သတင်း

ဘင်္ဂလားဒေ့ရှ် တပ်မတော်အကြီးအကဲ မြန်မာနိုင်ငံသို့ လာရောက်မည်

အိမ်နီးချင်းနိုင်ငံများနှင့် စစ်ဖက်ချင်းဆက်ဆံရေး မြှင့်တင်ရန် လာမည့်လအတွင်း ဘင်္ဂလားဒေ့ရှ် တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်ကြီး အဇစ်အာမက်သည် မြန်မာနိုင်ငံသို့ တပတ်ကြာ လာရောက်လည်ပတ်မည်ဖြစ်သည်။

မြန်မာ့တပ်မတော်အကြီးအကဲ၏ ဖိတ်ကြားချက်အရ ဇနီးများအပါအဝင် အဖွဲ့ဝင် ဆယ်ဦးပါသော ထိုကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ဒီဇင်ဘာလ ၈ ရက်နေ့မှ ၁၃ ရက်နေ့အထိ လာရောက်မည်ဖြစ်ကြောင်း ဒါကာရှိ အဆင့်မြင့်သတင်းရင်းမြစ်များက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

“အိမ်နီးချင်းနိုင်ငံတွေက တပ်မတော်အကြီအကဲတွေနဲ့ ချောမွေ့တဲ့ဆက်ဆံရေးကို ကျနော်တို့လိုလားတယ်” ဟု ဘင်္ဂလားဒေ့ရှ် အရာရှိတဦးကပြောပြီး “ တပ်မတော်ဌာနချုပ်၊ စစ်တကောင်းနဲ့ ကော့ဘဇားက အရာရှိတွေလည်း တပ်မတော်အကြီးအကဲနဲ့အတူလိုက်သွားမယ်” ဟုလည်းသူပြောသည်။ ကော့ဘဇားသည် ၂၀၁၇ ခုနှစ်က မွတ်ဆလင်စစ်သွေးကြွများအပေါ် မြန်မာတပ်မတော်၏ စစ်ဆင်ရေးများကြောင့် ထွက်ပြေးသွားသော ဒုက္ခသည် ၇ သိန်းခန့်အထိနေထိုင်နေသော နေရာဖြစ်သည်။

သို့သော် ဘင်္ဂလားဒေ့ရှ် တပ်မတော် သတင်းပြန်ကြားရေး ညွှန်ကြားရေးမှူး ဒုတိယဗိုလ်မှူးကြီး အဗ္ဗဒူလာ အိုင်ဘင် ဇိတ်က ထိုခရီးစဉ်နှင့်ပတ်သက်ပြီး သူ့ထံအကြောင်းကြားထားခြင်း မရှိသေးကြောင်းပြောသည်။

၂၀၁၄ ခုနှစ်က နယ်ခြားစောင့်တပ်များ၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် ဗိုလ်ချုပ်ကြီးအဇစ် တာဝန်ထမ်းဆောင်စဉ်အတွင်း နယ်စပ်တွင် တိုက်ခိုုက်မှုအချို့ဖြစ်ခဲ့ပြီးနောက် သူသည် နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်စေရန် ကြိုးစားခဲ့သည်။ သူသည် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့မှ အရာရှိများနှင့်တွေ့ဆုံရန် ထိုနှစ်ဇွန်လက နေပြည်တော်သို့ သွားရောက်ခဲ့ဖူးသည်။

လက်ရှိအချိန်တွင် ဗိုလ်ချုပ်ကြီးအဇစ်သည် တရုတ်နိုင်ငံသို့ ၅ ရက်ကြာသွားရောက်လည်ပတ်နေပြီး ဗုဒ္ဓဟူးနေ့တွင် တရုတ်ကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့သည်။ သူသည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် မြေပြင်တပ်များ၏ တပ်မှူး၊ အိုလံပစ် ကော်မတီဝင်များနှင့် အခြားအရာရှိများနှင့်တွေ့ဆုံပြီးဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နိုဝင်ဘာလ ၉ ရက်နေ့တွင် ပြန်လည်ရောက်ရှိမည်။

တရုတ်နိုင်ငံသို့ သူ၏ ပထမဆုံး ထိုခရီးစဉ်သည် အလွန်ထူးခြားသည်ဟု လေ့လာသူများက ဖေါ်ပြကြသည်။ ထိုခရီးစဉ်သည် အမေရိကန်ပြည်ထောင်စုနှင့် အခြားစစ်ရေးအရ အရေးပါသော နိုင်ငံများဖြစ်သည့် အိန္ဒိယ၊ ဆော်ဒီအာရေးဗီးယား၊ တူရကီနှင့် အင်ဒိုနီးရှား တိုသို့ သွားရောက်လည်ပတ်ပြီးမှ သွားရောက်ခဲ့ခြင်းဖြစ်သည်။

“တရုတ်နဲ့ အိန္ဒိယအကြားမှာ ဆက်ဆံရေးချိန်ခွင်လျှာညီအောင် ဘင်္ဂလားဒေ့ရှ်က ဂရုတစိုက်နေခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီမို့ ဒီခရီးစဉ်က အရေးကြီးတယ်။ ရိုဟင်ဂျာ အကျပ်အတည်းဖြစ်နေတဲ့နောက်ခံကလည်း ရှိနေတယ်။ ရိုဟင်ဂျာတွေ ဘယ်အချိန်မှာပြန်မလဲ၊ ပြန် မပြန်ကို ဆုံးဖြတ်ရာမှာ တရုတ်နိုင်ငံက အဓိကအခန်းကဏ္ဍက ပါဝင်နေတယ်။ နောက်ပြီး ဘင်္ဂလားဒေ့ရှ်က အမေရိကန်ပြည်ထောင်စုက စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူဖို့ မကြာသေးမီက ဆုံးဖြတ်လိုက်တဲ့အတွက် ဒီခရီးစဉ်ကို အမြင်သစ်က မြင်ရမယ်။ ဘင်္ဂလားဒေ့ရှ်ဟာ အစဉ်အလာအားဖြင့် တရုတ်စစ်လက်နက်ပစ္စည်းတွေကိုပဲ အကြီးအကျယ်မှီခိုနေခဲ့တယ်” ဟု လုံခြုံရေး သုတေသီ မူဘင် အက်စ် ခန် က ဧရာဝတီသတင်းဌာနသို့ ပြောသည်။

အမေရိကန်အာဏာပိုင်များသည် ဘင်္ဂလားဒေ့ရှ်သို့ အဆင့်မြင့် ကာကွယ်ရေးစနစ်များ လွှဲပြောင်းပေးပို့နိုင်ရေးအတွက် Acquisition and Cross-Servicing Agreement (ACSA) နှင့် General Security of Military Information Agreement (GSOMIA) တို့ကို လက်မှတ်ရေးထိုးရန် ညှိနှိုင်းနေကြောင်း ဒါကာအခြေစိုက် New Age သတင်းစာက အောက်တိုဘာလ ၁၈ ရက်နေ့က ဖေါ်ပြခဲ့သည်။

လက်ရှိကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို အဆင့်မြှင့်တင်ရန် စဉ်းစားနေသောကြောင့် ထိုစာချုပ်နှစ်ခုကို ချုပ်ဆိုရန် လိုသည်ဟု အမေရိကန်နိုင်ငံက ယူဆသည်။

အမေရိကန်အာဏာပိုင်များသည် ဘင်္ဂလားဒေ့ရှ်တပ်များ ရည်မှန်းချက်ပန်းတိုင် ၂၀၃၀ ကို ဖြည့်ဆည်းပေးရန် လုပ်ဆောင်နေပုံရသည်။ ထိုရည်မှန်းချက်ပန်းတိုင်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဒုံးကျည်စနစ်နှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များအပါအဝင် အဆင့်မြင့် စစ်လက်နက်ပစ္စည်းများ ဝယ်ယူခြင်းဖြင့် စစ်ဖက်ကို ခေတ်မီအောင်လုပ်မည်ဟု ထိုသတင်းစာက ဆိုသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့က ဒါကာရှိ အမေရိကန်သံအမတ် အားလ် မေးလားသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေကေ အဗ္ဗဒူ မိုမမ်နှင့်တွေ့ဆုံပြီးနောက် ဘင်္ဂလားဒေ့ရှ်အနေဖြင့် အမေရိကန်မှ လက်နက်ဝယ်ရန် အဆိုပြုခဲ့သည်ဟု ကြေညာသည်။

You may also like these stories:

ဘင်္ဂလားပင်လယ်အော်မှ ကီလိုရေငုပ်သင်္ဘော သက်ရောက်မှု

၂၀၁၉ အတွင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များ ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာ ၃၉ ဦး သေဆုံးပြီး

မြန်မာက ကိုရီးယားစက်ရုံတွေ ဘင်္ဂလားဒေ့ရှ်သို့ ပြောင်းရွှေ့မည်မှာ မဟုတ်

Loading