အလုပ်သမားများကို ကန်ထရိုက်စနစ်ဖြင့် ခေါ်ယူ အသုံးပြုနေသည့် မှော်ဘီမြို့နယ် မြောင်းတကာ စက်မှုဇုန်ရှိ CJ Myanmar တိရစ္တာန် အစာထုတ်စက်ရုံ အလုပ်ရှင်နှင့် ဆန္ဒပြအလုပ်သမားများ အကြား သုံးပွင့်ဆိုင် ညှိနှိုင်းမှု ပြေလည် သဖြင့် အလုပ်သမားများကို ဥပဒေအတိုင်း အလုပ်ပြန်ခန့်မည် ဖြစ်ကြောင်း သိရသည်။
အလုပ်သမား၊ အလုပ်ရှင် နှင့် အစိုးရ တို့ပါဝင်သော သုံးပွင့်ဆိုင် ညှိနှိုင်းဖြန်ဖြေမှုကို နိုဝင်ဘာလ ၅ ရက်နေ့က မှော်ဘီမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့ပြီးနောက် တောင်းဆိုမှုများ ပြေလည်ခဲ့ခြင်း ဖြစ်သည်။
သုံးပွင့်ဆိုင်ညှိနှိုင်းမှုတွင် ပါဝင်ခဲ့သည့် မြန်မာနိုင်ငံစက်မှုလက်မှု နှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် (MICS) မှ လက်ထောက်အတွင်းရေးမှူး ကိုနေလင်းအောင်က “ အခုက အလုပ်သမားတွေ လုပ်ငန်းခွင်တည်မြဲ အာမခံချက် အများကြီးရှိသွားတယ်။ နောက်ပြီး ဥပဒေပါ ခံစားခွင့်တွေလည်း အလုပ်သမားတွေ ရရှိလာမယ် ” ဟု ပြောသည်။
ယခင်က ကန်ထရိုက်စနစ်ဖြစ်ခြင်းကြောင့် အလုပ်သမားဥပဒေပါ ခံစားခွင့်များ ဆုံးရှုံးခြင်း၊ အကာ အကွယ် မရခြင်း နှင့် လူမှုဖူလုံရေး အာမခံချက်များ မရရှိခဲ့ရာမှ ယခုတွင် ယင်းခံစားခွင့်များကို အလုပ်သမားများ ရရှိလာတော့မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယင်းတွေ့ဆုံ ညှိနှိုင်းမှုအရ CJ Myanmar စက်ရုံဘက်မှ ကန်ထရိုက်စနစ်ကို ဖျက်သိမ်းပြီး အလုပ်သမားဥပဒေ အတိုင်း အခြေခံ လုပ်ခနှုန်း ၄၈၀၀ ကျပ် နှင့် နေ့ဆိုင်းအတွက် အပိုကြေး ၇၀၀ ကျပ်၊ ညဆိုင်းအတွက် အပိုကြေး ၉၀၀ ကျပ် နှင့် အခြားအချိန်ပိုကြေးများ အပြင် ဥပဒေပါ အလုပ်သမား အခွင့်အရေး ပေးရေးတို့မှာ အဆင်ပြေမှုရှိခဲ့ကြောင်း အလုပ်ရှင်နှင့် အလုပ်သမားများထံမှ သိရသည်။
CJ Myanmar ၏ အစာထုတ်လုပ်ရေးဌာန မန်နေဂျာ ဦးတင်ယု က “အခုကတော့ အရင် ကန်ထရိုက်စနစ်ကို ဖျက်လိုက် ပြီးတော့ အလုပ်သမားဥပဒေနဲ့ အညီ ကုမ္ပဏီကနေ တိုက်ရိုက် ကိုင်တွယ်ပေးတော့မှာပါ။ ပိုပြီးတော့ ကောင်းလာမှာပါ အရင်ကတည်းကလည်း ဥပဒေအတိုင်းပဲ လုပ်တာပါ ” ဟု ဧရာဝတီသို့ ပြောသည်။
ကုမ္ပဏီအနေဖြင့် မြောင်းတကာ စက်မှုဇုန်ရှိ အခြားစက်ရုံများ နည်းတူ ကန်ထရိုက်စနစ်ဖြင့် အလုပ်သမားခန့်အပ်မှုကို အသုံးပြုခဲ့ခြင်းဖြစ်ပြီး အခြား ရည်ရွယ်ချက် တစုံတရာ မရှိကြောင်း ၎င်းက ဆိုသည်။
ကန်ထရိုက် စနစ် ဆိုသည်မှာ အလုပ်ရှင်သည် အလုပ်အကိုင်အေဂျင်စီ အကျိုးဆောင် (ကန်ထရိုက်) ထံမှ တဆင့် အလုပ်သမားများကို ၃ လ တကြိမ် ခေါ်ယူ အသုံးပြုခြင်းကို ဆိုလိုသည်။
အလုပ်သမားနှင့် အလုပ်ရှင်အကြား ဖြစ်ပွားသည့် ဖြစ်စဉ်မှာ ယခင်က အဆိုပါ စက်ရုံတွင် ကန်ထရိုက်စနစ်ဖြင့် ခန့်ထားသူ များကို တရက်လျှင် မနက်ပိုင်း ဆင်းပါက ကျပ် ၆၅ဝဝ၊ ညပိုင်းဆင်းလျှင် ၇၀၀၀ ကျပ် ပေးခဲ့ပြီး အလုပ်သမားများက ခွင့်ရက်ပေးရန် တောင်းဆိုသည့်အခါတွင် ဥပဒေပါ အခြေခံလုပ်ခနှုန်း ဖြစ်သည့် ၄၈ဝဝ ကျပ်နှင့် အပိုကြေး ၇ဝဝ ကျပ်ပေး မည်ဟု ဆိုကြောင်း၊ ထို့အပြင် အချိန်ပိုကြေးကို ၁ နာရီ ၁၂ဝဝ ကျပ်အပြင် စနေနေ့ကို နေ့တဝက်၊ တနင်္ဂနွေနေ့ကို ပိတ်ရက် အဖြစ် သတ်မှတ်မည်ဟု စက်ရုံဘက်မှ ပြောလာသဖြင့် အလုပ်သမားတချို့က လက်မခံခဲ့ကြောင်း သိရသည်။
ထို့အတွက် ကန်ထရိုက်နှင့် စက်ရုံတို့မှ သဘောမတူညီခြင်းကြောင့် အလုပ်သမား ၃၆ ဦးက အလုပ်မဆင်းသဖြင့် ကန်ထရိုက်မှ တခြားသူများနှင့် အစားထိုးခဲ့ကြောင်း၊ ထို့ကြောင့် အလုပ်သမားများက အောက်တိုဘာ ၂၉ ရက်က စက်ရုံဝင်ပေါက်များကို ပိတ်ဆို့ သပိတ်စခန်းဖွင့်ကာ ၎င်းတို့ လုပ်ငန်းခွင် ပြန်ဝင်ခွင့်ပေးရေး၊ မူလတာဝန် ပြန်ခန့်ထားရေး နှင့် လုပ်ခနှုန်းထားကိုလည်း ယခင် ၆၅ဝဝ၊ ၇ဝဝဝ ကျပ်များ အတိုင်းသာ ပေးရေး တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ထိုသို့ သပိတ်စခန်းဖွင့် ဆန္ဒပြနေကြသူများထဲတွင် လုပ်သက်၂ နှစ်နီးပါး ရှိနေသည့် လုပ်သားများ ပါဝင်နေသလို ၆ လကျော် လုပ်သက်ရှိသူများလည်း ပါဝင်ကာ အလုပ်သမား အင်အား ၆၀ နီးပါး ပါဝင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ လူဝင်မှုကြီးကြပ်ရေး နှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဒေါ်မိုးမိုးစုကြည် က အလုပ်ရှင် နှင့် အလုပ်သမားများကြား ညှိနှိုင်းပေးမှုကြောင့် အလုပ်သမားဘက်က စက်ရုံ ရှေ့ပိတ်ကာ ဖွင့်လှစ်ထားသော သပိတ်စခန်းကို ဖျက်သိမ်းပြီး နိုဝင်ဘာလ ၅ ရက်နေ့တွင် သုံးပွင့်ဆိုင် ညှိနှိုင်းဆွေးနွေးမှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
CJ Myanmar တွင် ၇ လ ကြာ နေ့စားစနစ်ဖြင့် အလုပ်လုပ်ကိုင်နေရသော ဦးဝင်းနိုင်က “ အခုကတော့ ကိုယ်လိုချင်သေ လာက်တော့ မရဘူးပေါ့။ ဒါပေမယ့် အရင်ကဆိုရင် နေ့တိုင်းလုပ်မှ နေ့တိုင်း စားရတာလေ အခုက နားရက်တွေရမယ် အဲဒီရက်အတွက်ပါ ပိုက်ဆံရမယ်ဆိုတော့ ဒီလိုပဲ အဆင်ပြေသလိုတော့ ရှိသွားပါတယ်” ဟု ဆိုသည်။
ယခင်က နေ့စားစနစ်အဖြစ် အလုပ်လုပ်ကိုင်ခဲ့ရစဉ်က လုပ်ငန်းခွင် ထိခိုက်မှုတခုခု ဖြစ်ပေါ်ခဲ့၍ ယင်းနေ့အတွက် အလုပ်နား ပါက နေ့တဝက်စာ လုပ်ခပေးသည့် ကိစ္စများ ရှိခဲ့ပြီး ယခုညှိနှိုင်းမှုအရ နားရက်များအတွက်ပါ လုပ်ခရရှိခြင်း နှင့် အလုပ်သ မားဥပဒေပါ ဆေးကုသခွင့် အပါအဝင် အခြား ခံစားခွင့်များပါ ရရှိလာတော့မည်ဖြစ်ကြောင်း အလုပ်သမားများ ထံက သိရ သည်။
သုံးပွင့်ဆိုင် ညှိနှိုင်းမှု အဆင်ပြေသွားခြင်းကြောင့် စက်ရုံက အလုပ်ထုတ်ပယ်ခံထားရသော အလုပ်သမား ၃၆ ဦးကို နိုဝင်ဘာလ ၆ ရက်နေ့မှ စတင်ကာ အလုပ်ပြန်ခန့်အပ်သွားမည်ဟု အလုပ်ရှင်များဘက်က သဘောတူညီမှုရှိခဲ့ကြောင်း ညှိနှိုင်းမှုတွေ ပါဝင်ခဲ့ကြသော အလုပ်သမားများထံမှ သိရသည်။
အလုပ်ရှင်များသည် ကန်ထရိုက်စနစ်အသုံးပြုကြခြင်းမှာ အလုပ်သမားများကို တရက်လုပ်ခစာ ကို အခြေခံလုပ်ခလစာနှုန်း ထက်သာ ပိုပေးရပြီး အခြား အလုပ်သမားဥပဒေပါ အခွင့်အရေးများဖြစ်သော ခွင့်ရက်၊ နားရက်များအတွက် လုပ်ခလစာ ေ ပး ရခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုဖူလုံရေး ကိစ္စရပ်များကို ဆောင်ရွက်ပေးစရာမ လိုသည့်အတွက် သုံးနေကြခြင်း ဖြစ်ကြောင်း သိရသည်။
ဆက်စပ်လင့်ခ်
CJ Myanmar တိရစ္ဆာန် အစာစက်ရုံ အလုပ်သမားသပိတ် ပြေလည်မှု မရှိသေး
ထိုင်ဝမ် ဆိုကီအိတ် စက်ရုံ အလုပ်ရှင်နှင့် အလုပ်သမား ညှိနှိုင်းမှု မပြေလည်သေး
အလုပ်သမားတဦး တနေ့ ကုန်ကျစရိတ် ကျပ် ၇ ထောင်မှ ၉ ထောင်ကြား ရှိဟု စစ်တမ်းကဆို
အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ သုံးပွင့်ဆိုင် ပြန်လည် ညှိနှိုင်းရန် သဘာတူညီမှုရ