မန္တလေး တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၈ မြို့နယ်တွင် အစိုးရ ဝန်ထမ်းများအတွက် အခန်းပေါင်း ၁၉၂ ခန်း ပါဝင်သည့် အိမ်ရာ ၁၂ လုံး တည်ဆောက် ပေးသွားမည် ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်နှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင် က “အရာထမ်း၊ အမှုထမ်းများ မိမိရရှိသည့် လစာနှင့်လျော်ညီသော နေထိုင်မှုစနစ် ဖြစ်ပေါ်လာစေရန် သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ် အစိုးရများက အကောင်အထည် ဖော်ဆောင်ရွက်ပေးရမှာလည်း ဖြစ်ပါတယ်၊ ဒါကြောင့် ကျနော်တို့အနေနဲ့ နှစ်စဉ်ရရှိတဲ့ ဘတ်ဂျက် အလိုက် ဝန်ထမ်းအိမ်ရာတွေကို တည်ဆောက်ပေးနေတာပါ” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်၍ “အခု ဆောက်နေတဲ့ ဝန်ထမ်းအိမ်ရာတွေ ချထားပေးတဲ့အခါမှာ လစာနည်း ဝန်ထမ်းကို ဦးစားပေးမယ်၊ လစာချင်းတူရင် လုပ်သက်များသူကို ဦးစားပေးမယ်၊ လုပ်သက်ချင်း တူနေရင် အိမ်ထောင်ဘက်ပါ ဝန်ထမ်းဖြစ်နေသူကို ဦးစားပေး ရွေးချယ်မှာ ဖြစ်ပါတယ်”ဟု ရှင်းပြသည်။
အဆိုပါ အိမ်ရာအခန်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံး ငွေရင်း ခွင့်ပြုရန်ပုံငွေ ငွေကျပ် ၃ ဒသမ ၇ ဘီလီယံ မှ တည်ဆောက်ပေးမည် ဖြစ်သည်။
မန္တလေး တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်နိုင် က “ဝန်ထမ်းတွေရဲ့နေစရာ အခက်အခဲကို ဖြေရှင်းပေးနိုင်ဖို့ ဘဏ္ဍာနှစ် အလိုက် ဝန်ထမ်းအိမ်ရာတွေကို တည်ဆောက် ပေးနေပါတယ်။ အခု ဝန်ထမ်းအိမ်ရာ တိုက်ခန်းတွေ တည်ဆောက် ပြီးစီးသွားရင် လစာနည်း ဝန်ထမ်းများနဲ့ အခြေခံပညာ ကျောင်းများက ဆရာ၊ ဆရာမများကို ဦးစားပေး ရွေးချယ် နေထိုင် ခွင့်ပြု သွားမှာပါ၊ ဆက်လက်ပြီးလည်း အရောင်း အိမ်ရာတွေ တည်ဆောက်ပေးပြီး ဘဏ်ချေးငွေစနစ်နဲ့ ဝယ်ယူနိုင်အောင် ဆက်စပ် ဆောင်ရွက် နေပါ တယ်”ဟု ရှင်းပြသည်။
အဆိုပါ အိမ်ရာများ တည်ဆောက်နိုင်ရန်အတွက် အောက်တိုဘာ နောက်ဆုံးအပတ်က တင်ဒါခေါ်ယူခဲ့ပြီး ဖြစ်ရာ တင်ဒါ အောင်မြင်သူများကို ယခုလအတွင်း လုပ်ငန်းအပ်နှံခြင်းများ ပြုလုပ်သွားမည်ဟု သိရသည်။ တင်ဒါ အောင်သည့် ကုမ္ပဏီသည် ထိုအိမ်ရာများကို လာမည့် ၂၀၂၀ ခုနှစ် အောက်တိုဘာလတွင် အပြီး တည်ဆောက်ပေးရမည် ဖြစ်သည်။
ယင်းအိမ်ရာများမှာ အခန်း ၁ ခန်းလျှင် ၆၅၀ စတုရန်းပေ အကျယ်အဝန်း ရှိသော လေးခန်းတွဲ ၄ ထပ်ပါ တိုက် ၁၂ လုံး ဖြစ်ပြီး ချမ်းမြသာစည် မြို့နယ်တွင် ၂ လုံး၊ မလှိုင်မြို့နယ်တွင် ၁ လုံး၊ ရမည်းသင်း မြို့နယ်တွင် ၁ လုံး၊ စဉ့်ကူးမြို့နယ်တွင် ၂ လုံး၊ မတ္တရာမြို့နယ်တွင် ၁ လုံး၊ ညောင်ဦးမြို့နယ်တွင် ၃ လုံး၊ နွားထိုးကြီး မြို့နယ်တွင် ၁ လုံးနှင့် တောင်သာ မြို့နယ် တွင် ၁ လုံးတို့ ဖြစ်ကြောင်း သိရသည်။
အဆိုပါ အိမ်ရာများကို တာဝန် ထမ်းဆောင်နေသည့် မြို့နယ်များတွင် အိမ် (သို့) မြေ ပိုင်ဆိုင်မှုရှိသူများနှင့် အိုးအိမ် ဦးစီး ဌာန၏ စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်ထားသူ ဝန်ထမ်းများ လျှောက်ထားခွင့် မရှိကြောင်း၊ ဝန်ထမ်းအိမ်ရာ လျှောက်ထား ရာတွင် ဝန်ထမ်းဖြစ်ကြောင်း မိမိ တာဝန်ထမ်းဆောင်နေသည့် ဌာန၏ အကြီးအကဲ၊ မြို့နယ် အဆင့် ထောက်ခံချက် ၁ ခု သာ လိုအပ်မည် ဖြစ်သည်။
ထို့ပြင် ပညာရေး ဝန်ထမ်းများအား ၅၀ ရာခိုင်နှုန်းအထိ ဦးစားပေးသွားမည် ဖြစ်ပြီး လက်ရှိ တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ၊ ဝင်ငွေနည်း ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ အတွက် အရောင်း အိမ်ရာများကိုလည်း ထပ်မံ တည်ဆောက်ပေးနိုင်ရန် စီစဉ် ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။
ဦးသက်နိုင်က “အရောင်းဝန်ထမ်း အိမ်ရာတွေကိုလည်း တည်ဆောက်ပေးဖို့ အစီအစဉ်တွေ ရှိပါတယ်၊ အရောင်းအိမ်ရာတွေ အကောင် အထည် ဖော်ဆောင်ရွက်ပေးရာမှာ အငြိမ်းစားဝန်ထမ်းတွေအတွက် ဦးစားပေး ရောင်းချပေးနေတာပါ” ဟု ပြောသည်။
မန္တလေးတိုင်းဒေသကြီး အတွင်း၌ နိုင်ငံ့ဝန်ထမ်း ၅၆၁၂၆ ဦး ရှိပြီး ပြီးခဲ့သည့် ၂၀၁၈- ၁၉ ဘဏ္ဍာနှစ်က တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေကျပ် ၈ ဒသမ ၈ ဘီလီယံ သုံးစွဲ၍ ဝန်ထမ်းအိမ်ရာ အခန်းပေါင်း ၅၉၀ နှင့် ပြည်ထောင်စုဘတ်ဂျက်မှ ကျပ် ၄ ဒသမ ၈ ဘီလီယံသုံးစွဲကာ ဝန်ထမ်း အိမ်ရာ တိုက်ခန်း၂၄၈ ခန်း တည်ဆောက်ပေးခဲ့ကြောင်း၊ ယနေ့အထိ တာဝန် ထမ်းဆောင်နေဆဲ ဝန်ထမ်းများ အတွက်၂၅ ဒသမ ၃၆ ရာခိုင်နှုန်းအထိ အိမ်ရာများ တည်ဆောက်ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်၊ ရှမ်းတဲကျေးရွာရှိ အလယ်တန်းပြ ဒေါ်တင်တင်လတ်က “ကျမတို့ ပညာရေးဝန်ထမ်းတွေက မိမိတာဝန်ကျတဲ့ နေရာကို သွားတဲ့အခါမှာ အဓိက အခက်အခဲက နေစရာပဲ၊ တောရွာတွေဘက်ဆိုရင် ပိုဆိုးတယ်၊ အစိုးရက အခုလို ဝန်ထမ်းအိမ်ရာတွေဆောက်ပြီး ပညာရေးဝန်ထမ်းတွေကို ဦးစားပေးမယ်ဆိုတာ အလွန်ကောင်းပါတယ်၊ ဒါပေမယ့် အခုအချိန်ထိ ဆောက်ပေးနေတယ် ဆိုတာက မြို့ပေါ်တွေမှာပဲ ဆိုတော့ ကျမတို့လို ကျေးရွာတွေဘက်က ဆရာ၊ ဆရာမတွေ အတွက်ကတော့ အရင်အတိုင်းပဲ ရှိနေသေးတယ်” ဟု ပြောသည်။
ယခုအခါ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ နိုင်ငံ့ဝန်ထမ်းအိမ်ရာများအပြင် တန်ဖိုးနည်း၊ တန်ဖိုးမျှတ၊ တန်ဖိုးသင့်အိမ်ရာများကိုလည်း တည်ဆောက်ပြီး ရောင်းချပေးလျက်ရှိရာ အဆိုပါအိမ်ရာများ ဝယ်ယူနိုင်ရန် အတွက် ဆောက်လုပ်ရေးအိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID) တွင် အိမ်ရာဝယ်ယူရန် ငွေစုဆောင်းထားကြသူ ၂၁၉၉ ဦးရှိနေကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။