အလုပ်ရှင်၊ အလုပ်သမားများကြား အငြင်းပွားမှုများ ၆ လကျော် ကြာနေပြီဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး ရွှေလင်ပန်း စက်မှုဇုန်ရှိ အမေရိကန် နိုင်ငံသားပိုင် Natural Garment အထည်ချုပ် စက်ရုံသည် အလုပ်သမားများကို ကြိုတင် အသိပေးခြင်း မရှိဘဲ ယနေ့တွင် ပိတ်သိမ်းသွားကြောင်း သိရသည်။
ယင်းအတွက်ကြောင့် ယနေ့ နိုဝင်ဘာလ ၆ ရက် နံနက်ပိုင်းတွင် စက်ရုံအလုပ်သမား ၁၀၀၀ ကျော်သည် လှိုင်သာယာ မြို့နယ် ရွှေလင်ပန်း စက်မှုဇုန်မှ လှိုင်သာယာ မြို့နယ်ညှိနှိုင်းဖြန်ဖြေရုံးသို့ လမ်းလျှောက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ရန်ကုန်တိုင်း ဝန်ကြီးချုပ်ထံသို့ ဒုတိယအကြိမ် လာရောက် တောင်းဆိုလျက်ရှိသည်။
“မနေ့က အထိကို ကျမတို့ အလုပ်ဆင်းရတယ် ပိတ်မယ် မပိတ်ဘူး ဘာမှမပြောဘူး။ ဒီနေ့ အလုပ်သွားတော့မှ စက်ရုံ ပိတ်ကြောင်း ကြေညာစာ ကပ်ထားပြီး စက်ရုံထဲ လုံးဝ ဝင်ခွင့်မရှိဘူး ဆိုပြီး ပိတ်ထားတာ” ဟု Natural Garment စက်ရုံမှ အလုပ်သမား မစိုးသန္တာမြင့်မြတ်က ဧရာဝတီသို့ ပြောသည်။
Natural Garment အထည်ချုပ် စက်ရုံသည် အငြင်းပွားမှု ဥပဒေပါ အချက်များကို လိုက်နာမှု မရှိသဖြင့် ပြီးခဲ့သည့် ဧပြီလ မှ စတင်ကာ အလုပ်ရှင် နှင့် အလုပ်သမား အငြင်းပွားမှု ဖြစ်နေခြင်းကြောင့် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ရန်ကုန် တိုင်းဝန်ကြီးချုပ် အပါအဝင် အစိုးရ ဝန်ကြီးများ၊ အလုပ် ရှင် နှင့် အလုပ်သမားများကြား ဆွေးနွေးညှိနှိုင်းခဲ့သည်။
ထိုသို့ အလုပ်ရှင်သည် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် တွေ့ဆုံညှိနှိုင်းစဉ်က သဘောတူညီချက်များ အပါအဝင် သုံးပွင့်ဆိုင် ညှိနှိုင်းဖြန်ဖြေရေး အဖွဲ့များတွင် ညှိနှိုင်း ထားသော စာချုပ်ပါ အချက်အလက်များကို ထပ်မံ ချိုးဖောက် ခဲ့သည်ဟု အလုပ်သမားများဘက်က ပြောကြသည်။
အမေရိကန်နိုင်ငံသားပိုင်ဆိုင်သည့် အဆိုပါ စက်ရုံသည် ပြီးခဲ့သည့် အောက်တိုဘာလကုန်က ဝန်ထမ်းများအား လစာပေးချေရာတွင်လည်း ပုံမှန်ရရှိရမည့် လစာ၏ ထက်ဝက်ခန့် ဖြတ်တောက်ခဲ့ပြီး ယခုအခါ စက်ရုံကို ရုတ်တရက် ပိတ်သိမ်းခဲ့ခြင်း ဖြစ်သည်။
မနက်ဖြန် နိုဝင်ဘာလ ၇ ရက် တွင်မူ နစ်နာကြေးများ လာရောက် ထုတ်ယူကြရန် ကြေညာထားသဖြင့် အခြေအနေကို စောင့်ကြည့်ရမည်ဟုလည်း သိရသည်။
လုပ်သက် ၂ နှစ်ကျော် ရှိနေပြီဖြစ်သော ယင်းစက်ရုံ အလုပ်သမား မတိုးတိုးဝင်းက “ ကျမတို့က ဥပဒေပါ အတိုင်း လုပ်ခဲ့တာ တလလည်း မဟုတ် ၂ လလည်း မဟုတ် အကြိမ်ကြိမ်တောင်းဆိုခဲ့တယ်။ ညှိနှိုင်းရင် သဘောတူတယ် ပြီးရင် ဒီအတိုင်း လုပ်မြဲအတိုင်းပဲ အလုပ်သမားတွေကို ဥပဒေမဲ့ လုပ်ရပ်တွေ လုပ်ဖို့ တိုက်တွန်းနေသလိုပဲ” ဟု ပြောသည်။
အလုပ်သမားအရေး ဆောင်ရွက်ပေးနေသော Action Labour Right မှ တာဝန်ရှိသူ မမိုးစန္ဒာမြင့်က “ သူတို့က နစ်နာ ကြေး ပေးမယ်ဆိုတာ အခု ဖြတ်တောက်ထားတဲ့ လစာနှုန်းထားကိုပဲ ပေးမှာ ကျမတို့က ၈ လပိုင်းတုန်းက လစာလောက်နဲ့ ပေးဖို့ တောင်းဆိုထားတယ် ဒါမှမဟုတ်ရင်လည်း အဆင်ပြေမယ့် နှုန်းထားတခု၊ တခုပေါ့ ” ဟု ပြောသည်။
ထိုစက်ရုံသည် ပြီးခဲ့သည့် ဧပြီလခန့်မှ စတင်ကာ အလုပ်ရှင်ဘက်က အငြင်းပွားမှုဥပဒေပါ အချက်များကို ချိုးဖောက်ခြင်း၊ အချိန်ပိုကြေး၊ စွမ်းဆောင်ရည်ကြေးများကို လျှော့ချခြင်း များကြောင့် အလုပ်ရှင် နှင့် အလုပ်သမားများ ဆက်ဆံရေး တင်းမာ လျက်ရှိခဲ့ပြီး ယခုနောက်ဆုံးတွင် အလုပ်ရှင်ဘက်က ကြိုတင် အသိပေးခြင်း မရှိဘဲ စက်ရုံ ပိတ်သိမ်း လိုက်ခြင်း ဖြစ်သည်။
ဆက်စပ်လင့်ခ်
အလုပ်သမားစာချုပ်ချိုးဖောက်ခံရမှု ရန်ကုန်တိုင်းအစိုးရ ဖြေရှင်းပေးရန် လုပ်သားများတောင်းဆို
အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ သုံးပွင့်ဆိုင် ပြန်လည် ညှိနှိုင်းရန် သဘာတူညီမှုရ
CJ Myanmar တိရစ္ဆာန် အစာထုတ်စက်ရုံ အလုပ်ရှင် အလုပ်သမားပြဿနာ ပြေလည်မှုရ