မန္တလေးတိုင်း ဒေသကြီး မိုးကုတ်မြို့နယ် မြို့မရပ်ရှိ ညောင်သုံးပင် ပရိယတ္တိ သာမဏေကျော် ကျောင်းတိုက်ရှိ ဓမ္မဗိမ္မာန် သစ် ဖွင့်ပွဲကို တက်ရောက် ဖွင့်လှစ်ပေးမည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ထိုခရီးစဉ်တွင် လူထုတွေ့ဆုံ ပွဲကိုပါ ပြုလုပ်သွားမည် ဖြစ်ကြောင်း မိုးကုတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီက သိရသည်။
ညောင်သုံးပင် ပရိယတ္တိ သာမဏေကျော် ကျောင်းတိုက် အတွင်း အသစ် တည်ဆောက်ထားသည့် ရှင်အပါးတထောင် ဓမ္မ ဗိမ္မာန်တော်သည် မိုးကုတ်မြို့တွင် အကြီးဆုံးသော ဗိမ္မာန်အဆောက်အအုံ ဖြစ်ပြီး ဖွင့်ပွဲကို နိုဝင်ဘာလ ၉ ရက်တွင် ပြုလုပ် မည် ဖြစ်သည်။
မိုးကုတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းတင် က “ညောင်သုံးပင် ဆရာတော်ကြီးရဲ့ဖိတ်ကြားမှုကြောင့် ရှင်တထောင် ဓမ္မဗိမ္မာန်ဖွင့်ပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။ အဲဒီနေ့မှာပဲ မြို့မိမြို့ဖ အဖွဲ့နဲ့အတူ လူထုနဲ့ တွေ့ဆုံမယ်လို့ တော့ အကြမ်းဖျင်း သိထားရပါတယ်” ဟု ပြောသည်။
ညောင်သုံးပင် ပရိယတ္တိသာမဏေကျော် ကျောင်းတိုက်ကို ညောင်သုံးပင် ဆရာတော် သံဃမဟာနာယက အဖွဲ့ (တွဲဖက် အကျိုးတော်ဆောင်) အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိဘ၊ ဓမ္မကထိက ဗဟုဇနဟိဓရ ဒေါက်တာ ရှင်တေဇောသာရာ ဘိဝံသ တို့က တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး သာမဏေကျော်များ မွေးထုတ်ပေးလျက် ရှိသလို ပရိယတ္တိ စာပေများလည်း သင်ကြားပို့ချလျက် ရှိသော ကျောင်းတိုက်ကြီးတခု ဖြစ်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဓမ္မဗိမ္မာန်ဖွင့်ပွဲ အပြီး အဆိုပါ ဗိမ္မာန်မှာပင် လူထုနှင့် တွေ့ ဆုံပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ယခုအခါ ညောင်သုံးပင် ပရိယတ္တိသာမဏေကျော် ကျောင်းတိုက်ဝန်းကျင်နှင့် မိုးကုတ်မြို့ပေါ်တွင် နိုဝင်ဘာ ၆ ရက် ညနေ ပိုင်းကတည်း နယ်မြေခံ ရဲတပ်ဖွဲ့များနှင့် အတူ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေး တိုးမြှင့်ချထားကြောင်း သိရသည်။
မိုးကုတ်မြို့ဒေသခံ ဦးစိုးမြင့် က “ဒေါ်အောင်ဆန်းစုကြည် လာမယ်လို့တော့ သိရပါတယ်။ လက်ရှိမှာတော့ မနေ့ကစပြီး ရဲ လုံခြုံရေးတွေ ရောက်နေတာ တွေ့ရပါတယ်။ ကျောင်းကြီးက မြို့အတွက် ပြယုဂ်တခုအနေနဲ့ ဖြစ်လာမယ့်အတွက် အခုလို နိုင်ငံတော် အတိုင်ပင်ခံ ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးမယ် ဆိုတော့ ကျနော်တို့မြို့အတွက် ဂုဏ်ယူရပါတယ်”ဟု ပြောသည်။
ထို့ပြင် မိုးကုတ်မြို့သို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်မည် ဖြစ်သော ကြောင့် ကျောက်မျက် တူးဖော်နေသည့် လုပ် ကွက်များ အား ၃ ရက် ရပ်နားခိုင်းထားကြောင်း ဒေသခံများထံက သိရသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၄ ခုနှစ် မတ်လ ၂၃ ရက်က မိုးကုတ်မြို့တွင် ပြုလုပ်ခဲ့ သည့်၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲသို့ တက်ရောက်ခဲ့ကာ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ သမ္မ တ ဦးဝင်းမြင့်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ အလုပ်အမှုဆောင် ကော်မတီဝင် ဦးအောင်ကြည်ညွန့် တို့ လည်း တက်ရောက် ဟောပြောခဲ့ကြသည်။