ခွဲထွက်ရေးသမားများဟု သံသယရှိရသည့် လက်နက်ကိုင်များက မွတ်ဆလင် အများစုနေထိုင်ရာ ထိုင်းနိုင်ငံတောင်ပိုင်းမှ စစ်ဆေးရေးစခန်းတခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် ရဲအရာရှိတဦးနှင့် ကျေးရွာကာကွယ်ရေး စေတနာ့ဝန်ထမ်း အများ အပြား အပါအဝင် အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့ရကြောင်း လုံခြုံရေးတာဝန်ရှိသူများက နိုဝင်ဘာလ ၆ ရက်နေ့တွင် ပြောကြားလိုက်သည်။
အဆိုပါတိုက်ခိုက်မှုက မွတ်ဆလင်ခွဲထွက်ရေး လက်နက်ကိုင်ပုန်ကန်မှုတခုကြောင့် ထောင်ပေါင်းများစွာ သေဆုံးခဲ့ရပြီး ဖြစ်သည့် နယ်မြေတခုတွင် နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး ဖြစ်သည်။
ယာလာ Yala ပြည်နယ်အတွင်းမှ အဆိုပါ နိုဝင်ဘာလ ၅ ရက်နေ့ ညနက်ပိုင်း တိုက်ခိုက်မှုတွင် တိုက်ခိုက်ရေးသမားများက ပေါက်ကွဲစေတတ်သော ပစ္စည်းများကိုလည်း အသုံးပြုခဲ့ပြီး ပြန်လည်ဆုတ်ခွာရာတွင်လည်း နောက်မှ လိုက်လံတိုက်ခိုက်သူများကို နှောင့်နှေးစေရန် လမ်းများပေါ်တွင် အိမ်ရိုက်သံများကို ဖြန့်ကျဲ ထားခဲ့ကြသည်။
“လတ်တလောကာလတွေ အတွင်းမှာ အကြီးဆုံး တိုက်ခိုက်မှုတွေထဲက တခုပါပဲ” ဟု ဒေသဆိုင်ရာ လုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဖြစ်သော ဗိုလ်မှူးကြီး Pramote Prom-in က ရိုက်တာသို့ ပြောသည်။
ယခုအချိန်အထိ တိုက်ခိုက်မှုအတွက်တာဝန်ရှိကြောင်း မည်သူကမျှ ချက်ခြင်း ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါ။
ဗုဒ္ဓဘာသာ လွှမ်းမိုးသည့် ထိုင်းနိုင်ငံမှ မလေးနွယ်ဖွား မွတ်ဆလင်အများစုနေထိုင်ရာ ယာလာ Yala၊ ပတ်တနီ Pattani နှင့် နာရာသီဝပ် Narathiwat ပြည်နယ်များမှ ဆယ်စုနှစ် တခုကြာမြင့်ခဲ့ပြီ ဖြစ်သော ခွဲထွက်ရေး လက်နက်ကိုင်ပုန်ကန်မှုက ၂၀၀၄ ခုနှစ်နောက်ပိုင်းတွင် လူ ၇၀၀၀ နီးပါး သေဆုံးခဲ့ရပြီး ဖြစ်သည်ဟု ပဋိပက္ခကို စောင့်ကြည့်နေသော အဖွဲ့အစည်းတခု ဖြစ်သည့် Deep South Watch က ပြောသည်။
ကျန်သည့် တနိုင်ငံလုံးကို ဗုဒ္ဓဘာသာဝင်များက လွှမ်းမိုးထားသော်လည်း ထိုင်းနိုင်ငံက သိမ်းပိုက်ခဲ့သည့် ၁၉၀၉ ခုနှစ် မတိုင်မီကာလတွင် လွတ်လပ်သော မလေး ဆူလတန် အုပ်ချုပ်ရာဒေသဖြစ်ခဲ့သည့် အဆိုပါပြည်နယ်များမှ လူဦးရေ၏ ၈၀ ရာခိုင်နှုန်းက မွတ်ဆလင်များဖြစ်သည်။
တောင်ပိုင်းမှ လက်နက်ကိုင် အဖွဲ့့အစည်းအချို့က သူတို့သည် လွတ်လပ်သောနိုင်ငံတခု တည်ထောင်ရန် တိုက်ခိုက်နေ ခြင်းဖြစ်ကြောင်း ပြောခဲ့ကြသည်။
မြို့တော်ဘန်ကောက်တွင် အသေးစားဗုံးများ ဆက်တိုက်ပေါက်ကွဲခဲ့ခြင်းများနှင့် ပတ်သက်၍ အဆိုပါ ဒေသတွင်းမှ သံသယ ရှိသူ အများအပြားကို သြဂုတ်လအတွင်း အာဏာပိုင်များက ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သော်လည်း သူတို့က မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းကိုမျှ တိုက်ရိုက် အပြစ်တင်ခဲ့ခြင်း မရှိပါ။
အဓိက လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့် Barisan Revolusi Nasional (BRN) က လူ ၄ ဦး ဒဏ်ရာ ရရှိခဲ့သော ဘန် ကောက် ဗုံးပေါက်ကွဲမှုများအတွက် တာဝန်မရှိကြောင်း ညင်းဆန်ထားသည်။
၎င်းတို့နှင့် အစိုးရကြားတွင် အကြိုညှိနှိုင်းဆွေးနွေးပွဲတခု ပြုလုပ်ခဲ့ကြောင်း BRN က ရိုက်တာသို့ သြဂုတ်လ အတွင်းက ပြောကြားခဲ့သည်။ သို့သော်လည်း အရေးပါသော တောင်းဆိုချက်တခုဖြစ်သည့် အကျဉ်းသားများ ပြန်လွှတ်ပေးရေးကို ဒုတိယ ဝန်ကြီးချုပ်က ညင်းပယ်ခဲ့ပြီးနောက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တခုသို့ ဦးတည်သည့် ခြေလှမ်းမှန်သမျှက ညှိုး ခြောက်သွားခဲ့ရသည့် အသွင်ရှိသည်။
ကိုးကား။ ။ Reuters ၏ Gunmen kill 15 in southern Thailand’s worst attack in years
You may also like these stories:
နိုင်ငံတော်၏ ကာကွယ်စောင့်ရှောက်မှုကို ရွှေ့ပြောင်းအလုပ်သမားများလည်း ရသင့်သည်
လိပ်ကျွန်းအမှုမှ မြန်မာ ၂ ဦး အတွက် ထိုင်းဘုရင်ထံ အသနားခံစာတင်