သတင်း

ကရင်နီလူငယ် ၆ ဦးအား အလုပ်နှင့် ထောင်ဒဏ် ၆ လချမှတ်

Want create site? Find Free WordPress Themes and plugins.

ကယား ပြည်နယ် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများကို ကရင်နီ အမျိုးသား သစ္စာဖောက်များ အဖြစ်ကြေညာမှုဖြင့် ဖမ်းဆီးခံထား ရသည့် ကရင်နီလူငယ် ၆ ဦးကို လွိုင်ကော်မြို့နယ် တရားရုံးက ယနေ့ အောက်တိုဘာ ၇ ရက်နေ့တွင် အလုပ်နှင့်ထောင် ၆ လချမှတ်လိုက်ကြောင်း သိရသည်။

ထောင်ဒဏ် ချမှတ်ခံလိုက်ရသည့် ခွန်သောမတ်စ် က “ကျနော်တို့ အလုပ်နဲ့ထောင် ၆ လကျတယ်။ ကျနော်တို့ပြောချင်တာက လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာရေးသားခွင့်တွေက ဒီမိုကရေစီရဲ့ အခြေခံ သဘောတရားတွေ ဖြစ်ပါတယ်။ ဒီသဘောတရားတွေကို ကျင့်သုံးတဲ့အချိန်မှာ အာဏာရှိတဲ့သူတွေက လိုသလိုဆွဲတဲ့ ပုံစံမျိုးနဲ့ ဥပဒေတွေကို သုံးထားပြီး လူငယ်ထုတွေကို ဖိနှိပ်တာကတော့ မမျှတဘူး” ဟု ဆိုသည်

၎င်းတို့ ၆ ဦးကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို အကာအကွယ်ပေးရေး ဥပဒေ (နိုင်လွတ်လုံ) ပုဒ်မ ၁၀ နှင့် စွဲချက်တင်ခြင်း ဖြစ်သည်။

ယခုနှစ် ဖေဖော်ဝါရီလ အတွင်း လွိုင်ကော်မြို့ ကန္ဒာဟေဝန် ပန်းခြံ၌ ဗိုလ်ချုပ် အောင်ဆန်း ကြေးရုပ် စိုက်ထူမှုအား သပိတ်စခန်း ဖွင့်ကာ ကန့်ကွက်ခဲ့ကြသည်ကို ပြည်နယ်အစိုးရက အင်အားသုံးဖြိုခွင်းသဖြင့် ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ် စီမံ/ဘဏ္ဍာ ဝန်ကြီး ဦးမော်မော်၊ ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီဝင်များကို နိုင်ငံတော် ရာဇဝတ် ကောင်များ၊ ကရင်နီ အမျိုးသား သစ္စာဖောက်များ၊ တိုင်းရင်းသား သွေးစည်းညီညွတ်ရေး၏ ရန်သူများ၊ ကျေးဇူးကန်းသူများ အဖြစ် ကရင်နီ လူငယ်များက မတ်လတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထို့အတွက် မေလ၌ လွိုင်ကော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ နိုင်လွတ်လုံ ပုဒ်မ ၁ဝ ဖြင့် ကရင်နီ ပြည်သူ့အင်အားစု အဖွဲ့ဝင်များ ဖြစ်သည့် ကိုမျိုးလှိုင်ဝင်း (ခ) ပါစကားလွယ်၊ ကိုဒီးဒီ (ခ) စစ်မုန်း၊ ကိုဂျွန်ပေါ (ခ) ပျားလေး၊ ခွန်သောမတ်စ်၊ ခူးရီဒူး၊ ခွန်ဘားနဒ် တို့ကို ဖမ်းဆီးကာ တရားစွဲခဲ့သည်။

လူငယ် ၆ ဦးမှ ကိုဒီးဒီ က “ကျနော်တို့ထောင်ကထွက်လာရင်လည်း ဆက်ပြီးတော့မှ ကန့်ကွက်မှာပါ။ ဆက်ပြီး တော့ ကန့်ကွက်မယ်ဆိုတဲ့နေရာမှာ အမျိုးမျိုးရှိတယ်။ ဘယ်လိုမျိုုးကန့်ကွက်မလဲဆိုတာတော့ ကျနော်တို့ ပြောလို့မရသေးပါဘူး” ဟု ဆိုသည်။

နိုင်လွတ်လုံဥပဒေက နိုင်ငံသားများ၏ လွတ်လပ်ခွင့်နှင့် လုံခြုံခွင့်ကို ကာကွယ်ရမည်ဟုဆိုထားသော်လည်း ဝန်ကြီးချုပ်က ၎င်းတို့ ၆ ဦးအား တိုက်ရိုက်တရားမစွဲဘဲ အမိန့်ညွန်ကြားချက်ဖြင့် တရားစွဲဆိုခဲ့ကြောင်း၊ ပြည်နယ်အစိုးရ အတွင်းရေးမှူးမှ တဆင့်လက်ထောက် ညွန့်မှူးကို တရားစွဲခိုင်းခြင်းက ဥပဒေနှင့် မညီပါဟု လူငယ် ၆ ဦး၏ သက်သေဖြစ်သည့် ကိုကျော်ထင်အောင် က ပြောသည်။

“သူတို့ကိုယ်တိုင်ကလည်း လူထုစကားနားမထောင်ပဲ လုပ်ချင်ရာလုပ်ပြီးတော့မှ အခုလိုထုတ်ပြန်ချက်ကို တရားစွဲခြင်းက လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ပြီးမှ တရားစွဲဆိုတဲ့ပုံစံဖြစ်သလို ကျနော်တို့ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာပြောဆိုခွင့်ကို ပိတ်ပင်ရာလည်း ရောက်တဲ့အတွက်ကြောင့် ဒီလိုမျိုး လုပ်ဆောင်မှုက လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြီးတော့ တရားစီရင်ရေးမဏ္ဍိုင်အပေါ်မှာ အုပ်ချုပ်ရေးမဏ္ဍိုင်ကနေ လွှမ်းမိုးမှုရှိတဲ့ပုံစံတွေလို့ ကျနော်တို့ကတော့ သုံးသပ်ပါတယ် ” ဟု ၎င်းက ဆက်ပြောသည်။

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို အကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀ ဖြင့် အရေးယူ မှုများ တွင် အနိမ့်ဆုံး ပြစ်ဒဏ် ၆ လမှ အမြင့်ဆုံး ၃ နှစ် အထိ ပြစ်ဒဏ်ချမှတ်၍ ရနိုင်ကြောင်း ပြဋ္ဌာန်းထား သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading