သတင်း

တပ်တွင်း မဲရုံများ ပြင်ပတွင် ထားရှိမည့် အစီအစဉ် အမြင်ကွဲလွဲမှုများ ရှိနေ

Want create site? Find Free WordPress Themes and plugins.

တပ်တွင်း မဲရုံများကို ပြင်ပ သင့်လျော်သည့် နေရာတွင် ထားရှိရမည့် ဆိုသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ၏ လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ ပြင်ဆင်ချက်အပေါ်တွင် အမြင်ကွဲလွဲမှုများ ရှိနေသည်။

တပ်တွင်းတွင် ထားရှိမည့် မဲရုံများကို တပ်ပြင်ပ သင့်လျော်သည့် နေရာများတွင် ထားရှိရန် အချက် အပါအဝင် အခြား ရွေးကောက်ပွဲနည်းဥပဒေ ပြင်ဆင်ချက်များကို UEC က အောက်တိုဘာလ ၃ ရက်နေ့ ရက်စွဲဖြင့် ပြည်သူ့လွှ တ်တော်နှင့် အမျိုးသား လွှတ်တော်များသို့ ပေးပို့လိုက်ခြင်း ဖြစ်သည်။

ပွင့်လင်းမြင်သာမှု ရှိစေရန်နှင့် ရွေးကောက်ပွဲနှင့် သက်ဆိုင်သူများ လွတ်လပ်စွာ ဝင်ထွက်သွား လာစေရန်ဆိုသော ရည်ရွယ်ချက်ဖြင့် တပ်တွင်းမဲရုံများကို ပြင်ပသို့ ထုတ်ရန် UEC ၏ ကြိုးစားမှုကို အတိုက်အခံ ကြံ့ခိုင်ရေး ပါတီက သဘောမတူကြောင်း သိရသည်။

“တပ်မတော်ရဲ့ သဘောသဘာဝ၊ တည်ဆောက်ပုံ၊ ဖွဲ့ စည်းပုံတွေကို သေသေချာချာ ထဲထဲဝင်ဝင် သိပြီးမှ နည်းဥပဒေ ထုတ်ပြန်သင့်တယ်လို့ အန်ကယ်ကတော့ ဒီလိုပဲ မြင်တယ်”ဟု ကြံ့ခိုင်ရေးပါတီမှ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးသောင်းအေးက ပြောသည်။

တချို့ တပ်ဌာနချုပ်များသည် ရပ်ရွာများနှင့် အလွန်ဝေးကြောင်း၊ တပ်မတော်၏ လုပ်ငန်းတာဝန်များကို ပစ်ထားပြီး ဝေးလံသည့် နေရာများသို့ မဲသွားပေးရမည် ဆိုပါက အခက်အခဲများ ရှိနိုင်သလို တပ်မတော်၏ လုံခြုံရေးကိုလည်း ထိခိုက်နိုင်ကြောင်း ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ၎င်းက ပြောသည်။

“ကျနော်တို့လည်း တပ်ထဲမှာ နေတုန်းက ဆန္ဒမဲ ပေးခဲ့တာပဲ။ မဲရုံတွေကလည်း ရွေးကောက်ပွဲ ကော်မရှင်က ပေးထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီပဲ လုပ်တာပဲ။ ဒီလို အညီလုပ်နေတဲ့ လုပ်ဆောင်ချက်ကို ဘာပိုထူးသွားမှာလဲ။ ဒါကို သံသယ ရှိလို့လား။ ဒီမေးခွန်းပဲ မေးရမယ့် သဘော ရှိတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

လွှတ်တော်တွင်း တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် မောင်မောင်ကမူ ၎င်း တို့ အနေဖြင့် တပ်တွင်း မဲရုံများ အပြင်အထုတ်ခံရမည့် ကိစ္စကို မဆွေးနွေးရသေးကြောင်း၊ ဆွေးနွေးပြီးပါက မီဒီယာ များကို ပြောဆိုမည်ဟု ဆိုသည်။

ပြီးခဲ့သည့်လက ပြုလုပ်ခဲ့သည့် တပ်မတော် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ် ထွန်းထွန်းညီက တပ်မတော်သားများ ၏ တပ်တွင်း တာဝန်ထမ်းဆောင်မှုသည် ၂၄ နာရီ ဖြစ်သဖြင့် အပြင်သို့ မဲထွက်ပေးရန် အခက်အခဲ ရှိကြောင်း ပြောဆိုထားသည်။

“တပ်တွင်းမဲရုံမှာလည်း ကျနော်တို့က မဲရုံမှူးတို့ ဘာတို့ဆိုတဲ့ လူတွေကလည်း တပ်မတော်သားတွေ မဟုတ်ပါဘူး။ သူတို့ ရွေးကောက်ပွဲကော်မရှင်ကနေ ခန့်အပ်ပေးတဲ့ မဲရုံမှူးတို့ ဘာတို့နဲ့ လုပ်ကြတာ။ ပြီးရင်လည်း ဒီအပေါ်မှာ ဆန္ဒမဲပေးတာတွေ ၊တစ်ဦးချင်းရဲ့ မဲဆန္ဒ လွတ်လွတ်လပ်လပ် ပေးတာ”ဟု ၎င်းက ပြောဆိုခဲ့သည်။

အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်က မဲရုံများ တပ်တွင်း ထားရှိသည့် ကိစ္စကို ဘဝမကျသည်မှာ ကြာပြီဖြစ်ရာ ယခုလို မဲရုံများ အပြင်ထုတ်မည့် ကိစ္စသည် ကောင်းသည့် ကိစ္စ ဖြစ်ကြောင်း၊ တပ်တွင်း မဲရုံများ အပြင်ရောက်လာခြင်းဖြင့် တပ်မတော် သားများ၏ ရင်ထဲမှ ဆန္ဒအမှန်ကို သိနိုင်မည် ဖြစ်ကြောင်း ပြောသည်။

ဦးမြင့်လွင်က “ကျနော်တို့ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲ အတွေ့ အကြုံအရ တပ်ထဲမှာရှိတဲ့ မဲတွေ အကုန်လုံး ရေတွက်ကြည့်လိုက်တော့ NLD က ၃၊ ၄၊ ၅ မဲပဲ ရတယ်။ ကျန်တဲ့ မဲတွေ အကုန်လုံး ၅၀၀၊ ၆၀၀ ကျော်က တခြားပါတီကို ရောက်သွားတယ်။ ဒီအခြေအနေက နည်းနည်းတော့ သံသယ ဖြစ်စရာ ကောင်းတယ်”ဟု ပြောသည်။

၎င်းက ဆက်၍ “တပ်မတော်သားတွေရဲ့ အပေါ်မှာ တစုံတရာများ ဖိအားပေးထားတာမျိုးတွေ ရှိလား။ အကြောက်တရားတွေ ရှိနေလား ဆိုတာ သံသယ ဖြစ်စရာပေါ့။ အဲဒီလို မဖြစ်ဖို့ ဆိုရင် တပ်မဲရုံတွေကို အပြင်ဘက်မှာ ထားဖို့ပဲ။ အဲဒါမှ ဆန္ဒမဲတွေက ရင်ထဲက ရှိတဲ့အတိုင်း ဖြစ်မှာ။ အခုလို ဥပဒေ ပြင်ဆင်ပြောင်းလဲလိုက်တာက အင်မတန် ကောင်းတဲ့အချက်ပါ”ဟု ပြောသည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော် ဥပဒေများ ရှိပြီး ဖြစ်ရာ ယခု ပြင်ဆင်မှုမှာ နည်းဥပဒေတွင် ပြင်ဆင် ဖြည့်စွက်မှုများ ဆောင်ရွက်လာခြင်း ဖြစ်ကြောင်း၊ UEC က နည်းဥပဒေများကို ပြည်ထောင်စု လွှတ်တော်သို့ ရေးဆွဲ တင်ပြ လာသဖြင့် ရက်ပေါင်း ၉၀ အတွင်း ပြင်ဆင်ခြင်း မရှိပါက အတည်ဖြစ်မည်ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် ဦးနေမျိုးထွန်းက ပြောသည်။

“ကျနော်တို့ဘက်က ပြင်ဆင်ချက် ရှိတယ် ဆိုရင် ပြင်ပြီးတော့ အမျိုးသား လွှတ်တော်ကို ပေးပို့ရမယ်။ အခုက ပြည်သူ နဲ့ အမျိုးသား လွှတ်တော်မှာ ဝေထားပြီ။ ပြင်ဆင်ချက် မရှိဘူးဆိုရင် အတည် ဖြစ်သွားတော့မယ်။ ပြင်ဆင်ချက် ရှိတယ် ဆိုရင်တော့ လွှတ်တော်မှာ ဆွေးနွေးဖို့ ရှိပါတယ်”ဟု ထန်းတပင်မြို့နယ် ပြည်သူ့လွှတ်တာ် ကိုယ်စားလှယ် ဦးနေမျိုးထွန်းက ပြောသည်။

၎င်းက ဆက်၍ “တပ်မဲရုံနဲ့နီးတဲ့ တပ်ရဲ့ ပြင်ပမှာ ရှိတဲ့ စာသင်ကျောင်း ရှိရင် ရှိမယ်။ ရပ်ကွက် ရှိရင် ရှိမယ်။ အဲဒီမှာ ထားရှိမယ်။ တပ်ကတော့ သီးခြားလွတ်လပ်ပြီးတော့ ကွင်းထဲမှာ ထီးထီးကြီး ရှိတဲ့ တပ်ကတော့ မရှိပါဘူး။ ဥပဒေ မှာလည်း တပ်မဲရုံ ပြင်ပမှာ ထားရှိတဲ့ မဲရုံကိစ္စဆိုတာလည်း အခက်အခဲ မရှိလောက်ဘူးလို့ ထင်ပါတယ်”ဟု ပြောသည်။

You May Also Like These Stories:

တပ်တွင်းမဲရုံများ တရားဝင်မှု မရေရာ 

၂၀၂၀ ရွေးကောက်ပွဲ NLD အောင်နိုင်ရေး ပါတီထိပ်ပိုင်း ခေါင်းဆောင်၄ ဦး ဦးဆောင်မည် 

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင် NLD ပါတီမှနုတ်ထွက်

Did you find apk for android? You can find new Free Android Games and apps.
Loading