၂၀၂၀ ပညာရေးနှစ်မှ စတင်သင်ကြားရမည့် အဝေးသင်ပညာရေး စနစ်သစ်ကို အလိုမရှိကြောင်း ဆန့်ကျင်သည့် ပိုစတာ ကမ်ပိန်းတခုကို ယနေ့နံနက်ပိုင်းက ပြည်တက္ကသိုလ်အတွင်း အဝေးသင်ကျောင်းသားကျောင်းသူ အချို့ စုပေါင်း ပြုလုပ်ခဲ့ ကြသည်။
လာမည့် ၂၀၂၀ ပညာသင်နှစ်တွင် အဝေးသင်ပညာရေးစနစ်အား အနီးကပ်စနစ် ၁၀ ရက်တက်ရမည့် အစား လာမည့် နှစ် မေလတွင် ၅ ရက်နှင့် စာမေးပွဲ အနီးကပ်တွင် ၅ ရက် ဟူ၍ ၂ ခါခွဲပြီး တက်ရမည့် အဝေးသင် ပညာရေး စနစ်သစ်အား သက်ဆိုင်သည့် အဖွဲ့အစည်းများ ကျောင်းသားများအား အသိမပေးဘဲ ပြောင်းလဲလိုက်သည့်အပေါ် ကျေနပ်မှု မရှိခြင်း ကြောင့် ပိုစတာကမ်ပိန်း ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြည်တက္ကသိုလ် အဝေးသင် ကျောင်းသားကျောင်းသူများအသင်း ဥက္ကဋ္ဌ ကိုသော်ဇင်ထွန်းက ပြောသည်။
ကိုသော်ဇင်ထွန်း က “၅ ရက် နှစ်ခါ ခွဲတက်ရမယ့် ကိစ္စကို ကျနော်တို့ ကန့်ကွက်ရခြင်း ဖြစ်ပါတယ်။ ကျောင်းသားတွေမှာ ခွင့်ကိစ္စက အဓိက ပြဿနာ ကြုံတွေ့လာနိုင်ပါတယ်။ စနစ်သစ်ပြောင်းတာကို ကျောင်းသားတွေ မသိခဲ့ပါဘူး။ ပညာရေး ဝန်ကြီးဌာန အနေနဲ့ ပညာရေး စနစ်သစ် ပြောင်းလဲမယ်ဆိုရင် သက်ဆိုင်ရာ ကျောင်းသားသမဂ္ဂ ဆရာသမဂ္ဂ အသီးသီး သက်ဆိုင်ရာနယ်ပယ်က ပညာရှင် အသီးသီး အလုပ်သမား ဝန်ကြီးဌာနတွေနဲ့ ညှိုနှိုင်းပြီးမှ ပြောင်းလဲသင့်တယ်လို့ ထင်တယ်” ဟု ပြောသည်။
ထို့ကြောင့်၂၀၂၀ တွင် ပြောင်းလဲမည့် အဝေးသင်ပညာရေးစနစ်သစ် အလိုမရှိ၊ အာဏာရှင်ဆန်သော လုပ်ရပ်ဖြင့် ပြောင်းလဲ ပြုလုပ်မည့် အဝေးသင်ပညာရေး စနစ်သစ် အလိုမရှိ၊ ကျောင်းသားထု ဆန္ဒမပါသော အာဏာရှင်ဆန်သည့် အဝေးသင် ပညာရေးစနစ်သစ် အလိုမရှိ စသည် စာသားများပါသည့် ဗီနိုင်း ပိုစတာများကို ၎င်းတို့က ပြည်တက္ကသိုလ် မုဒ်ဦးဝရှိ နံရံများတွင် လိုက်လံ ကပ်ခဲ့ကြသည်။
ပြည်တက္ကသိုလ် အဝေးသင် ဒုတိယနှစ်ကျောင်းသူ မဆုမြတ်ကျော် က “အခုလို နှစ်ခါ ခွဲတက်ရမယ်ဆိုရင် အဆင်ပြေဘူးလေ။ အဲဒါကို သိအောင်လို့ အခုလိုပြုလုပ်ရတာပါ။ အဓိကက ခွင့်ပြဿနာပေါ့။ အစိုးရက သက်ဆိုင်ရာဌာနတွေကကို ခွင့်မရဘူး။ ခွင့်ရဖို့က နှစ်လလောက် ကြိုတင်ရတယ်။ ပုဂ္ဂလိကဘက်မှာလည်း အဲဒီလိုပဲ။ တချို့အထည်ချုပ်သမား တွေဆိုရင် ကျောင်းတက်လိုက်ပြီဆိုရင် စက်ရုံက ထွက်လိုက်ရပြီး နောက်စက်ရုံ ၁ ခု ရှာရတယ်။ ဆယ်ရက် တခါတည်း တက်လိုက်ရင်တောင်မှ အဲဒီလို ရှာရရင် နှစ်ခါ ခွဲတက်ရမယ်ဆို အလုပ်အကိုင်တွေ ပိုခက်ခဲလာလိမ့်မယ်” ဟု ပြောသည်။
ပြည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်အောင်မင်း က “သူတို့ကတော့ ကျနော်ကို စာကပ်ချင်တယ်ပြောလို့ ကပ်ပါလို့ပဲ ပြောလိုက်တာပါ။ သူတို့လည်း သူတို့ ဆန္ဒဖော်ထုတ်ခွင့် ရှိတယ်လေ။ ကျနော်တို့က ပညာရေးဝန်ကြီးဌာနမှာ Policy maker မဟုတ်ဘူးဗျ။ ဆုံးဖြတ်ပေးရမယ့်သူ မဟုတ်ဘူးဗျ။ အကောင်အထည် ဖော်ပေးရတဲ့လူ။ အခုကိစ္စ ၅ ရက် ၂ ကြိမ်ပြောင်းတဲ့ကိစ္စက မူဝါဒကိစ္စ။ Policy maker တွေဆုံးဖြတ်လိုက်တာကို အကောင်အထည်ဖော်ရတဲ့အဆင့်။ ဘာမှ ကျနော်ပြောလို့မရဘူး” ဟု ပြောသည်။
ပြည်တက္ကသိုလ်တွင် အဝေးသင်ဌာနတွင် ဝိဇ္ဇာ၊ သိပ္ပံ မေဂျာပေါင်း ၁၂ ခုရှိကာ ကျေင်းသားကျောင်းသူ ၂၂၀၀၀ ရှိပြီး ယခုလို လှုပ်ရှားမှုများကို ရန်ကုန်၊ မန္တလေး၊ မုံရွာနင့် အခြားမြို့ကြီးများရှိ အဝေးသင်ကျောင်းသား ကျောင်းသူများပါ ပြုလုပ်ခဲ့ကြပြီး မြန်မာနိုင်ငံအဝှမ်းရှိ တက္ကသိုလ်များမှ ကျောင်းသားသမဂ္ဂ (၃၇)ခုနှင့် ဆရာသမဂ္ဂ (၃၆) ခုတို့မှလည်း ထိုစနစ်ကို ကန့်ကွက်ကြောင်း ထုတ်ပြန်ထားသည်။
You may also like these stories:
အဝေးသင်ပညာရေး စနစ်သစ် အလိုမရှိကြောင်း မန္တလေးကျောင်းသားများ ဆန္ဒပြ
ရန်ကုန်တက္ကသိုလ် ပတ်လမ်းဖောက်လုပ်ခြင်းနှင့် သစ်ပင်ခုတ်ခြင်းကို ယာယီရပ်ဆိုင်း