အဂတိ လိုက်စားမှုနှင့် တရားစွဲခံထားရသည့် ဆေးဝါးစက်ရုံ (အင်းစိန်/BPI) စက်ရုံမှူး ဒေါက်တာ အောင်ဇော်အမှု ရုပ်သိမ်းရန်နှင့် အာမခံပေးရန် လျှောက်ထားမှုအား တိုင်းဒေသကြီး တရားလွှတ်တော်က ယနေ့ ရုံးချိန်းတွင် ပယ်ချ လိုက်သည်။
လက်ရှိတွင် ယင်းအမှုကို ဆက်လက် စစ်ဆေးနေရာတွင် တရားလိုဖြစ်သူ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (ACC) မှ ဦးမိုးနိုင်အား စစ်ဆေးလျက် ရှိသည်။
ဒေါက်တာ အောင်ဇော်အနေဖြင့် သွေးကြောသွင်း ဆေးရည်ဘူးများ ထုတ်လုပ်ရန်အတွက် တင်ဒါအောင်မြင်ထားသည့် LG Cham ကော်စေ့အစား Lotte ကော်စေ့ ၂၆ တန်အား အစားထိုးသုံးစွဲခဲ့သည့် အတွက် တင်ဒါ စည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီ ဟုဆိုကာ စက်တင်ဘာ ၆ ရက်တွင် အင်းစိန်မြို့မ ရဲစခန်း၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥပဒေ ပုဒ်မ ၅၆ ဖြင့် အမှုဖွင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ထိုအစားထိုး ကော်စေ့ ၂၆ တန်အား အသုံးပြု၍ သွေးကြောသွင်း ဆေးရည်ဘူး ၆ သိန်းကျော်အား BPI က ထုတ်လုပ်ခဲ့ပြီး ယင်းဆေးဘူးများကို အများပြည်သူ ကျန်းမာရေးအတွက် အသုံးပြုရန် မသင့်ဟုဆိုကာ ကျန်းမာရေးဝန်ကြီးက အသုံးပြုမှု ရပ်ဆိုင်းထားမှုကြောင့် နိုင်ငံတော် ငွေကြေး ကျပ်သန်း ၅၀၀ ခန့် နစ်နာဆုံးရှုံးခဲ့ရသည့်အတွက် အမှုဖွင့်ရခြင်း ဖြစ်ကြောင်း အမှုဖွင့် တိုင်တန်းချက်၌ ဖော်ပြခဲ့သော်လည်း အမှန်တကယ် တရားစွဲချိန်တွင် ကျပ် ၁၂၃ သန်းကျော်သာ ဆုံးရှုံးကြောင်း ACC က ပြောင်းလဲ တင်ပြခဲ့သည်။
ယင်းအမှုနှင့် ပတ်သက်ပြီး မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကိုကိုအောင်အား အဂတိ လိုက်စားမှုနှင့် ပတ်သက်မှု မရှိသော်လည်း ကော်စေ့များ အစားထိုး သုံးစွဲမှုတွင် ကြီးကြပ်ရန် တာဝန်ပျက်ကွက်သည် ဟုဆိုကာ ရာထူးက ထုတ်ပယ်ခဲ့သည်။
အဖွဲ့အား ပြောင်းလဲ ခဲ့ပြီး တရားလွှတ်တော်ရှေ့နေ ဒေါ်ဆွေဆွေငြိမ်းက ဦးဆောင်ကာ ၎င်း၏ ရှေ့နေအဖြစ် ဆောင်ရွက်မည် ဖြစ်သည်။
အဆိုပါအမှုကို ဆက်လက်စစ်ဆေးရန် နိုဝင်ဘာ ၁၄ ရက်အား ချိန်းဆိုထားပြီး တရားလိုဖြစ်သူ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ ဦးမိုးနိုင်အား စစ်ဆေးမည် ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
အဂတိ တိုက်ဖျက်ရေး ကော်မရှင် စွပ်စွဲချက် BPI စက်ရုံမှူး ငြင်းဆို
BPI စက်ရုံမှူးအား တိုင်းတရား လွှတ်တော်တွင် တရားစွဲတင်
နိုင်ငံ့ဝန်ထမ်းလုပ်ခဲ့တာ စိတ်နာမိကြောင်း BPI စက်ရုံမှူး ဒေါက်တာအောင်ဇော်ပြော
BPI စက်ရုံမှူးအမှု နောက်ဆက်တွဲ ဆေးဝါးလုပ်ငန်း MD ကို ရာထူးမှ ထုတ်ပယ်