သတင်း

ဒေါက်တာ ဇော်မြင့်မောင် ကျန်းမာရေး အခြေအနေကြောင့် NLD အားလျော့နိုင်သလား

Want create site? Find Free WordPress Themes and plugins.

အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ၏ ဒုတိယ ဥက္ကဋ္ဌ (၂) ဒေါက်တာ ဇော်မြင့်မောင်၏ ကျန်းမာရေး အခြေအနေကြောင့် ၂၀၂၀ ရွေးကောက်ပွဲ ပါတီ အောင်နိုင်ရေးနှင့် ပါတီ ခိုင်မာစွာ တည်ဆောက်နိုင်ရေးတို့အတွက် အားလျော့သွားစေကြောင်း ပါတီတွင်း တာဝန်ရှိသူများက ပြောသည်။

ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်သည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ၂၄ ရက်က ရန်ကုန်မြို့တွင် ကျင်းပခဲ့သော ပါတီ၊ အစိုးရနှင့် လွှတ်တော်တို့ တွေ့ဆုံပွဲသို့ တက်ရောက်မှုအပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက်၍ ကျန်း မာရေး စစ်ဆေးမှု ခံယူနေသည်မှာ ယနေ့အချိန်အထိ ဖြစ်သည်။

၎င်း၏ မန္တလေးတိုင်း ဝန်ကြီးချုပ် တာဝန်ကို တိုင်းလျှပ်စစ် ဝန်ကြီး ဦးဇာနည်အောင်က တာဝန်ယူနေပြီး ယင်းတာဝန် ကို ပြန်လည် ထမ်းဆောင်နိုင်ခြင်း ရှိ၊ မရှိ ဆိုသည်မှာ မရှင်းလင်းသေးသော်လည်း ပါတီတွင်း တာဝန်ရှိသူများကမူ
ကျန်းမာရေး ပြန်ကောင်းလာလိမ့်မည်ဟု မျှော်လင့်နေကြသည်။

ပါတီတွင်း သတင်းရင်းမြစ်တခုကမူ “ကျန်းမာရေး အခြေအနေက နည်းနည်းဆိုးတယ်။ တော်တော်လေး အချိန်ယူ ကု သရမယ့် အခြေအနေမှာ ရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဒေါက်တာ ဇော်မြင့်မောင်သည် ကျန်းမာရေး ပြန်ကောင်းလာနိုင်သော်လည်း ၎င်းခံစားနေရသည့် ရောဂါများမှာ အလွန် များကြောင်း၊ အကျဉ်းထောင်များထဲတွင် နိုင်ငံရေး အကျဉ်းသားဘဝဖြင့် နှစ်ပေါင်းများစွာ နေခဲ့ရသည့် ဆိုးကျိုးများကို ယခုခံစားနေရခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း (NLD) ဒုတိယ ဥက္ကဌ ဒေါက်တာ စိုးဝင်းဦးက ပြောသည်။

ဒေါက်တာ စိုးဝင်းဦး က “သူအခု စစ်ဆေးနေရတာတွေက ကင်ဆာ ရှိ၊ မရှိပေါ့။ နောက်တခုက အာရုံကြောနဲ့ ပတ်သက်တဲ့ ဟာတွေပေါ့။ မာဆယ်တွေက သိပ်ကောင်းကောင်း မလှုပ်နိုင်ဘူးလေ။ မလှုပ်နိုင်ဘူးဆိုတာ အာရုံကြောက အားမရှိတာပေါ့”ဟု ရှင်းပြသည်။

NLD ပါတီမှ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ ဥက္ကဋ္ဌ (၁) ဦးဝင်းမြင့်တို့မှာ နိုင်ငံ အကြီးအကဲ တာဝန်များ ယူထား ရသဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပါတီတာဝန်များကို ထမ်းဆောင်နိုင်ခြင်း မရှိသဖြင့် ဒုတိယ ဥက္ကဋ္ဌ (၂) ဒေါက်တာ ဇော်မြင့်မောင်က ပါတီက အဓိက ဦးဆောင်မှု ပေးနေရသူ ဖြစ်သည်။

NLD ပါတီ၏ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာ မျိုးညွှန့်က “ဘာသတင်းမှကို ကျနေ်ာတို့ မကြားရဘူး။ ဆေးကုသမှု ခံနေရတယ် ဆိုတာပဲ သိတယ်။ သူက အလုပ်ကလည်း တော်တော် ပင်ပန်းခဲ့တာ။ ပါတီမှာလည်း တပြည်လုံးအနံှ့ကို လျှောက်သွားခဲ့တာ” ဟု ပြောသည်။

သို့သော် ပါတီတွင် လက်ဆင့်ကမ်း ခေါင်းဆောင်မှုဖြင့် ဆက်သွားရမည် ဖြစ်ကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင် ရေးအတွက်လည်း ခိုင်မာသည့် ပါတီ မူဝါဒများ ရှိပြီး ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

NLD ပါတီ၏ ဗဟို ပြန်ကြားရေး အတွင်းရေးမှူး မုံရွာ အောင်ရှင်ကမူ ဒေါက်တာ ဇော်မြင့်မောင်သည် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် မြန်မာပြည်သို့ ပြန်လာမည်ဟု ကြားသိရထားပြီး အခြေအနေ မဆိုးကြောင်း၊ ရောက်ရောက်ချင်း အလုပ် လုပ်နိုင်၊ မလုပ်နိုင်မှာမူ မသိသေးကြောင်း ပြောသည်။

ရန်ကုန်တိုင်း NLD ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ စိုးဝင်ဦးက “ဆရာဇော်ရှိရင် ကျန်းမာရေးကောင်းရင်တော့ အားလုံးက ပိုအားရှိမယ်။ ဘာဖြစ်လို့ ဆိုတော့ ဆရာဇော်က မှန်မှန်ကန် ကန် ပိုပြီးတော့ လုပ်နိုင်တယ်လို့ ပါတီမှာရှိတဲ့ အဆင့်ဆင့်သော အောက်ခြေက ယုံကြည်တယ်။ အောက်ခြေရဲ့ ယုံ ကြည်မှုကို ခံရတဲ့အထဲမှာ ပါတယ်။ ဒါက ဆရာဇော်ရဲ့ အားသာချက်ပဲ” ဟု ပြောသည် ။

ထို့ပြင် ဒေါက်တာ ဇော်မြင့်မောင်သည် ပါတီတွင်း သတင်းအချက်အလက်များကို သမ္မတနှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ထံ သွားရောက် အသိပေးရှင်းပြရသည့် တာဝန်ကိုလည် ယူထားသူ တဦး ဖြစ်သည်။

ပါတီတွင် အင်္ဂါစဉ်အရ ဒုတိယ ဥက္ကဋ္ဌ (၂) ဒေါက်တာ ဇော်မြင့်မောင် ပြီးပါက အတွင်းရေးမှူး (၁) ဦးဉာဏ်ဝင်း၊ အတွင်း ရေးမှူး (၂) ဦးဟန်သာမြင့်၊ အတွင်းရေးမှူး (၃) ဒေါက်တာ အောင်မိုးညို တို့သည် ပါတီ တာဝန်ရှိသူများ ဖြစ်သည်နှင့် အညီ ဆက်လက် ဦးဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

“အတွင်းရေးမှူး ၂ ယောက်က ဘာတာဝန်မှ များများစားစားလည်း ယူမထားဘူး။ ဒါတောင် ဦးဉာဏ်ဝင်းက ဥပဒေ အထောက်အကူပြုအဖွဲ့ ရှိသေးတယ်။ နေပြည်တော်ကိုလည်း သွားနေရသေးတယ်။ များသော အားဖြင့် ဦးဟံသာမြင့် က ပါတီရဲ့ စီးပွားရေး ကော်မတီကိုလည်း ဦးဆောင်ရတယ်။ သုတေသနတွေကိုလည်း လုပ်ရတယ်။ သူက အလွန် အလုပ်လုပ်ရတယ်။ ခေါင်းဆောင်တွေ ရှိနေတုန်းပဲ။ ဒါကြောင့် ပြဿနာ အရမ်းတော့ မရှိပါဘူး” ဟု ဒေါက်တာ စိုးဝင်းဦးက ပြောသည်။

ထို့ပြင် ပါတီဌာနချုပ်သည် ရန်ကုန်မြို့တွင် အစဉ်အစိုက် ရှိခဲ့ပြီး ပါတီ၏ အဓိက မောင်းနှင်အား ဖြစ်သည့် ဗဟိုကော် မတီကလည်း အားကောင်းနေဆဲ ဖြစ်ကြောင်း၊ လုပ်ငန်းများ အကောင်အထည် ဖော်ရသည့် ဗဟိုအလုပ်မှုဆောင် အဖွဲ့ကလည်း တဦးတည်း ဆုံးဖြတ်ချက် မဟုတ်ဘဲ အစည်းအဝေးဖြင့် ဆုံးဖြတ်သဖြင့် အဆင်ပြေမည်ဟု မျှော်လင့် ကြောင့် ပါတီတွင် သတင်းရင်းမြစ်များက ပြောသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပါတီ ထိပ်ပိုင်းခေါင်းဆောင် ၄ ဦး ဖြစ်သည် NLD ပါတီ ဒု ဥက္ကဋ္ဌ -၂ ဒေါက်တာ ဇော်မြင့်မောင် (မန္တလေးတိုင်း ဝန်ကြီးချုပ်)၊ ဗဟို အလုပ်အမှု ဆောင် အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်နှင့် ဒေါက်တာ အောင်မိုးညို (မကွေးတိုင်း ဝန်ကြီးချုပ်)တို့ ဦးဆောင်မည် ဖြစ်ကြောင်း
ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ပြောဆိုထားသည်။

ဒေါက်တာ ဇော်မြင့်မောင်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်ခံရ သော်လည်း ၎င်း၏ NLD ပါတီမှာ အာဏာလွှဲပြောင်းခြင်း မခံရဘဲ ၎င်း၏ နိုင်ငံရေး လှုပ်ရှားမှုများကြောင့် အကျဉ်းထောင်များတွင် ၁၉ နှစ်ခန့် နေထိုင်ခဲ့ရသည်။

၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် ၎င်း၏ မိခင်ပါတီ NLD သည် ပါတီ မှတ်ပုံတင်သည့်အခါ ကျောက်ပန်းတောင်း မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြောက်ခံပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် အမရပူရ မဲဆန္ဒနယ်မှ အနိုင်ရပြီး မန္တလေးတိုင်း ဝန်ကြီးချုပ် ဖြစ်လာသည်။

ဒေါက်တာ ဇော်မြင့်မောင်သည် မန္တလေးမြို့ ဇာတိဖြစ်ပြီး အမျိုးသမီးနှင့် ကလေး ၃ ဦး စလုံးမှာလည်း ဆရာဝန်များ ဖြစ်ကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading