ထိုင်းနိုင်ငံသို့ ထွက်ပြေး တိမ်ရှောင်နေရာက ဖမ်းဆီးရမိခဲ့သည့် အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ကို နိုဝင်ဘာ ၇ ရက်နေ့ ညနေပိုင်းက ရမည်းသင်းမြို့နယ်တရားရုံးတွင် ချုပ်ရမန်ယူခဲ့သည်။
ရမည်းသင်းမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ကျရဲအရာရှိက “သူ့ကို မြို့နယ်တရားရုံးမှာ ချုပ်ရမန်ယူခဲ့တာ၊ ရမန်ယူပြီးတဲ့နောက် ရမည်းသင်းအကျဉ်းထောင်ကို ပြန်ခေါ်သွားပါပြီ၊ လာမယ့်ရုံးချိန်းမှာ အမှုကိုစပြီး စစ်မယ်လို့တော့ သိရပါတယ်” ဟု ပြောသည်။
ဦးစိုးထွန်းရှိန်အား ထိုင်း-မြန်မာ ၂ နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ပြီး ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ နိုဝင်ဘာ ၆ ရက်နေ့ မွန်းလွဲပိုင်းက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ လွှဲပြောင်းရယူခဲ့ကာ ရမည်သင်းအကျဉ်းထောင်တွင် ချုပ်နှောင်ထားခဲ့ခြင်းဖြစ်သည်။
ဦးစိုးထွန်းရှိန်အား လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုဝင်ဘာ ၇ ရက်နေ့ ညနေ ၄ နာရီခန့်က မြို့နယ်တရားရုံးတွင် ရုံးထုတ်ရမန်ယူခဲ့ရာ မြို့နယ်တရားရုံးက နိုဝင်ဘာ ၁၃ ရက်နေ့သို့ ရုံးချိန်းပြန်လည်ချိန်းဆိုပေးခဲ့ပြီး ၎င်းရုံးချိန်းတွင် တရားလိုဖြစ်သူ အမှတ် (၂) သတ္တုတွင်းလုပ်ငန်းမှ အထွေထွေမန်နေဂျာ (ထုတ်လုပ်) ဦးအေးဇော်အား စတင်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
ဦးစိုးထွန်းရှိန်ပိုင်ဆိုင်သည့် အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီသည် ရမည်းသင်း မြို့နယ်တွင် မြေဧက ၆၀၀၀ ကျော် ရွှေလုပ်ကွက် လုပ်ကိုင်ခဲ့ပြီးနောက် အစိုးရသို့ ပေးသွင်းရမည့် သတ်မှတ် ရွှေပိဿာချိန်များကို ပေးသွင်းမှု မရှိသည့်အပြင် တရားမဝင် တူးဖော်မှုများ ပြုလုပ်သည်ဟု ဆိုကာ သတ္တုတွင်း ဥပဒေဖြင့် အမှုဖွင့် ခံထားရခြင်းဖြစ်သည်။
ရမည်းသင်း မြို့မရဲစခန်းတွင် ဦးစိုးထွန်းရှိန်အား မြန်မာ့ သတ္တုတွင်း ဥပဒေ ပုဒ်မ ၃၀(က)ဖြင့် အမှုဖွင့် တရားစွဲဆို ထားခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ၂၀၁၉ ခုနှစ် မတ်လအတွင်း တရားခံပြေး ကြေညာခဲ့သည်။
ရန်ကုန်အခြေစိုက် မြန်မာနောင်း သတင်းဌာနက ဦးစိုးထွန်းရှိန်ကို ဘန်ကောက်တွင် မြင်ခဲ့ရကြောင်း သတင်း ထုတ်ဖော်ရေးသားခဲ့ပြီးနောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ရှိသူများသည် ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့က ထိုင်းနိုင်ငံသို့ သွားရောက်ပြီး တရားခံပြေး ကြေညာခံထားရသူ ဦးစိုးထွန်းရှိန် ဖမ်းဆီးရမိရေး ဆောင်ရွက်မည် ဖြစ်ကြောင်း နေပြည်တော်တွင် သမ္မတရုံး ညွှန်ချုပ် ဦးဇော်ဌေးက ပြောဆိုခဲ့ဖူးသည်။
သတ္တုတွင်း ဥပဒေပုဒ်မ ၃၀ (က) ဖြင့် ရမည်းသင်းရဲစခန်းတွင် ဦးစိုးထွန်းရှိန်နှင့်အတူ အမှုဖွင့်ခံထားရသူမှာ လေးဦးဖြစ်ပြီး ၎င်းတို့မှာ ညီညီလွင်၊ ခင်ဇော်၊ မင်းမင်းစိုး၊ စောမောင်တို့ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
You may also like these stories:
တရားခံပြေး (ဦး)စိုးထွန်းရှိန်ကို ထိုင်းနိုင်ငံတွင် ဖမ်းမိ
အာရှကြီးပွားတိုးတက်ရေး လိမ်လည်မှု ပန်းပဲတန်း ရဲတပ်ဖွဲ့ စတင် ကိုင်တွယ်
အမျိုးသား ကြီးပွားတိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌ အပါအဝင် လူ ၃၀ ကျော်ကို တရားစွဲမည်