် ၎င်းတို့၏ရွာ သုံးရွာသို့ လာရောက်ပြီး ရွာသားများကို လူသစ်စုဆောင်းပေးရန် ၎င်းတို့ကိုပြောသည်ဟု သတင်းရင်းမြစ်များက ဆိုသည်။
၎င်းတို့ သုံးဦးသည် RCSS ၏ အတင်းအကျပ် လူသစ်စုဆောင်းမှုများ ရပ်တန့်စေရန် နည်းလမ်းများကို ဆွေးနွေးရန် ကျောက်မဲသို့လာသည်ဟု ဆိုသည်။
၎င်းတို့ငါးဦးအနက်မှ နှစ်ဦး ထွက်ပြေး လွတ်မြောက်လာကြောင်း ကျောက်မဲမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဉာဏ်က ပြောသည်။
သေဆုံးသူ သုံးဦးသည်ကျေးရွာ ဥက္ကဋ္ဌများဖြစ်ကြောင်းလည်း သူက အတည်ပြုပြောသည်။
“စားသောက်ဆိုင်ဝန်ထမ်းတွေနဲ့ ကျနော်တို့ စကားပြောခဲ့တယ်။ တိုက်ခိုက်သူတွေထဲက နှစ်ယောက်က စားသောက်ဆိုင်အဝကနေပြီး ကျန်တဲ့နှစ်ယောက်က စားပွဲမှာထိုင်နေတဲ့သူတွေကို ပစ်တာလို့ သူတို့ပြောတယ်” ဟု သူက ပြောသည်။
ပစ်ခတ်ခံရသူ နှစ်ဦးမှာ စားသောက်ဆိုင်တွင်ပင်သေဆုံးပြီး ကျန်တဦးမှာ ဆေးရုံ ရောက်သောအခါ သေဆုံးသည်။
သေဆုံးသူ သုံးဦးစလုံးမှာ ရှမ်းတိုင်းရင်းသားများဖြစ်ကြောင်း စိုင်းထွန်းဉာဏ်က ပြောသည်။
သေဆုံးသူ သုံးဦးတို့သည် RCSS လူသစ်စုဆောင်းမှုများကို တားဆီးရန်အတွက် ကျောက်မဲမှ ရှမ်း လူမှုအသိုင်းအဝန်း ခေါင်းဆောင်များထံမှ အကူအညီ တောင်းခံရန် စီစဉ်ထားသည်ဟု အမည်မဖော်လိုသော သတင်းရင်းမြစ်များက ပြောသည်။
၎င်းတို့သည် ရှမ်းလူမှုအသိုင်းအဝန်း ခေါင်းဆောင်များနှင့် တွေ့ဆုံရန် ထိုစားသောက်ဆိုင်သို့လာသည်ဟုလည်း ဆိုသည်။
RCSS သည် လွန်ခဲ့သောလက မိုင်းတင်ရွာတွင် လူသစ် ၃၅ ဦး စုဆောင်းခဲ့ပြီး မြန်မာ့တပ်မတော်က တောင်းဆိုသောအခါ ၃၂ ဦးကို ပြန်လွှတ်ပေးခဲ့သည်။ တပ်မတော်က ထိုသို့တောင်းဆိုခြင်းအတွက် RCSS က ကျေးရွာအာဏာပိုင်များကို အပြစ်တင်သည်။
NCA အပစ်ရပ်စာချုပ်တွင် လက်မှတ်ထိုးထားသော RCSS သည် လူသစ်စုဆောင်းခွင့် မရှိပါ။
သေနတ်သမားများသည် ယခုနှစ်အတွင်း ကျောက်မဲတွင် ကားသမား လေးဦးကိုလည်း သတ်ဖြတ်ခဲ့သည်ဟု စိုင်းထွန်းဉာဏ်က ပြောသည်။ မည်သည့်ဖမ်းဆီးမှုမျှ လုပ်ဆောင်ခဲ့ခြင်းမရှိပေ။
“သတ်ဖြတ်သူတွေကို ဖော်ထုတ်ဖို့ခက်တယ်။ ဒါပေမယ့် အရပ်သားတွေမှာ သေနတ်မရှိလို့ လက်နက်ကိုင် အဖွဲ့အစည်းတွေကပဲ ဖြစ်နိုင်တယ်” ဟု သူက ပြောသည်။
တပ်မတော်ဗိုလ်ကြီးဟောင်း ဆရာတော် တပါးမှာလည်း လွန်ခဲ့သော နှစ်နှစ်အတွင်း ကျောက်မဲတွင် သတ်ဖြတ်ခံရသည်။
ကျောက်မဲတွင် လက်နက်ကိုင်အဖွဲ့အစည်း များစွာရှိနေသောကြောင့် မည်သည့်အဖွဲ့မှ ဖြစ်သည်ကို ပြောဆိုရန် ခက်နေသည်ဟုလည်း သူက ပြောသည်။ ကျောက်မဲသည် RCSS နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ပဋိပက္ခဖြစ်ပွားနေသည့် အဓိကနေရာဖြစ်သည်။
မတည်ငြိမ်မှုများအကြားတွင် စီးပွားရေးလုပ်ငန်းများ ရုန်းကန်နေရပြီး ဒေသခံ အများအပြားမှာ အခြားဒေသများတွင် အလုပ်လုပ်ရန် ထွက်ခွာသွားခဲ့ကြကြောင်းလည်း စိုင်းထွန်းဉာဏ်က ပြောသည်။
သတ်ဖြတ်သူများသည် ဆိုင်ကယ်များကို အသုံးပြုကြပြီး မည်သူမျှ ၎င်းတို့ကို လိုက်မဖမ်းရဲကြောင်းလည်း သူက ပြောသည်။
“တရားဥပဒေ စိုးမိုးမှုမရှိဘူး။ ရဲတွေက ဒီလူသတ်သမားတွေကို လိုက်မဖမ်းရဲ တာကိုလည်း အပြစ်တင်လို့မရဘူး။ ကျနော်တို့တွေက ကိုယ်ဘယ်သူနဲ့ စကားပြောတယ်ဆိုတာကိုတောင် ဂရုစိုက်နေရတယ်” ဟု စိုင်းထွန်းဉာဏ်က ပြောသည်။
“ဒီပြဿနာကို နိုင်ငံရေးနည်းနဲ့ပဲဖြေရှင်းရမယ်” ဟုလည်း သူပြောသည်။
ကျောက်မဲမှ လက်နက်ကိုင်အဖွဲ့အစည်းများမှာ မြန်မာ့တပ်မတော်၊ TNLA, RCSS နှင့် SSPP တို့ဖြစ်သည်။ ထိုဒေသတွင် မြန်မာ့ တပ်မတော်နှင့် TNLA တို့ အကြား တိုက်ပွဲများလည်း မကြာခဏဖြစ်ပွားသည်။
TNLA နှင့် RCSS အကြား လတ်တလော တိုက်ပွဲဖြစ်ပွားခြင်း မရှိပေ။ ရှမ်းနှင့် တအာင်းတို့အကြား တိုက်ခိုက်မှုများ ၂၀၁၆ ခုနှစ်က ဖြစ်ပွားခဲ့သည်။
You may also like these stories:
ကျောက်မဲမြို့အနီး နွားကားတစီး ပစ်ခတ်ခံရမှု တဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ
ခေးနင်းဆရာတော်အား ပစ္စတိုဖြင့် ပစ်သတ်ခံရခြင်းဖြစ်ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ အတည်ပြု