မန္တလေးခရိုင် ပုသိမ်ကြီး မြို့နယ် သလဲကုန်းကျေးရွာ အတွင်း၌ သန့်စင်ကုန်း ပန်းဈေးအား ယခုလအတွင်း ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်လျက် ရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက သိရသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က “ကျနော်တို့ဘက် လျှပ်စစ်မီးသွယ်တန်းတာကို အရင် လုပ်ဆောင်နေတာကြောင့် ကြာနေရတာပါ။ ပန်းဈေးအတွက် အဆောက်အအုံ အားလုံးကတော့ ပြီးစီးနေပါပြီ။ ဒီလ ထဲမှာပဲ ဖွင့်နိုင်မယ်လို့ ထင်ပါတယ်”ဟု ပြောသည်။
အဆိုပါ ပန်းဈေးတည်ဆောက်ရန် ယခုနှစ် မတ်လ ၁၂ ရက်က ပန္နက်တင် မင်္ဂလာ အခမ်းအနား ကျင်းပခဲ့ပြီး စတင် တည် ဆောက်ခဲ့ရာ ယခုအခါ တည်ဆောက်မှု အပိုင်း အားလုံးပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ပြင်ဦးလွင်မြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်မှ ထွက်ရှိသော ပန်းများကို ပုသိမ်ကြီးမြို့နယ်၊ လက်ကောင်း ကျေးရွာ၊ မန္တလေး-ပြင်ဦးလွင် ကားလမ်းဘေးတွင် ပျံကျ ပုံစံဖြင့် ရောင်းဝယ်ခြင်းများ ပြုလုပ်နေကြသဖြင့် စနစ်တကျရှိသော ဈေးတခု ဖြစ်လာစေရန်နှင့် ကားလမ်းဘေးတွင် ရောင်းဝယ်နေမှုများကြောင့် ယာဉ်ကြော ကျပ်တည်းမှုကို လျော့ပါးစေရန် ရည်ရွယ် ချက်ဖြင့် သန့်စင်ကုန်း ပန်းဈေးအား တည်ဆောက် ဖွင့်လှစ်ပေးခြင်းဟု သိရသည်။
ဦးကျော်ဆန်းမြင့်က “ပန်းဈေးက ညပိုင်း ဖွင့်ရမှာ ဖြစ်တဲ့အတွက် လျှပ်စစ်မီး ရရှိဖို့ လိုပါတယ်။ လျှပ်စစ်မီးရဖို့ ထရန် စဖော် မာ ၁ လုံး တပ်ဆင်ရမယ်။ ကျနော်တို့ဆီမှာ ရှိထားပြီးသား မဟာအောင်မြေမြို့နယ် နဒီမြန်မာ ဟိုတယ်က ထရန်စဖော်မာ ကို ရွှေ့ပြောင်းဖို့ အတွက် လုပ်နေတယ်။ ပန်းဈေးက ပုသိမ်ကြီးမြို့နယ်ထဲမှာ ရှိတဲ့အတွက် ရွှေ့ပြောင်းခွင့် အတွက် လျှပ်စစ် ဌာနနဲ့လည်း ညှိနှိုင်းတာ သဘောတူညီချက်ရပြီ ဆိုရင် အဲဒီ ထရန်စဖော်မာကို ပြောင်းတပ်ပြီးတာနဲ့ ပန်းဈေးက ဖွင့်လို့ရပါ ပြီ” ဟု ဆက်လက် ပြောသည်။
မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က “မန္တလေး-ပြင်ဦးလွင် ကားလမ်းဘေး သလဲကုန်းရွာ ပန်းဈေး မကြာမီ နေရာရွှေ့ တော့မှာပါ။ ကားလမ်း ဘေးဝဲယာမှာ ရောင်းချတာကြောင့် ကားလမ်း ပိတ်ဆို့မှုနဲ့ ယာဉ်မတော်တဆမှုများလို့ပါ။ အခု ရွှေ့ မယ့် ပန်းဈေးအသစ်က လက်ရှိနေရာနဲ့လည်း အလွန်နီးပါတယ်။ ဆိုင်ခန်းတွေကို ရောင်းချပေးမှာ မဟုတ်ဘဲ လခအနေနဲ့ သာ ယူမှာပါ။ ပြန်ရောင်းချခွင့်နဲ့ လွှဲပြောင်းခွင့် လုံးဝခွင့်ပြုမှာ မဟုတ်ပါဘူး” ဟု သူ၏ Facebook စာမျက်နှာတွင် ရေးသား ထားသည်။
ယခုလက်ရှိ ရောင်းချနေသည့် ပန်းဈေးတွင် ဈေးသည် ၁၁၂ ဦး စာရင်းရှိပြီး ပန်းဈေး တည်ဆောက်ပြီးပါက ဆိုင်ခန်းများ ကို အမှန်တကယ် ရောင်းချလိုသည့် ဈေးသည်များ ရောင်းချနိုင်ရန် အပိုင်ရောင်းချသည့် စနစ်မဟုတ်ဘဲ ငှားရမ်းသည့် စနစ်ဖြင့်သာ ဆောင်ရွက်သွားမည် ဖြစ်သည်။
ပြင်ဦးလွင်မြို့နယ် သုံးတောင်ရွာမှ ပန်းဈေးသို့ လာရောက် ရောင်းချသည့် ဒေါ်သီသီဦးက “ကျမတို့ကို ပန်းဈေးအသစ် ဘက် ကို ရွှေ့ပြောင်းရမယ်လို့တော့ လူကြီးတွေ လာပြောသွားတာ ကြာပါပြီ။ အခုတော့ ပန်းဈေးအသစ်က အကုန်ပြီးနေပြီ လို့ သိရတယ်။ အခုအချိန်ထိ ကျမတို့ ရောင်းနေတာက ကားလမ်းဘေးမှာပေါ့၊ ဈေးအသစ်ကို ပြောင်းရမယ်ဆိုရင် ကျမတို့ အတွက် မလိုလားအပ်တဲ့ အခွန်အကောက်တွေ မပိချင်ဘူး။ ဈေးအသစ်ဆောက်ပေးတာ ကျမတို့က ကျေးဇူတင်ပါတယ်။ စိုးရိမ်စိတ်ကတော့ အခွန်အကောက် ကိစ္စတွေပါပဲ”ဟု ပြောသည်။
အဆိုပါ ပန်းဈေးကို သန့်စင်ကုန်းကျေးရွာရှိ မြေ ၂ ဒသမ ၁၉ ဧကပေါ်တွင် ဆောက်လုပ်ထားခြင်း ဖြစ်ပြီး ဈေးရုံ ၅ ရုံ ပါဝင် ကာ ၁ ရုံလျှင် ၁၀ ပေပတ်လည် ဆိုင်ခန်း ၂၄ ခန်း၊ စုစုပေါင်း ဆိုင်ခန်း ၁၂၀ ခန်း ပါရှိကြောင်း သိရသည်။
ထို့ပြင် ပန်းဈေးတွင် အနက်ပေ ၅၀၀ ရှိစက်ရေတွင်း၊ ရေစင်၊ ရေလှောင်ကန်၊ ၆ ခန်းတွဲ အများသုံး သန့်စင်ခန်း၊ ဈေးရုံးခန်း များ၊ ကားပါကင်များ ထည့်သွင်း တည်ဆောက်ထားသလို မန္တလေး- ပြင်ဦးလွင် လမ်းမှ ပန်းဈေးအဝင် အထိ ပေ ၁၂၀၀ အရှည် ကွန်ကရစ်လမ်းကိုလည်း ခင်းပေးထားကြောင်း မန္တလေး စည်ပင်က ဆိုသည်။
လက်ရှိ ရောင်းချနေသည့် ပန်းဈေးအား ပြောင်းရွှေ့ပြီးပါက ယင်းနေရာတွင် ၆ လမ်းသွား အဆင့်မြင့် တိုးလ်ဂိတ် တခု တည် ဆောက်သွားရန် စီစဉ်ထားကြောင်းလည်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက သိရသည်။
You may also like these stories:
မန္တလေးမြို့တော် ASOCIO Smart City Award 2019 ဆု ထပ်မံ ရရှိ
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ပြည်သူ့ဂုဏ်ရည်ဆု ရရှိ