ဒဂုံမြို့သစ် အရှေ့ပိုင်း စက်မှုဇုန်ရှိ ထိုင်ဝမ်နိုင်ငံသားပိုင် ဆိုကီအိတ်စက်ရုံ(Soki Bag and Accessories Myanmar) ၌အလုပ်ရှင်နှင့် အလုပ်သမား အကြား ဖြစ်နေသည့် ပြဿနာရပ်များကို ညှိနှိုင်းရာ အဆင်မပြေသည့်အတွက် အလုပ် သမားများက ယနေ့မှစ၍ စက်ရုံ ဂိတ်ပေါက်ဝများကို ပိတ်ကာ ဆန္ဒပြမှုများ စတင်တော့မည်ဟု သိရသည်။
အောက်တိုဘာ ၂၉ ရက်က ဖြစ်ပွားသည့် အငြင်းပွားမှု ပြဿနာတွင် ဆန္ဒပြအလုပ်သမားများက အလုပ်ဖြုတ်ခံရသည့် HR မန်နေဂျာကို ပြန်ခန့်ထားရန်၊ ဝန်ထမ်းများနှင့် အဆင်မပြေသည့် Super ရာထူးဖြင့် တာဝန်ထမ်းနေသူ အမျိုးသမီး ကို အလုပ်မှ ရပ်စဲပေးရန်၊ အလုပ်သမများအပေါ် သိက္ခာ ထိပါးစေသည့် စကားများ ပြောဆိုကာ ချိန်းဆိုမှုများ မကြာ ခဏ ပြုလုပ်ခဲ့သည့် ထိုင်ဝမ်နိုင်ငံသား Production Manager ကို ဖြုတ်ပေးရန် စသည့်အချက်များကို တောင်းဆိုသော်လည်း ယနေ့ ညနေအထိ အလုပ်ရှင်ဘက်မှ လိုက်လျောမှု မပြုခဲ့ကြောင်း ဆန္ဒပြ အလုပ်သမားများက ပြောသည်။
စက်ရုံ၏ လူ့စွမ်းအားရင်းအမြစ်ဌာန လက်ထောက်မန်နေဂျာ ကိုချစ်သွေးအောင်က “မနေ့ထဲက ကျနော်တို့က သပိတ် စခန်းဖွင့်ခဲ့ပေမယ့် ကျနော်တို့ စက်ရုံအပေါက်ကို မပိတ်သေးဘူး။ ကားတွေ၊ လူတွေ ဝင်ထွက်ခွင့်ရသေးတယ်။ ဒီစက်ရုံ ဝင်းထဲမှာပဲ တခြားလုပ်ငန်း ၃ ခု ရှိသေးတယ်။ ဒီညနေ ညှိနှိုင်းမှုမှာ ကျနော်တို့နဲ့ အလုပ်ရှင်နဲ့ လုံးဝကို ညှိနှိုင်းလို့ မရ တော့ဘူး။ အဲဒီတော့ မနက်ဖြန်မှာ ဒီဝင်းထဲကို ကျန်တဲ့ လုပ်ငန်းခွဲ ၃ ခုက ဝန်ထမ်းတွေ၊ ကားတွေကလွဲပြီး ဆူကီအိတ် စက်ရုံနဲ့ ပက်သက်တာတွေကို လုံးဝပေးမဝင်တော့ဘူး၊ ပိတ်ဆို့ထားတော့မယ်” ဟု ပြောပြသည်။
ယနေ့ ညှိနှိုင်းမှုမှာ ၅ကြိမ်မြောက် ဖြစ်ပြီး မိမိတို့ တောင်းဆိုသည့် အဓိကအချက်များအပေါ် အလုပ်ရှင်ဘက်မှ လိုက် လျောမှု မရှိ၍ မိမိတို့ သပိတ်မှောက်သည့်အရှိန်ကို တိုးမြှင့်သွားမည်ဟု ကိုချစ်သွေး အောင်က ရှင်းပြသည်။
ပြီးခဲ့သည့် ၃ လခန့်က ခန့်ခဲ့သည့် လူ့စွမ်းအားရင်းမြစ်ဌာန(HR)မှ မန်နေဂျာ ကိုကောင်းထက်ဇော်ကို အကြောင်းပြချက် တစုံတရာ မရှိဘဲ ဖြုတ်ပစ်လိုက်ပြီးနောက် အလုပ်ရှင်အလုပ်သမား အကြား ပြဿနာ စတင်ခဲ့ခြင်း ဖြစ်သည်။
အလုပ်မှ ထုတ်ပယ်ခံရသူ HR မန်နေဂျာဟောင်း ကိုကောင်းထက်ဇော်က ၎င်းသည် အလုပ်စတင် ဝင်ခဲ့ချိန်မှ စပြီးဝန်ထမ်းများဘက်မှ ရပ်တည်ပြောဆိုဆောင်ရွက်မှုများ ရှိခဲ့သည့်အတွက် အလုပ်ရှင်မှ အမြင်မကြည်လင်မှုများ ရှိခဲ့ကြောင်းလည်း ဆိုသည်။
ကိုကောင်းထက်ဇော်က“ကျနော်တို့ စက်ရုံမှာ အရင်က ဖယ်ရီစီးတဲ့သူတွေကို တနေ့လုပ်ခ ၄၆၀၀ ကျပ်၊ မစီးတဲ့သူ တွေကို တနေ့ လုပ်ခ ၄၈၀၀ ကျပ်နှုန်းနဲ့ ပေးနေရာက သူတို့က ၃၆၀၀ ကျပ်ပေးလို့ရတယ်ဆိုတဲ့ သဘောမျိုး လုပ်လာ တယ်။ အချိန်ပိုကြေးတွေ ပေါင်းလိုက်ရင် အနည်းဆုံး လုပ်ခလစာနှုန်းကို ပြည့်မီအောင် လုပ်မယ့်ပုံစံပေါ့။ အဲဒီမှာ ကျနော်က မရဘူး။ အလုပ်သမား ဥပဒေအရ တနေ့ အလုပ်ချိန် ၈ နာရီကို ၄၈ဝဝ ပေးရမယ်ဆိုပြီး အတိုက်အခံလုပ် ခဲ့တာ” ဟု ဆိုသည်။
ထို့အပြင် ၎င်းက “အလုပ်သမားတွေရဲ့ အရှေ့မှာ လုပ်ငန်းခွင်သန့်ရှင်းရေးကအစ ကျနော်ကိုယ်တိုင် လုပ်ရင်း ဦးဆောင် ခဲ့တာကြောင့် အလုပ်သမားတွေက ကျနော် အလုပ်ထုတ်ခံရတာကို မကျေနပ်ကြတာ။ ကျနော့်ကို အောက်တိုဘာ ၂၉ ရက်နေ့ ညနေမှ ခေါ်ပြောတယ်။ တရုတ်စကား မရတဲ့အတွက် အဆင်မပြေလို့ဆိုပြီး အလုပ်ကနေ ထွက်ဆိုတဲ့ ပုံစံမျိုး။ ကျနော်စလုပ်ထဲက တရုတ်စကားမရတာ သိနေလျက် နဲ့ ဘာလို့ခန့်ခဲ့လဲ။ အခုမှ အဆင်မပြေမှုတွေ ဖြစ်လာတော့မှ ဘာပြစ်ချက်မှ မရှိပဲထုတ်တာ” ဟု ပြောပြသည် ။
ယနေ့ ဆွေးနွေးပွဲတွင် ပြေလည်မှု မရရှိခဲ့သဖြင့် အောက်တိုဘာ ၆ ရက်တွင် ရန်ကုန်တိုင်း အလုပ်သမား ခုံသမာဓိ အဖွဲ့၏ အဆုံးအဖြတ်ကို ခံယူနိုင်ရန် ဆက်လက် တင်ပြသွားမည်ဟု ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့တွင် ပါဝင်သည့် ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် အလုပ်သမားရေးရာ ဦးစီးဌာနမှ ဦးစီးမှူး ဦးထွန်းနိုင်က ပြောသည်။
အလုပ်ရှင်နှင့် မိမိတို့ ညှိနှိုင်းခဲ့ရာတွင် လက်ရှိ HR မန်နေဂျာ၏ သြဇာသည် စက်ရုံအတွင်း လွှမ်းမိုးနေကြောင်း၊ အလုပ်ရှင်ဖြစ်သည့် မိမိ၏ သြဇာက သူ့လောက်ပင် လွှမ်းမိုးမှု မရှိကြောင်း၊ ထို့အပြင် HR မန်နေဂျာ၏ တာဝန်ဖြစ်သည့် မိမိတို့၏ နေထိုင်ခွင့်နှင့် ပတ်သက်ပြီး လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနနှင့် ချိတ်ဆက် ဆောင်ရွက်မှုများတွင်လည်း တာဝန် မကျေပဲ နှောင့်နှေးမှုများ ဖြစ်ပေါ်နေသည့် အတွက် ၎င်းကို ပြန်လည်ခန့်ထားရန် လုံးဝမဖြစ်နိုင်ဘဲ အလုပ်သမား ဥပဒေ ပါ အခွင့်အရေးအတိုင်း ၎င်း၏ နစ်နာကြေး များကို ပေးအပ်သည့်နည်းလမ်းကိုသာ လိုလားကြောင်း ပြောသည်ဟု သူက ရှင်းပြသည်။
ဦးထွန်းနိုင်က “ကျနော်တို့ကလည်း ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ပဲ ဆိုတော့ ဒီ HR မန်နေဂျာကို မဖြစ်မနေ ပြန်ခန့်ကို ခန့်ရမယ်လို့ သွားပြောလို့ မရဘူး။ အလုပ်သမား ဥပဒေအရ သူ့ကိုထုတ်ပယ်တာ ဥပဒေနဲ့ မညီဘူး။ သူ့ကို ထုတ်လို့မရဘူး လောက်ပဲ ပြောလို့ရမှာ။ အလုပ်သမားတွေကတော့ ဆက် ဆန္ဒပြမယ်တဲ့။ ကျနော်တို့ ညှိနှိုင်းရေးအဖွဲ့ ဥက္ကဌဖြစ်တဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးကတော့ ဆန္ဒပြနေသူတွေကို ဒီကိစ္စက ဥပဒေအတိုင်း ဆက်လုပ်သင့်တာ၊ ဆန္ဒပြ သပိတ်စခန်း ဖွင့်လောက်တဲ့အထိ မလိုဘူးလို့တော့ မှတ်ချက်ပြု ပြောခဲ့တာပဲ။ ကျန်တာကတော့ သူတို့သဘောပေါ့” ဟု ဆိုသည်။