Wisdom Hill မူကြိုကျောင်းမှ သက်သေအဖြစ် တင်သွင်းသည့် လုံခြုံရေး ကင်မရာ(CCTV) တွင် ဖိုင်များမှ မပါလာသဖြင့် ဖမ်းယူထားသည့် ဖိုင်များ ပြန်လည်ရရှိရန် အိုင်တီပညာရှင်များ ခေါ်ယူလိုကြောင်း နှစ်ဖက် ရှေ့နေများက လျှောက်လဲခဲ့ကြ သည်။
ယနေ့တွင် နေပြည်တော်၊ ဒက္ခိဏခရိုင် တရားရုံး၌ ဗစ်တိုးရီးယား အမှု ၁၀ ကြိမ်မြောက် ရုံးချိန်းတွင် ကျောင်းမှ CCTV တာဝန်ခံ ကိုရန်နောင်ဌေးနှင့် ကျောင်းအကြို/ အပို့ ယာဉ်ပေါ်တွင် လိုက်ပါဆောင် ရွက်သည့် ဆရာမ နုနုအောင်ကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ဗစ်တိုးရီးယား အမှုတွင် သံသယ တရားခံ အဖြစ် စွပ်စွဲခံရသူ ကိုအောင်ကြီး၏ ရှေ့နေဖြစ်သူ ဦးခင်မောင်ဇော်က “ကျနော် တို့က ရုံးတော်ကို ကျွမ်းကျင်ပညာရှင်ရယ်၊ ကိုရန်နောင်ဌေးကို ရုံးခေါ်သက်သေအနေနဲ့ စစ်ဆေးဖို့ လျှောက်ပါတယ်။ ဥပဒေ အရာရှိကလည်း ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တင် မဟုတ်ဘူး။ သက်ဆိုင်ရာ ရဲ ၁ ယောက်ရယ်၊ သူတို့ဝယ်တဲ့ မန္တလေးက CCTV ဆင်ပေးတဲ့သူရယ်ကို စစ်ဆေးပေးသင့်တဲ့ အကြောင်း ပြောတယ်” ဟု တရားခွင် စစ်ဆေးမှု အပြီး သတင်းထောက်များကို ပြောသည်။
ထိုသို့ လျှောက်လဲချက်ကို တရားရုံးမှ နည်းပညာသမားများ ခေါ်ပြီး စစ်ဆေးရန်အတွက် သင့်တော်သည့် ရုံးချိန်းတွင် အမိန့် ချပေးမည် ဖြစ်ကြောင်း ဒက္ခိဏခရိုင် တရားသူကြီး ဦးတင့်လွင်က တရားခွင်အတွင်း ပြန်လည် ပြောဆိုသည်။
နှစ်ဖက်ရှေ့နေများက ယင်းအမှုတွင် အဓိကကျသည်ဟု ယူဆထားသည့် ကျောင်းတွင် တပ်ဆင်ထားသည့် CCTV မှတ် တမ်းများကို ယနေ့ တရားခွင် စစ်ဆေးမှု ပြုလုပ်ရာတွင် အချက်အလက် စုစည်းထားသော Hard Disk (DVR -Hard Disk ) ထဲတွင် မှတ်တမ်းတင်ထားသည့် ဖိုင်တခုမှ ပါမလာဘဲ ဖိုင်အလွတ်ကိုသာ ရုံးတော်သို့ တင်လာသည် ကို တရားခွင် စစ် ဆေးချက်အရ သိရသည်။
သံသယ တရားခံ ကိုအောင်ကြီးဘက်မှ လိုက်ပါဆောင်ရွက်သည့် တရားလွှတ်တော် ရှေ့နေ ဒေါ်စုဒါလီအောင်က “ဒီ Hard Disk က မူရင်း သက်သေခံပဲလေ။ မူရင်း သက်သေခံချက်ဆိုတော့ အမှု တခုမှာ အရမ်းကို အရေးကြီးတယ်။ ဒီလို အရေး ကြီးတာကို ဘာကြောင့် ရုံးကို မပါလာတာလဲ ဆိုတာတော့ ကျမတို့လည်း မပြောတတ်ဘူး” ဟု ဆိုသည်။
အဆိုပါ Hard Disk မှာ Wisdom Hill မူကြိုကျောင်း (ဇ – ၃၁/၃၂ ) အဆောင်တွင် ကင်မရာ ၃၂ လုံး တပ်ဆင်ထားသည့် CCTV ဖြစ်ကြောင်း၊ ထိုသို့ ဖိုင်များ ပါလာခြင်း မရှိခြင်းကို မသိရှိကြောင်း၊ ဖိုင်များကို ပြန်လည် ဆယ်ယူရန်အတွက် ပညာရှင်များနှင့် ရှာယူမည် ဆိုပါက လက်ခံကြောင်းကိုလည်း CCTV တာဝန်ခံ ကိုရန်နောင်ဌေးက တရားခွင်အတွင်း ထွက်ဆိုခဲ့သည်။
အခင်း စတင် ဖြစ်ပွားသည့်၂၀၁၉ ခုနှစ် မေလ ၁၆ ရက်က CCTV မှတ်တမ်းများကို မှုခင်းတပ်ဖွဲ့ (CID) ကို ပေးရန် ကွန်ပျူတာမှ တဆင့် စတစ်(Stick) ဖြင့် ကူးခဲ့ရာ ၁၁ ဖိုင်ရကြောင်း၊ ကျောင်းချိန် မနက် ၈ နာရီ မှ ညနေ ၅ နာရီ အချိန်ထိ အပိုင်း ၃ ပိုင်း ပြတ်တောက်နေသည်မှာ CID က ပြန်ပြောမှ သိကြောင်းကိုလည်း ကိုရန်နောင်ဌေးက တရားခွင် အတွင်း ထွက်ဆိုသည်။
ရှေ့နေ ဒေါ်စုဒါလီအောင်က “Hard Disk ထဲက ကိုရန်နောင်ဌေး ကိုယ်တိုင် စတစ် ထိုးပြီးတော့ သူကူးခဲ့လို့ ဗီဒီယိုဖိုင် ၁၁ ဖိုင်ကို ရတယ်လို့ ပြောတယ်။ ဒါပေမယ့် အဲဒီလို ကူးပြီးတဲ့အခါမှာ သူက ရက်လည်း မမှတ်မိဘူး။ ဒီဟာကို CID က သိမ်း သွားတယ်ပေါ့နော်။ သိမ်းသွားပြီး ပြန်ပေးတဲ့အခါမှာ ပါမပါ သေချာမသိဘူးပေါ့။ သေချာတာ တခုကတော့ ဒီထဲမှာရှိခဲ့ လို့သာ သူကူးတုန်းက ရခဲ့တာပေါ့နော်။ အခု ဒီထဲမှာမရှိတော့တာက ဘယ်သူ့ကြောင့် မရှိတော့ တာလဲ၊ ဘာကြောင့် မရှိ တော့တာလဲ။ ဘာဖြစ်လဲဆိုတော့ ကျွမ်းကျင်ပညာရှင်တွေ စစ်မှပဲ သိမယ်ထင်တယ်” ဟု ဆက်လက် ပြောသည်။
နေပြည်တော် သပြေကုန်းတွင် ဖွင့်လှစ်ထားသည့် Wisdom Hill အမည်ရှိ ပုဂ္ဂလိက မူကြိုကျောင်းတွင် တက်နေသည့် အဆိုပါကျောင်းသူလေး ဗစ်တိုးရီးယား မေလ ၁၇ ရက်က လိင်အကြမ်းဖက်ခံရမှုဖြင့် ကလေးငယ်၏ မိခင် ကိုယ်တိုင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
ထိုအမှုကို ဇွန်လ ၃ ရက်တွင် CID က လွှဲပြောင်းရယူခဲ့ပြီး ယင်းအမှုနှင့် ပတ်သက်၍ ရာဇသတ်ကြီး ပုဒ်မ ၃၇၆/ ၅၁၁ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ အမှု ၁၁ ကြိမ်မြောက် ရုံးချိန်းကို နိုဝင်ဘာ၂၀ ရက်သို့ ချိန်းဆိုထားပြီး ယင်းနေ့တွင် ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်နှင့် ဆရာဝန်တို့ကို စစ်ဆေးသွားမည် ဖြစ်ကြောင်း တရားရုံးက သိရသည်။
ဆက်စပ်ဖတ်ရှုရန်
Wisdom Hill ကျောင်း ကြီးကြပ်ရေးမှူး၏ သား ၂ ဦး ၅ ကြိမ်မြောက် ရုံးချိန်းတွင် စစ်ဆေး ခံရမည်
နေပြည်တော်ရှိ ဗစ်တိုးရီးယားအမှု CCTV ကိုင်ဆောင်သူကို စစ်ဆေးမည်