ဦးဝိစိတ္တာ ဘိဝံသ(ဝီရသူ)နှင့် ဘူးလက် ဦးလှဆွေတို့ အပါအဝင် ဝရမ်းပြေး စာရင်း ကြေညာခံထားရသူများကို ဖမ်းဆီးနိုင်ခြင်း မရှိသည့်အပေါ် တရားရေးနှင့် ရဲတပ်ဖွဲ့ တာဝန်ရှိသူများအား နိုဝင်ဘာ ၅ ရက်နေ့က ကျင်းပ သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် မေးခွန်းထုတ်ခံရသည်ဟု သတင်းရရှိသည်။
ပြစ်မှုဖြင့် ဝရမ်းထုတ်ထားသူများ ထွက်ပြေးလွတ်မြောက်မှု များပြားနေခြင်းသည် တရားစီရင်ရေး ကဏ္ဍအား ပုံ ရိပ်ကျဆင်း အကျည်းတန်စေပြီး ဝရမ်းပြေးများ လျော့နည်းပပျောက်ရေး မည်သို့ဆောင်ရွက်မည်ကို မန္တလေး တိုင်းဒေသကြီး၊ အမှတ် ၂ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦးက မေးမြန်းခဲ့ခြင်းဖြစ်သည်။
ဦးထွန်းထွန်းဦးက “ရဲတပ်ဖွဲ့ဝင်များ၊ ဥပဒေအရာရှိများ၊ အစိုးရရှေ့နေများ၊ တရားသူကြီးများဟာ နိုင်ငံတော်က ပြဌာန်းထားသည့် တရားဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ အတိုင်း တိကျစွာ လိုက်နာ၍ အကောင်အထည် ဖော် ဆောင်ရွက်ခြင်းများ အားနည်း၍ တာဝန်လစ်ဟင်းခြင်း၊ လျော့ရဲပေါ့ဆစွာ တာဝန်ထမ်း ဆောင်နေကြ ခြင်းများကို တွေ့ရှိနေရပါတယ်”ဟု လွှတ်တော်တွင် ပြောသည်။
မေးမြန်းမှုနှင့်ပတ်သက်ပြီး ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးမျိုးတင့်က ဝရမ်းထုတ်ဆင့်ခြင်း တရားရုံး လုပ်ထုံးလုပ်နည်းများအား ပြန်လည် ရှင်းလင်းခဲ့ပြီး ဝရမ်းပြေးများ ဖမ်းမိရေး တရားရုံးအနေဖြင့် လိုက်ပါ ဆောင်ရွက်လေ့မရှိဘဲ ရဲတပ်ဖွဲ့ထံသို့သာ ဖမ်းဆီးခွင့် ဝရမ်းထုတ်ပေးကြောင်း ပြောသည်။
တရားသူကြီး ဦးမျိုးတင့်က “တရားခံပြေး ကြေညာထားသူတွေကို မည်သူမဆို ဖမ်းဆီးနိုင်ပါတယ်၊ သတင်း ပေးပို့ ရမယ်လို့ ဥပဒေ ပြဌာန်းထားပါတယ်၊ ရဲတပ်ဖွဲ့ကလည်း အုပ်ချုပ်ရေး အဖွဲ့အဆင့်ဆင့်နှင့် ပြည်သူများကို ဥပဒေ အသိပညာ ပေးခြင်းဖြင့် ဥပဒေကို လက်တလုံးခြားလုပ်ပြီး တိမ်းရှောင်နေတဲ့ တရားခံတွေကို ဖမ်းမိဖို့ ဆောင်ရွက် သင့်ပါတယ်”ဟု ပြောသည်။
လူစိတ်ဝင်စားမှုများသည့် ဝရမ်းပြေးစာရင်း ကြေညာခံထားရသူများထဲတွင် ဦးကိုနီအား သတ်ဖြတ်မှုမှ တရားခံ အောင်ဝင်းခိုင်၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် ဦးဝီရသူ၊ ဘူးလက်ဦးလှဆွေ၊ အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်တို့ ပါဝင်နေသည်။

လွှတ်တော်တွင် ဝရမ်းပြေးများကိစ္စနှင့်ပတ်သက်ပြီး မေးခွန်းထုတ်ရာတွင် လူအများ စိတ်ဝင်စားမှုရှိသည့် အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန် ကိစ္စအားလည်း မေးမြန်းခဲ့သည်။ ထိုသို့ မေးမြန်းပြီးနောက် ဦးစိုးထွန်းရှိန်ကို ထိုင်းနိုင်ငံ၌ ဖမ်းမိခဲ့ပြီး ယနေ့ နိုဝင်ဘာ ၆ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့သည်။
ဦးဝီရသူနှင့် ဘူးလက်ဦးလှဆွေတို့သည် နိုင်ငံတော် အကြီးအကဲများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား ပုတ် ခတ် ဟောပြောသည်ဟုဆိုကာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)ဖြင့် ရန်ကုန် အနောက်ပိုင်း ခရိုင် တရားရုံးတွင် တရားစွဲခံရကာ ဝရမ်းထုတ်ခံထားရသူများ ဖြစ်သည်။
ဦးဝီရသူနှင့်ပတ်သက်၍လည်း လက်ရှိတွင် ၎င်းပိုင်ဆိုင်သည် ဘဏ်ငွေစာရင်းနှစ်ခုမှ စာရင်းရှိငွေ ကျပ်သိန်း ၁၇၀ ကျော်အား ထုတ်ယူခြင်း၊ လွှဲပြောင်းခြင်း မပြုနိုင်ရန် တရားရုံးက အောက်တိုဘာ ၃၀ ရက်နေ့တွင် ချိတ်ပိတ်ခဲ့သည်။
ဘူးလက်ဦးလှဆွေနှင့် ပတ်သက်၍လည်း ယနေ့ နိုဝင်ဘာ ၆ ရက်တွင် နေပြည်တော်၊ ပုဗ္ဗသီရီမြို့နယ်၊ ရတ နာဒီပ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်နှင့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ် ၄၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးတို့အား စစ်ဆေးခဲ့ပြီး ဖမ်းမိမှု မရှိသည့် အခြေအနေများအား ထွက် ဆိုခဲ့သည်။
ဘူးလက်ဦးလှဆွေအား ဖမ်းမိရန် ၎င်းနေထိုင်ခဲ့သည့် ဂန်ဂေါမြို့နယ်၊ နေပြည်တော်နှင့် ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်တို့တွင် ရဲတပ်ဖွဲ့က ရှာဖွေခဲ့ပြီးနောက် နှစ်နေရာမှ သက်သေ အုပ်ချုပ်ရေးမှူးများအား စစ်ဆေးခဲ့ခြင်း ဖြစ်ပြီး ကျန်ရှိသည့် ဂန်ဂေါမြို့နယ်၊ မြောက်ခရမ်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစောရွှေမောင်အား ဆက်လက ်စစ်ဆေးရန် နိုဝင်ဘာ ၂၀ ရက်ကို ချိန်းဆိုထားသည်။
အနောက်ပိုင်းခရိုင်တရားရုံး ပြန်ကြားရေးအရာရှိ ဦးဇော်ဇော်ထွန်းက “(ဘူးလက်ဦးလှဆွေ)အမှုကို ဆက်လက် ပြီး ရှေ့ဆောင်ရွက်ဖို့ ဒီသက်သေ တယောက် ကျန်နေသေးတယ်၊ ဒါပြီးတော့ ဘာဆက်လုပ်မယ်ဆိုတာ အမိန့် တခု ချရမှာပေ့ါ၊ လက်ရှိ ဒီ ၃ နေရာမှာ သွားရှာတာ မတွေ့ပါဘူးဆိုပြီး ရဲက ဝရမ်းပြန်သွင်းလာတာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။
ဦးဝီရသူနှင့် ဦးလှဆွေ(ဘူးလက်)တို့အား အစိုးရအုပ်ချုပ်ရေးပိုင်းက တရားစွဲဆိုထားသည့် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၄(က) သည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် နှစ် ၂၀ အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့်အပြင် ငွေဒဏ် လည်း ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့တွင် လုပ်ကြံ သတ်ဖြတ်ခံရသည့် တရားလွှတ်တော်ရှေ့နေ ဦးကိုနီအမှုတွင်လည်း တရားခံပြေး အဖြစ် ကြေညာထားသည့် အောင်ဝင်းခိုင်အားလည်း ယနေ့အထိ ဖမ်းမိခြင်းမရှိသေးပါ။
ဆက်စပ်လင့်ခ်
ဝရမ်းပြေး လက်ခံထားသူများအတွက် တပ်လှန့်သံ
တရားခံပြေး (ဦး)စိုးထွန်းရှိန်ကို ထိုင်းနိုင်ငံတွင် ဖမ်းမိ
ဦးဝီရသူပိုင် ဘဏ်ငွေစာရင်း ၂ ခုအား ချိတ်ပိတ်
ဦးကိုနီအမှု တရားခံ ၂ ဦး ပြစ်ဒဏ် မမျှတဟု ဆိုကာ နှစ်ဖက်အပြိုင် အယူခံ ကြားနာ စစ်ဆေး
ဘူးလက် ဦးလှဆွေအား မဖမ်းမိသေးဟု ဆို