ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီဝင် ၃ ဦး ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသည့်အပေါ် အကြမ်း ဖက်လုပ်ရပ်ကို ကျူးလွန်ခဲ့သည့် လူတစု(သို့) အဖွဲ့အစည်းအား ပြင်းထန်စွာ ဆန့်ကျင်ရှုတ်ချကြောင်း SNLD က ထုတ်ပြန် လိုက်သည်။
နိုဝင်ဘာလ ၃ ရက်က ကျောက်မဲမြို့ရှိ နမ့်ခုံးစားသောက်ဆိုင်တွင် SNLD ပါတီဝင်များ ဖြစ်ကြသည့် စိုင်းထွန်းရင်၊ စိုင်း အောင်သိန်းနှင့် စိုင်းသိန်းဟန်(ခ) လုံးသုဇေယျ တို့အား လက်နက်ကိုင်အဖွဲ့ တဖွဲ့မှ ဝင်ရောက်ပစ်ခတ်သဖြင့် သေဆုံးသွားခဲ့ရသည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်၍ SNLD ပါတီက ရှမ်းပြည်နယ်ရှိ ခရိုင်ရုံးစိုက်ရာ မြို့တမြို့အတွင်း၌ နေ့ခင် းကြောင်တောင် လူမြင် ကွင်းအလယ်တွင် သေနတ်ဖြင့် ပစ်ကာ လူ သုံးဦးအား တရားမဲ့ အကြမ်းဖက် သတ်ဖြတ်ခဲ့ခြင်းသည် ပြည်ထောင်စု၏ တရား ဥပဒေစိုးမိုးမှုကို ပြောင်ပြောင် တင်းတင်း စိန်ခေါ်လိုက်ခြင်း ဖြစ်သည်ဟု ထင်မြင်မိကြောင်း ထုတ်ပြန်သည်။
SNLD ၏ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်က “ဘာကြောင့် ပစ်သတ်ခံရလဲဆိုတာ ကျနော်တို့ကိုယ်တိုင်လည်း မသိ ဘူး ဖြစ်နေတယ်။ သူတို့တွေက အုပ်ချုပ်ရေးမှူးတွေ၊ ရွာသူကြီးတွေ ဖြစ်တယ်။ နောက်ပြီး လက်နက်ကိုင် အဖွဲ့အစည်း အား လုံးနဲ့လည်း ဆက်ဆံနေရတယ်။ အစိုးရ လက်နက်ကိုင်ပဲ ဖြစ်ဖြစ်၊ ဘယ်လက်နက်ကိုင်ပဲ ဖြစ်ဖြစ် ဆက်ဆံနေရတာတော့ အထင်အမြင်မှားတာ၊ အလိုမကျတာတွေ ဖြစ်ကောင်းဖြစ်နိုင်တယ်။ အဲဒါတွေနဲ့ ပတ်သက်ဆက်စပ်နိုင်တယ် လို့တော့ သုံး သပ်ပါတယ်။ ဒါပေမယ့် အတိအကျတော့ ကျနော်တို့ မပြောနိုင်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများစွာ ရှိသည့်အနက်မှ ကျောက်မဲမြို့နယ်၌ တပ်မတော်အပြင် ပလောင် (တ အန်း)အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရှမ်းပြည် တိုးတတ်ရေး ပါတီ (SSPP/SSA)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS )တို့ အဓိကလှုပ်ရှားရာ နယ်မြေလည်း ဖြစ်သည်။
TNLA ၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က “အခုလိုမျိုး ပစ်ခတ်မှုမျိုးက မဖြစ်သင့်ဘူးလို့ ကျနော် မြင်တယ်။ ကျနော်တို့ အဖွဲ့က တခုခုဖြစ်တယ်ဆိုရင် ဖမ်းတယ်၊ အပြစ်ပေး အရေးယူတာမျိုးတွေ လုပ်ပါတယ်။ အခု ပစ်ခတ်မှုအတွက် အပြစ်ရှိတဲ့သူကို ဖမ်းဆီးအရေးယူ ဆောင်ရွက်ဖို့တော့ လိုပါတယ်” ဟု ပြောသည်။
အလားတူ ဖြစ်စဉ်မျိုး ကျောက်မဲမြို့တွင် ၂၀၁၈ ခုနှစ်တွင် ဖြစ်ပွားခဲ့ပြီး ထိုဖြစ်စဉ်တွင် အငြိမ်းစား တပ်မတော် အရာရှိ တဦး နှင့် ဘုန်းကြီးတပါး ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားခဲ့ပြီး ၂၀၁၉ ခုနှစ်တွင်လည်း ဘုန်းကြီးတပါး ပစ်ခတ်ခံခဲ့ရကြောင်း သိ ရသည်။
ထိုသို့သော ဖြစ်စဉ်များ မကြာခဏ ဖြစ်လာခြင်းက တရားဥပဒေ စိုးမိုးမှု လုံးဝ မရှိသကဲ့သို့ လျော့ရဲရဲဖြစ်နေကြောင်း ဦးစိုင်း လိတ်က သုံးသပ် ပြောကြားသည်။
“လက်ရှိ ယုံယုံကြည်ကြည်နဲ့ မဲပေးထားတဲ့ အစိုးရမှာ တာဝန်အရှိဆုံးပဲ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ်လေ ကျနော်တို့ အားလုံး ရဲ့ အမြင်မှာတော့ တပ်မတော်သည်လည်းကောင်း၊ အစိုးရသည်လည်းကောင်း တန်းတူ တာဝန်ရှိတယ်။ လတ်တလောက ယှဉ်ပြိုင် အစိုးရလို ပေါ်ပေါက်နေတဲ့ အခါကျတော့ နှစ်ဖက်စလုံးက တာဝန်အရှိဆုံးပါ” ဟု ၎င်းက ဆက်လက် ပြောသည်။
ကျောက်မဲမြို့ဇီဝိတလူမူကူညီရေး အသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းကလည်း “လက်နက်ကိုင်တွေ ရှိတဲ့နေရာမှာ မိုင်းတွေ ကွဲလိုက်၊ တိုက်ပွဲတွေ ဖြစ်လိုက် ဧရိယာမှာ ရဲတယောက်တည်း မဟုတ်ဘူး။ အစိုးရက ဥပဒေကြမ်းပဲ ပြောနိုင်တာ စစ်တပ်မှာ တာဝန်ရှိတယ်။ ပြည်သူလူထု အတွက်ဆိုရင် ရဲမှာ တာဝန်ရှိတယ်။ နောက်ဆုံး အဆင့်ကတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေမှာ တာဝန်ရှိတယ်” ဟု ပြောဆိုသည်။
ရှမ်းပြည်နယ် အတွင်း ရဟန်းသံဃာများ လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ရခိုင်ပြည်နယ်အတွင်း အပြစ်မဲ့ ပြည်သူများ လုပ်ကြံ သတ်ဖြတ်ခံရခြင်းတို့ကို မသိကျိုးကျွံ မပြုဘဲ ပြည်ထောင်စု အစိုးရ အနေဖြင့် လည်းကောင်း၊ သက်ဆိုင်ရာ ပြည်နယ် အစိုး ရများ အနေဖြင့်လည်းကောင်း၊ လုံခြုံရေး တာဝန်ရှိသူများ အနေဖြင့်လည်းကောင်း တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရှိဖြင့် ထိထိ ရောက်ရောက် အရေးယူ ဆောင်ရွက်ရန် SNLD က တိုက်တွန်းထားသည်။
ဆက်စပ်ဖတ်ရှုရန် – ကျောက်မဲတွင် သူကြီးသုံးဦး ပစ်သတ်ခံရ