အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ် အခြေစိုက် Getty Conservation Institute သည် မြန်မာနိုင်ငံ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနနှင့် ပူးပေါင်း၍ ပုဂံရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းကာကွယ်ရေး ရေရှည်စီမံကိန်းကို စတင်လုပ်ဆောင်တော့မည်ဟု သိရသည်။
Getty Conservation Institute သည် ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးဆိုင်ရာ ပညာရှင်များကို စုစည်း၍ နိုင်ငံတကာရှိ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး အစီအစဉ်များကို ဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်သည်။
၎င်းတို့အဖွဲ့၏ ပုဂံရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းကာကွယ်ရေး ရေရှည်စီမံကိန်းတွင် ငလျင် ကြောင့် ပျက်စီးသွားသော အဆောက်အအုံများ ပြုပြင်ခြင်း၊ အနာဂတ်တွင် အလားတူဖြစ်ရပ်မျိုး ပျက်စီးမှုမျိုးမှ ကြိုတင်ကာကွယ်မှုများ၊ တန်ဖိုးထား အလှဆင်ထားသောအရာများ ထိန်းသိမ်းစောင့်ရှောက်ရန် နည်း လမ်းများ သတ်မှတ်ခြင်း၊ မျှော်မှန်းထားသည့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး မဟာဗျူဟာများကို စီမံခန့်ခွဲရန်၊ ထိန်း သိမ်း စောင့်ရှောက်ရေးဆိုင်ရာ လေ့ကျင့်သင်ကြားမှုများ၊ သုတေသနလုပ်ငန်းများ ပါဝင်မည်ဖြစ်ကြောင်း Getty ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရှေးဟောင်းသုတေသနနှင့် ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) တာဝန်ခံ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က “ပြီးခဲ့ တဲ့နှစ်ကစပြီး ဒီလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် Survey တွေ ဆောင်ရွက်နေပါတယ်။ ဒါတွေလုပ်မယ်ဆိုတာ လည်း ယေဘူယျ သဘောတူညီမှု ရှိပါတယ်။ MoU ထိုးပြီးတဲ့ အဆင့်တော့ မရှိသေးပါဘူး။ အဲဒါအတွက်လည်း ညှိနှိုင်းပြီးဆောင်ရွက်လျက် ရှိပါတယ်။ (လုပ်ငန်း) စဖို့ရာ ဆောင်ရွက်နေပါပြီ” ဟု ဧရာဝတီကို ပြောသည်။
လက်ရှိတွင် Getty Conservation Institute သည် ပုဂံ မြင်းပြဂူဘုရား ထိန်းသိမ်းရေး လုပ်ငန်းများ စတင်မည့် အကြောင်း အသိပေးကြေညာခြင်း အခမ်းအနားကို နိုဝင်ဘာ ၆ ရက်နေ့ နံနက် ၈ နာရီခွဲတွင် အဆိုပါ ဘုရားရှေ့တွင် ပြုလုပ်သွားရန် ရှိသည်ဟု သိရသည်။
Getty Conservation Institute ၏ ထုတ်ပြန်ချက်တွင် နှစ်ပေါင်းများစွာ ပိတ်ထားသည့် မြင်းပြဂူတွင် ပထမဆုံး အဆောက်အအုံ လေ့လာမှု တခုပြုလုပ်မည်ဟု ဖော်ပြထားသည်။
ပုဂံဌာနခွဲ တာဝန်ခံ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က Getty Conservation Institute သည် ထိန်းသိမ်းရေး လုပ်ငန်း များကို စနစ်တကျ သုတေသန စင်တာများ တည်ထောင်ကာ ဆောင်ရွက်နေသည့် အဖွဲ့အစည်းတခု ဖြစ်သည့်အပြင် ယူနက်စကို အပါအဝင် ကမ္ဘာ့နိုင်ငံအများစုကလည်း ထိန်းသိမ်းရေး လုပ်ငန်းနှင့် ပတ်သက်၍ ယုံကြည်လက်ခံ ထား သည့် အဖွဲ့အစည်းဖြစ်ရာ ပုဂံဒေသအတွက် ကောင်းမွန် အကျိုးရှိလိမ့်မည်ဟု မှတ်ချက်ပြုသည်။
“ဒါ ကျနော်တို့နဲ့ ဆက်ဆံပြီး ဆောင်ရွက်ရတာ ပထမဆုံးအကြိမ် ဖြစ်တဲ့အတွက် သူတို့ရဲ့ပူးပေါင်းဆောင်ရွက်မှု အတိုင်းအတာတွေကတော့ အတိအကျ မသိရသေးဘူးပေါ့” ဟုလည်း ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက နိုင်ငံတကာ အဖွဲ့အစည်းများ လာရောက်ပြီး ပုဂံဘုရားများ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်း များ ဆောင်ရွက်သည့်အခါ စိုးရိမ်မှုများ ရှိကြသည့်အလျောက် နည်းပညာများ မမှားစေရန် BICC (Bagan International Coordinating Committee) က ထိန်းချုပ်သွားမည်ဖြစ်ပြီး BICC အစည်းအဝေးကို ၁ နှစ်လျှင် ၂ ကြိမ် ဆောင်ရွက်ရန် လျာထားကြောင်း ရှင်းပြသည်။
“ဒီမှာလာတဲ့ ဘုရားကို ထိန်းသိမ်းရေးလုပ်မယ့် နိုင်ငံတွေမှန်သမျှ ဘယ်လိုတွေ ဆောင်ရွက်ရမယ်။ ဘယ်လိုစနစ်တွေနဲ့ သွားမယ်။ သူတို့လုပ်ချင်တဲ့ ကျွမ်းကျင်တဲ့ဟာတွေကိုလည်း ဒီအစည်းအဝေးမှာ တင်ပြမယ်။ ပါဝင်တဲ့ နိုင်ငံတကာ ပညာရှင်တွေက သင့်တယ် မသင့်ဘူးဆိုတာ ပြန်ပြီး အဆုံးအဖြတ်ပေးမယ်။ အဲဒီကနေ စနစ်တကျ ဆောင်ရွက်သွား မယ်။ Getty နဲ့ ပတ်သက်ပြီးတော့လည်း လုပ်ဆောင်မှုကို စစ်ဆေးမယ်။ မလုပ်ခင်ကလည်း ဘယ်ဟာတွေတော့ လုပ် သင့် မလုပ်သင့်ဆိုတာ ကြိုတင်ပြီး အကြံဉာဏ်ပြုဆွေးနွေးမယ်” ဟု ဦးအောင်အောင်ကျော်က ပြောသည်။
မြန်မာ့ယဉ်ကျေးမှု ရှေးဟောင်း အမွေအနှစ် ဒေသတခုဖြစ်သည့် ပုဂံယဉ်ကျေးမှုဇုန်ကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင် (World Heritage List) အဖြစ် ကမ္ဘာ့ကုလသမဂ္ဂ၊ ပညာရေး၊ သိပ္ဗံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (ယူနက်စကို)က ပြီးခဲ့ သည့် ဇူလိုင် ၆ ရက်တွင် ကြေညာခဲ့သည်။
ထို့အတွက် ပုဂံဒေသသည် ရှေးယခင်ကထက် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ ပိုမိုလာရောက်ကြမည်ဖြစ်ရာ အကျိုးဆက်များနှင့်အတူ ယှဉ်တွဲပါလာမည့် နောက်ဆက်တွဲ ပြဿနာများအတွက်လည်း ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေး ပညာရှင်များက အကြံပြု ထောက်ပြထားသည်။
ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ပြီးကတည်းက အကြီးစား ထိန်းသိမ်းရေး စီမံကိန်းသည် အရေးတကြီး လိုအပ်လာပြီဖြစ်ပြီး ပုဂံဒေသကို အာရုံစူးစိုက်မှု ပိုများလာပြီး ခရီးသွားဧည့်သည်များ တိုးများလာခြင်းက လည်း ထိန်းသိမ်းစောင့်ရှောက်မှုအပေါ် စိန်ခေါ်မှုများလည်း များပြားလာလိမ့်မည်ဟု Getty Conservation Institute မှတာဝန်ရှိသူများကလည်း သုံးသပ်ထားသည်။
Getty Conservation Institute (GCI) ၏ စီမံကိန်းများတွင် ၂၅ နှစ်ကြာသည့် တရုတ်နိုင်ငံ Dunhuang ဒေသရှိ ရှေးဟောင်း ဗုဒ္ဓဂူ ထိန်းသိမ်းရေး၊ ၁၀ နှစ်ကြာသည့် အီဂျစ်နိုင်ငံရှိ Tutankhamen ဘုရင်၏ဂူသချိုင်း ထိန်းသိမ်းရေး၊ ပီရူးဒေသတွင် ငလျင်ဒဏ်ခံနိုင်ရန် မြေယာဗိသုကာဆိုင်ရာ ထိန်းသိမ်းရေးနည်း ဆက်လက်ရှာဖွေနေမှုနှင့် အခြားသော ဆောင်ရွက်မှုများ ပါဝင်သည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန် အတွင်းရှိ ရှေးဟောင်း သာသနိက အဆောက်အအုံများမှာ ၂၀၁၆ သြဂုတ် ၂၄ ရက်က လှုပ်ခတ်သည့် ရစ်ချ်စတာ စကေး (၆.၈) အဆင့် မြေငလျင် ဒဏ်ကို ခံခဲ့ရပြီး ဘုရား ပုထိုး စေတီပေါင်း ၃၈၉ ဆူ ပျက်စီးခဲ့သည်။
၂၀၁၉ စက်တင်ဘာ ၃၀ ရက်နေ့အထိ အနည်းငယ်သာ ထိခိုက်ပျက်စီးသော ဘုရားပုထိုး ၂၂၄ ဆူနှင့် ရှေးမူမပျက် ထိန်းသိမ်းပြီးဖြစ်သော ၁၂၈ ဆူ စုစုပေါင်း ၃၅၂ ဆူကို လုပ်ငန်းဆောင်ရွက်ပြီးဖြစ်ကာ ၁၈ ဆူကို ပြုပြင်ထိန်း သိမ်းရေး ဆောင်ရွက်နေဆဲဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။