၂၀၃၀ ခုနှစ် အရောက်တွင် မြန်မာနိုင်ငံ၏ အကျယ်အဝန်း ဧရိယာထဲမှ ၃၀ ရာခိုင်နှုန်းကို သစ်တောနယ်မြေ အဖြစ်လည်ကောင်း၊ ၁၀ ရာခိုင်နှုန်းကို သဘာဝ ထိန်းသိမ်းရေး နယ်မြေ အဖြစ်လည်းကောင်း ဖွဲ့စည်းတည်ထောင်ရန် ရည်မှန်းချက် ထားကြောင်း ဒု-သမ္မတ ဦးမြင့်ဆွေက ပြော ကြားသည်။
နိုဝင်ဘာ ၅ရက် နေပြည်တော်တွင် ပြုလုပ်သည့် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ် လုပ်ကိုင် မှု ဗဟိုကော်မတီ၏ သတ္တမအကြိမ် အစည်းအဝေးတွင် ထိုသို့ ပြောခြင်းဖြစ်သည်။
သစ်တောမြေဟု ဆိုရာတွင် ကြိုးဝိုင်းကာကွယ်တော(Reserved Forests)၊ ကြိုးပြင် ကာကွယ်တော(Protected Public Forests) နှင့် အလောင်းတော် ကဿပ၊ မိုးယွန်းကြီး၊ ချပ်သင်း ဘေးမဲ့တောတို့ကဲ့သို့သော ကာကွယ် ထိန်း သိမ်းထားသည့် သစ်တော(Protected Areas System) ဟူ၍ ပါဝင်ကြောင်း မြန်မာနိုင်ငံ သစ်တောအသင်း အတွင်း ရေးမှူး ဦးတင်အေးက ရှင်းပြသည်။
“ဒု-သမ္မတ ပြောတဲ့ဟာက သစ်တောမြေ ဖြစ်အောင် လုပ်မယ်လို့ ပြောတာ။ သူကျတော့ ဖွဲ့စည်းပုံနဲ့ ဆိုင်တယ်။ သစ် တောမြေရယ်လို့ ဖွဲ့လိုက်လို့ ရှိရင် သစ်တောဥပဒေနဲ့ ထိန်းသိမ်း ကာကွယ်တဲ့ အပိုင်းမှာ ဥပဒေ အကျိုးသက်ရောက်မှု ပိုရှိသွားတယ်။ ဒါဟာ တိုင်းပြည်အတွက် ကောင်းပါတယ်။ ဥပဒေ အကျိုးသက်ရောက်မှုရှိတဲ့ သစ်တောမြေတွေ များ များ ဖွဲ့စည်းထားနိုင်လေ ကောင်းလေပါပဲ” ဟုလည်း ဦးတင်အေးက မှတ်ချက် ပြုသည်။
သို့သော် ထိုလုပ်ငန်းစဉ်များ အတွက် အချိန်ယူရမည် ဖြစ်ပြီး လက်တွေ့ လုပ်ကိုင်ဆောင်ရွက်သည့် အခါ အခက်အခဲ များ ရှိလာနိုင်ကြောင်း ၎င်းက ဆိုသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၏ ၂၀၁၉ သြဂုတ် ၃၁ ရက်အထိ စာရင်းများအရ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများ ၂၅ ဒသမ ၄၆ ရာခိုင်နှုန်းရှိပြီး သဘာဝ ထိန်းသိမ်းရေး နယ်မြေ ၆ ဒသမ ၆၇ ရာခိုင်နှုန်း(၂၀၁၀ အချက်အလက် အရ) ရှိကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် ၁၉၉၀ ခုနှစ်တွင် နိုင်ငံဧရိယာ၏ ၅၇ ဒသမ ၉၇ ရာခိုင်နှုန်း၊ ၂၀၀၀ ပြည့် နှစ်တွင် ၅၁ ဒသမ ၅၄ ရာခိုင်နှုန်း၊ ၂၀၀၅ ခုနှစ်တွင် ၄၉ ဒသမ ၂၅ ရာခိုင်နှုန်း၊ ၂၀၁ဝ တွင် ၄၆ ဒသမ ၉၆ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်တွင် ကုလသမဂ္ဂ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာအဖွဲ့ (FAO) ၏ (FRA 2015) စာရင်းအရ နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်း ရှိသည်ဟု ဆိုသည်။
နှစ်စဉ် ပျမ်းမျှ သစ်တောပြုန်းတီးမှုနှုန်းသည် ၂၀၀၅ ခုနှစ်မှ ၂၀၁၀ အတွင်း နိုင်ငံဧရိယာ၏ ၁ ဒသမ ၇၂ ရာခိုင်နှုန်း ရှိ ကြောင်း သိရှိရသည်။
FAO ၏ ၂၀၁၅ စာရင်းအရ သစ်တောဖုံးလွှမ်း ဧရိယာ ၄၃ ရာခိုင်နှုန်းခန့် ရှိသည်ဆိုသော်လည်း သစ်တော ကောင်း ကောင်း ဖုံးလွှမ်းနေသည့် ဧရိယာဟုဆိုလျှင်၂၂ ရာခိုင်နှုန်းခန့်သာ ရှိကြောင်း မြန်မာနိုင်ငံ သစ်တောအသင်း အတွင်း ရေးမှူး ဦးတင်အေးက သုံးသပ်သည်။
သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒု ဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေက မြန်မာနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစားများ ကျဆင်းခြင်းတို့ ဖြစ်ပေါ်လျက် ရှိသည်ဟု ဆိုသည်။
သစ်တော စီမံအုပ်ချုပ်မှုစနစ်ကို အပြည့်အဝ လိုက်နာကျင့်သုံး ဖော်ဆောင်နိုင်မှု မရှိခြင်း၊ သစ်ထုတ်ယူရာတွင် သတ် မှတ် စည်းကမ်းများနှင့် အညီ စနစ်တကျ ထုတ်လုပ်မှု မရှိခြင်း၊ လုံခြုံရေး အကန့်အသတ်ရှိသော သစ်တော ဧရိယာ အား ထိန်းသိမ်း ကာကွယ်နိုင်မှု မရှိခြင်း၊ အလွန်အကျွံ သစ်ခုတ်လှဲထုတ်ယူခြင်း၊ တရားမဝင် သစ်ထုတ်လုပ်ခြင်း၊ ထင်း/မီးသွေး လောင်စာလိုအပ်ချက် မြင့်မားခြင်း၊ မြေအသုံးချမှု ပြောင်းလဲခြင်း တို့ကြောင့် ဖြစ်ကြောင်း ၎င်းက သုံး သပ်ပြောဆိုသည်။
နိုဝင်ဘာ ၅ ရက်က နေပြည်တော် ရွှေစံအိမ်ဟိုတယ်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ၏ ဦးစားပေး ဆောင်ရွက်ရမည့် သစ်တောဥပဒေ စိုးမိုးမှု၊ စီမံအုပ်ချုပ်မှုနှင့် ကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းစဉ် (FLEGT)နှင့် လမ်းပြမြေပုံ ရေးဆွဲရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။
ထို့အတွက် သစ်တောဥပဒေ(၁၉၉၂)အား နိုင်ငံ၏ လက်ရှိ အခြေအနေနှင့် ကိုက်ညီစေရန် ပြင်ဆင် ရေးဆွဲခဲ့ပြီး ၂၀၁၈ တွင် အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့ကြောင်း၊ တောရိုင်းတိရစ္ဆာန်များနှင့် သဘာဝ အပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေ များ ထိန်းသိမ်းရေး ဥပဒေ(၁၉၉၄)အား အသစ်ပြန်လည် ရေးဆွဲပြီး ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝနယ်မြေများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေ (၂၀၁၈) အဖြစ် ပြဋ္ဌာန်းခဲ့ကြောင်း ဒေါက်တာ ရဲမြင့်ဆွေက ပြောကြားခဲ့သည်။
ဆက်လက်၍ ၎င်းက နိုင်ငံ၏ သစ်တော စီမံအုပ်ချုပ်ခြင်းနှင့် သစ်တော သယံဇာတများ ထိန်းသိမ်းကာကွယ်ခြင်းတို့ တွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်စေရေး ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြား ချက် (၁၉၉၅)အား ပြင်ဆင် ဆောင်ရွက်ခဲ့ပြီး သစ်တောဥပဒေ (၂၀၁၈) နှင့်အညီ ဒေသခံ ပြည်သူ အစုအဖွဲ့ပိုင် သစ် တော လုပ်ငန်းဆိုင်ရာ ညွှန်ကြားချက် ၂၀၁၉ အား ပြင်ဆင် ထုတ်ပြန်နိုင်ခဲ့သည်ဟု ဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံ သစ်တောများ ပြန်လည် တည်ထောင်ရေး စီမံကိန်းကို၂၀၁၇-၁၈ ခုနှစ်မှ ၂၀၂၆-၂၇ ခုနှစ်အထိ ၁၀ နှစ် စီမံကိန်း ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။
You may also like these stories:
ပြည်ခရိုင် အတွင်း သစ်ပင် ၁၁ သိန်းခန့် စိုက်ပျိုးမည်ဟု ဆို
အင်းလေးဒေသ ထိန်းသိမ်းရေး ဒေသန္တရ ဥပဒေပြဌာန်းရန် စီစဉ်
ဖိလစ်ပိုင် ကျောင်းသားတိုင်း ဘွဲ့မယူခင် တယောက်ကို အပင် ၁၀ ပင် စိုက်ရမယ့် ဥပဒေသစ် ပြဌာန်း
ကလော ထင်းရှူးတောများ မီးဘေးကာကွယ်ရေး လာမည့်နှစ် စီမံချက်ဖြင့် ဆောင်ရွက်မည်