ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ ဖြင့် အမှုဖွင့် အရေးယူလိုက်ကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (ACC) က ထုတ်ပြန်လိုက်သည်။
ဦးစန်းမောင်ဦးသည် ထိုင်းနိုင်ငံသို့ လုပ်သား စေလွှတ်နေသည့် အေဂျင်စီ ၃၂ ခုမှ ငွေကျပ်သိန်း တသောင်း နှစ်ထောင် ကျော် လာဘ်စားမှုဖြင့် တိုင်ကြားခံထားရသူဖြစ်သည်။
ယနေ့ ACC ၏ ထုတ်ပြန်ချက်၌ ထိုင်းအလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦး တာဝန်ထမ်းဆောင်နေသည့် ၁ နှစ် အတွင်း နိုင်ငံတော်မှ ပေးအပ်ထားသော လုပ်ပိုင်ခွင့် အာဏာများကို အလွဲသုံးစားပြု၍ အလုပ်ခေါ်စာ (Demand Letter) များကို ခွင့်ပြုမိန့် အမြန် လက်မှတ်ရေးထိုးခြင်းနှင့် ပတ်သက်၍ ကုမ္ပဏီ ၁၂ ခုထံမှ လာဘ်ငွေအဖြစ် ထိုင်းဘတ်ငွေ ၅၇၄၃၀၀ ကို တောင်းခံရယူခဲ့ကြောင်းလည်း ပါရှိသည်။
ထိုင်းနိုင်ငံသို့ လုပ်သား စေလွှတ်နေသည့် အေဂျင်စီတခုမှ ဦးချားလ်မျိုးသန့်က “မနေ့က သူ့(ဦးစန်းမောင်ဦး)ကို ခေါ်သွားပြီ။ သတင်းက အတည်ဖြစ်ပါတယ်။ အားပေးကူညီခဲ့တဲ့ သန်းထိုက်စိုးနဲ့ စောပြည့်ငြိမ်းကတော့ ထွက်ပြေးနေတယ်” ဟု ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။
ပြီးခဲ့သည့် ဧပြီလ ၁၂ရက်က မြန်မာ အလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦး အပေါ် အဂတိ လိုက်စားမှုဖြင့် အလုပ်သမား စေလွှတ်နေသော အေဂျင်စီ ကုမ္ပဏီ ၃၂ ခုက နိုင်ငံတော် သမ္မတ အပါအဝင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်နှင့် အမျိုးသား လွှတ်တော် ပြည်တွင်း ပြည်ပ အလုပ်သမားရေးရာ ကော်မတီသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
တိုင်ကြားစာနှင့် ပတ်သက်ပြီး သမ္မတရုံးမှ မေ ၁၇ ရက်တွင် လည်းကောင်း၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနက မေ ၁၆ ရက်တွင် လည်းကောင်း၊ ရန်ကုန်မြို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးမှ မေ ၂၄ ရက်မှ ၂၈ ရက်တွင် လည်းကောင်း တိုင်ကြားသူများ အနက်မှ ကိုယ်စားပြု ကိုယ်စားလှယ် ၅ ဦးကို သက်ဆိုင်ရာဌာန အလိုက် ခေါ်ယူ စစ်ဆေးခဲ့သည်ဟု ထိုင်းသို့ အလုပ်သမား စေလွှတ်နေသည့် အေဂျင်စီတခုမှ တာဝန်ရှိသူက ပြောသည်။
ထို့ပြင် ပြည်ပ အလုပ်အကိုင် အေဂျင်စီ ကုမ္ပဏီများက အလုပ်သမား အမည်စာရင်းများ တင်ပြရာတွင် အလုပ်သမား တဦး လျှင် ထိုင်းဘတ်ငွေ ၁၀၀ နှုန်းဖြင့် ကုမ္ပဏီ ၁၆ ခုထံမှ ထိုင်းဘတ်ငွေ ၃၈၇၃၀၀၀ ကို လက်ခံရယူခဲ့သည်ဟု ကော်မရှင်သို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
တိုင်ကြားစာနှင့် ပတ်သက်၍ အဂတိ ကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းပြီး ပြည်တွင်းတွင် တိုင်ကြားသူ ကုမ္ပဏီ များမှ တာဝန်ရှိသူများနှင့် သက်သေများ စစ်ဆေးခြင်း၊ စာရွက်စာတမ်း အထောက်အထား သိမ်းဆည်းခြင်း၊ မြန်မာနိုင်ငံ ဗဟိုဘဏ်မှ စာရင်းများကို တောင်းခံရယူ စစ်ဆေးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ACC က သိရသည်။
ထို့ပြင် မြန်မာနိုင်ငံသားက ပြည်ပတွင် ကျူးလွန်သည့် ကိစ္စဖြစ်၍ စုံစမ်း စစ်ဆေးရေး အဖွဲ့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သို့ သွားရောက်ပြီး သက်သေများ စစ်ဆေးခြင်း၊ ထိုင်းနိုင်ငံရှိ ဘဏ်တခုမှ ဘဏ်စာရင်းများ တောင်းခံရယူခြင်းတို့ဖြင့် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုထားသည်။
ဦးစန်းမောင်ဦးသည် ပြည်ပ အလုပ်အကိုင် အေဂျင်စီ ကုမ္ပဏီများက အလုပ်သမား အမည်စာရင်း (Name List) များကို တင်ပြရာတွင် အလုပ်သမား တဦးလျှင် ထိုင်းဘတ်ငွေ ၁၀၀ နှုန်း ကောက်ခံပြီး ကုမ္ပဏီများထံမှ လာဘ်ငွေအဖြစ် ထိုင်း ဘတ်ငွေများကို ဒေသခန့် ဝန်ထမ်း ဦးသန်းထိုက်စိုး (ခ) ကိုစိုးနှင့် ဦးစောပြည့်ငြိမ်း(ခ) စောဂျက် အပါအဝင် ၎င်းက တာဝန် ပေးအပ်ထားသည့် အရပ်သား တချို့ထံမှ တဆင့် လက်ခံရယူခဲ့ခြင်းဖြင့် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိ လိုက် စားမှု ကျူးလွန်ခဲ့သည်ဟု ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ကြောင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရ ဦးစန်းမောင်ဦးနှင့် အဂတိလိုက်စားမှု ကျူးလွန်ရာတွင် အားပေးကူညီခဲ့သည့် ဦးသန်းထိုက်စိုး (ခ) ကိုစိုးနှင့် ဦးစောပြည့်ငြိမ်း (ခ) စောဂျက်တို့ကို ဥပဒေ ပုဒ်မ ၅၆/၆၃ အရ ရန် ကုန် အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့မရဲစခန်းတွင် အောက်တိုဘာ ၆ ရက်၌ ပထမ သတင်းပေး တိုင်ကြား ချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ တွင် နိုင်ငံရေးရာထူး လက်ရှိဖြစ်သူမှအပ အခြားလုပ်ပိုင်ခွင့် အာဏာရှိသူ မည်သူမဆို လာဘ်ပေးလာဘ်ယူ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို ၁၀ နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
ဆက်စပ်ဖတ်ရှုရန်
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိ လာဘ်စားမှုဖြင့်စစ်ဆေးခံရ