ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးပြီးနောက် ယမန်နေ့က ပြန်လည်လွှတ်ပေးလိုက်သော ရွှေနဒီ အမြန်ရေယာဉ်ပေါ်မှ လိုက်ပါလာသူ အရပ်သား ၂၀ ကျော်ကို အာဏာပိုင် အဖွဲ့က ထိန်းသိမ်း စစ်ဆေးနေကြောင်း သတင်းရရှိသည်။
ဘူးသီးတောင်မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက “ မနေ့က သူတို့ကို သွားခေါ်ပြီး နေ့လည် ၂ နာရီလောက်မှာ ဘူးသီးတောင်ထွေအုပ်ကို ရောက်တယ်။ ရုံးထဲကို မဝင်ရတော့ဘူး။ နခခ ၃ မှာ စစ်ဆေးမယ် ဆိုပြီးတော့ တခါတည်း ခေါ်ယူမယ်။ ကျနော်က ဘာလုပ်ဖို့ ခေါ်တာလဲမေးတော့ ဒီအမှုနဲ့ ပတ်သက်ပြီး ရသေ့တောင်မှာ အမှုဖွင့်ထားတာ ရှိတယ်။ သူတို့ကို သက်သေ အနေနဲ့ ထွက်ဆိုရမှာ ဖြစ်တဲ့အတွက် စစ်ဆေးဖို့ ခေါ်တာလို့ ပြောတယ်။ မနေ့ကလည်း တညလုံးစစ်တယ်။ အခုထိလည်း ပြန်လွှတ်မပေးသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
နိုဝင်ဘာ ၅ ရက်နေ့က AA မှ ဘူးသီးတောင်မြို့နယ် ငွေတောင်ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွဲှပြောင်း လွှတ်ပေးလိုက်သည့် အရပ်သား ၂၅ ဦး အနက် ၄ ဦးမှာ ကိုယ်ပိုင်အစီအစဉ်ဖြင့် ပြန်သွားကြောင်း၊ ကျန်ရှိသည့် ၂၁ ဦး ကို ဒေသခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်တို့ ပူးပေါင်းကာ သွားရောက် ခေါ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက ပြောသည်။
အဆိုပါ အရပ်သား ၂၀ ကျော်ကို ဘူးသီးတောင်မြို့နယ်အတွင်းရှိ အမှတ် ၃ နယ်ခြားစောင့် ရဲတပ်ဖွဲ့က ထိန်းသိမ်း စစ်ဆေးနေခြင်းဖြစ်ပြီး ၎င်းတို့ကို စိတ်မချသည့်အတွက် ဒေသခံ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သည့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင် တို့မှာလည်း ထိုနေရာတွင် လက်ရှိ အချိန်အထိ အတူ စောင့်လျက် ရှိနေကြောင်း သိရသည်။
“မနေ့ကလည်း လိုအပ်လို့ စစ်ဆေးစရာရှိရင် ထွေအုပ်ရုံးမှာပဲ စစ်ဆေးပါ ဆိုတာ ပြောပြတော့ လုံခြုံ ရေးအရ ဒီမှာ စစ်ဆေး လို့ မရဘူးလို့ ပြောတယ်။ ခဏ စစ်ဆေးဖို့ ခေါ်တာ အခုထိ ပြန်လွှတ်မပေးသေးဘူး ။ နယ်ခြားစောင့်ရဲရော ၊ နယ်မြေရဲတွေ ရာ ၊ စရဖတွေရော ၊ စစ်ဗျူဟာက အဖွဲ့တွေက တဖွဲ့ပြီး တဖွဲ့ ခေါ်စစ်နေတော့ သူတို့ အခု စိုးရိမ်မှုတွေ ဖြစ်ပြီး စိတ်ပိုင်းဆိုင် ရာတေ ၊ ရုပ်ပိုင်းဆိုင်ရာတွေ ထိခိုက်မှုတွေ ဖြစ်နေရတယ်။ ဒီလို လုပ်တာကတော့ မတရားဘူးလို့ မြင်တယ်” ဟု ဦးမောင်ကျော်ဇံက ပြောသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး မောင်တောနယ်စပ် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူးချုပ် မြင့်တိုးနှင့် ဘူသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးထံ ဧရာဝတီမှ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပ။
ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းက နယ်ခြားစောင့် ရဲတပ်ဖွဲ့ အပိုင် ဖြစ်သည့်အတွက် ထိုကိစ္စအပေါ် အသေးစိတ်ကို မသိရသော်လည်း လိုအပ်သည့် အတွက် ခေါ်ယူ စစ်ဆေးမှုများကို လုပ်ဆောင်နေသည်ကိုတော့ ကြား သိရကြောင်း ပြောသည်။
ရဲမှူးကြီး ကြည်လင်းက “နယ်ခြားစောင့် ဆီမှာ စစ်ဆေးနေတယ်လို့ ကြားတယ်ဗျ ။ ဘယ်သူမှတော့ မတရား မဖမ်းပါဘူး ဗျာ။ ပြည်သူတွေ အတွက် လုပ်တာပါ လို့ ကျနော် ထင်တယ်။ နောက်တခါ အဲဒီလို မဖြစ်အောင် ဘာကြောင့် ဖမ်းတယ်။ ဘယ်သူတွေက ဖမ်းတယ်။ အဲဒီအထဲမှာ သံသယ ဖြစ်စရာ ပါကောင်း ပါနိုင်တာပေါ့ဗျာ။ ဒလန်တွေ လုပ်ပြီး အဲဒီ အဖမ်းခံ တဲ့ အထဲမှာ ပါကောင်း ပါနိုင်တာပေါ့။ ဒါကတော့ ရဲတပ်ဖွဲ့ အပိုင်းဆိုင်ရာ လိုအပ်လို့ စိစစ်တယ်လို့ ကျနော်တို့ကတော့ ယူဆတာပဲလေ” ဟု ဧရာဝတီသို့ ပြောသည်။
AA က ပြန်လွှတ်ပေးလိုက်သည့် ၂၅ ဦးအနက် မိမိ အစီအစဉ်ဖြင့် ပြန်သွားသူ ၄ ဦးမှာ စစ်တွေမြို့ခံ ၁ ဦး ၊ ရသေ့တောင် မြို့နယ်က ၂ ဦးနှင့် ငွေတောင်ရွာ ကျေးရွာအနီးက ၁ ဦးတို့ ဖြစ်ကြောင်းလည်း သိရသည်။
AA သည် လုံခြုံရေးတပ်ဖွဲ့ဝင်များကိုမူ ဆက်လက်ထိန်းသိမ်း ဖမ်းဆီးထားဆဲဖြစ်ပြီး ၎င်းတို့သည် စစ်ဘက်ဆိုင်ရာနှင့် ပတ်သက် နေသည့်အတွက် အရေအတွက်နှင့် မည်သို့ ဆက်လက် ဆောင်ရွက်မည် ဆိုသည်ကို ထုတ်ဖော်ပြောကြားရန် အစီအစဉ် မရှိသေးကြောင်း AA သတင်းပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ပြောထားသည်။
ရွှေနဒီ အမြန်ရေယာဉ်ပေါ်မှ တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရသည့် ကိစ္စနှင့် ပတ်သက်ပြီး သတင်း ပေါက်ကြားသည်ဟုဆိုကာ ရေယာဉ်ပိုင်ရှင် ဦးရွှေသန်းနှင့် ဝန်ထမ်း ၇ ဦး စုစုပေါင်း လူ ၈ ဦး တို့ကိုလည်း သက်ဆိုင်ရာအဖွဲ့မှ ထိန်းထိမ်း စစ်ဆေး နေကြောင်းလည်း မိသားစုဝင်များက ပြောသည်။
စစ်တွေ- ဘူးသီးတောင် သို့ ပြေးဆွဲနေသော ရွှေနဒီ အမြန်ရေယာဉ်ကို အောက်တိုဘာလ ၂၆ ရက်နေ့ မနက် ၁၀ နာရီ ဝန်းကျင်၌ ရသေ့တောင်မြို့ အလွန်တွင် ရက္ခိုင့်တပ်တော် ( AA ) အဖွဲ့က ဟန့်တားကာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ အရပ်သား တချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ထိန်းသိမ်း ဖမ်းဆီးခဲ့ပြီးနောက် ကျန်ခရီးသည်များနှင့် ရေယာဉ်ကို ဘူးသီးတောင်မြို့သို့ ပြန်လည် လွှတ်ပေးခဲ့ကြောင်း၊ ယင်းနေ့ ညနေ ၅ နာရီ အချိန်ခန့်တွင် အဆိုပါ ရေယာဉ်မှာ ဘူးသီးတောင်ဆိပ်ကမ်းသို့ ရောက်ရှိလာကြောင်းလည်း ဘူးသီးတောင် မြို့ခံများထံမှ သိရသည်။
AA အဖွဲ့ ခေါ်ဆောင်သွားရာတွင် ရွှေနဒီ အမြန်ရေယာဉ်ပေါ်မှ တပ်မတော်သား ၁၄ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂၉ ဦး၊ အကျဉ်း ဦးစီး ဌာနမှ ၂ ဦး စုစုပေါင်း လုံခြုံရေး တပ်ဖွဲ့ဝင် ၄၅ ဦး ပါဝင်သွားခဲ့ကြောင်းလည်း တပ်မတော်က ထုတ်ပြန်ခဲ့သည်။
ယင်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရသည့်အတွက် တပ်မတော်မှ မြေပြင် တပ်မများနှင့်အတူ ရဟတ်ယာဉ်များဖြင့် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ရာတွင် ဖမ်းဆီးခံ ၁၅ ဦးကိုလည်း ကယ်တင်နိုင်ခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က ဆိုသည်။
ပြန်လည် ကယ်တင်နိုင်ခဲ့သည့် ဖမ်းဆီးခံ ၁၅ ဦးထဲတွင် လုံခြုံရေး တပ်ဖွဲ့ဝင် ၁၀ ဦးနှင့် အရပ်သား ၅ ဦး ပါဝင်ကြောင်း လည်း တပ်မတော် သတင်း ပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာဝတီသို့ ပြောဆိုထားသည်။
ဖမ်းဆီးခံရသည့် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအား စစ်ဆေးရန်အတွက် ဘေးကင်း လုံခြုံရာသို့ ခေါ်ဆောင် ရာတွင် တပ်မတော်က ရဟတ်ယာဉ် ၃ စီးဖြင့် အခင်းဖြစ်ပွားရာနေရာ အနီးဝန်းကျင်နှင့် တခြားနေရာ များသို့ မရပ်မနား လှည့်ပတ်ကာ ဗုံးကြဲ တိုက်ခိုက်သည့်အတွက် ကျည်ကွယ် မရှိသည့် နေရာတွင် ရှိနေသော စစ်ဆေးရန်ခေါ်ယူလာသူ အများအပြားမှာ သေဆုံးခဲ့ရသလို ၎င်းတို့ကို လုံခြုံရေး ယူထားသည့် AA တပ်ဖွဲ့ဝင် တချို့မှာလည်း အသက်ဆုံးရှုံး ခဲ့ရကြောင်း AA အဖွဲ့က ထုတ်ပြန်ထားသည်။
ထိုတပ်မတော်မှ ရဟတ်ယာဉ်ဖြင့် ခြိမ်းခြောက်ပစ်ခတ်ပြီး တပ်ဖွဲ့ဝင်များကို ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် ခဲ့ရာတွင် ရဲတပ်သား စိုင်းနိုင်အောင်မှာ ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။
ဖမ်းဆီးခံရသည့် တပ်ဖွဲ့ဝင်များကို ၅ ယောက် တတွဲ လက်ပြန်ကြိုး တုန်ပြီး စက်လှေဖြင့် မြစ်ကူးပြီး ခေါ်ယူရန် ကြိုးစား ခဲ့စဉ် AA တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် အတွဲလိုက် ပစ်ခတ်ပြီး မြစ်ထဲသို့ ကန်ချခဲ့ကြောင်း၊ ထိုသို့ လုပ်ဆောင်ရာတွင် ရဲတပ်သား စိုင်းနိုင်အောင်မှာ ဒဏ်ရာ အနည်းငယ် ရရှိရာ အသက်မသေဘဲ ပြန်လည် လွတ်မြောက် လာခဲ့ခြင်း ဖြစ်ကြောင်း လည်း တပ်မတော် သတင်းထုတ်ပြန်ရာတွင် ဖော်ပြထားသည်။
AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကတော့ တပ်မတော်မှ မဆင်မခြင် ဗုံးကြဲ တိုက်ခိုက်သည့်အတွက် တပ်ဖွဲ့ဝင်များ သေဆုံးခဲ့ရသည့် အမှားကို တမင် ဖုံးကွယ်လိုသည့်အတွက် ထိုသို့ ပြောဆိုခြင်းသာ ဖြစ်ပြီး သေနတ်ဖြင့် အတွဲလိုက် ပစ်ခတ်ကာ ကြိုးတုပ်ပြီး ရေထဲကန်ချခဲ့မည်ဆိုလျှင် အသက်ရှင်နိုင်မည် မဟုတ်ဟု ပြန်လည်တုံ့ပြန်ထားသည်။
ဆက်စပ်လင့်ခ် – ရွှေနဒီ အမြန်ရေယာဉ်မှ ဖမ်းဆီးခံ အရပ်သား၂၅ ဦး AA ပြန်လွှတ်ပေး