ရက္ခိုင့်စစ်တပ် (AA)က ဖမ်းဆီးခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦးတွင် ဒု ဦးစီးမှူး အဆင့်ရှိသူ ဦးမြင့်ဇော်မှာ သေဆုံးခဲ့ပြီး ကျန် ၁၈ ဦးကို နိုဝင်ဘာလ ၆ ရက်က မြောက်ဦးမြို့နယ် အတွင်းက လက္ကာကျေးရွာ အနီး၌ ပြန်လည် လွှတ်ပေးခဲ့ကြောင်း AA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ပြောသည်။
ခိုင်သုခက “မီးသတ်တပ်ဖွဲ့ဝင် အားလုံးကို ပြန်လွှတ်ပေးလိုက်ပါပြီ။ ၁ ဦးကတော့ ဆုံးသွားတာ ရှိတယ်။ ကျနော်တို့ ထိန်း သိမ်းဖို့အတွက် ခေါ်လာတဲ့နေ့မှာပဲ ဒု ဦးစီးမှူး ဦးမြင့်ဇော်က တောင်တက်နေရင်းနဲ့ တောင်ကုန်းလေးတခု အရောက်မှာ ရေသောက်လိုက်တယ်လို့ ပြောတယ်။ အဲဒီမှာ ရှော့ခ် ဖြစ်ပြီးတော့ ခဏလေးအတွင်းမှာ သေသွားတယ်လို့ ပြောတယ်။ မင်းသွေး သေသွားသလိုမျိုး အမောဆို့သွားတာ။ ဘာမှ လုပ်ချိန်မရလိုက်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းသို့ မီးတပ်ဖွဲ့ဝင် ဒု ဦးစီးမှူး ဦးမြင့်ဇော် သေဆုံးသွားသည့် အပေါ်တွင်လည်း မိသားစုနှင့် အတူ ထပ်တူ စိတ်မကောင်း ဖြစ်မိကြောင်းလည်း ၎င်းက ဆိုသည်။
AA တပ်ဖွဲ့သည် ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးကျေးရွာရှိ ဗဟိုမီးသတ်သင်တန်း ဆင်းလာသည့် မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦးနှင့် ကားပေါ်တွင် လိုက်ပါလာသည့် အရပ်သား ၁၂ ဦး စုစုပေါင်း ၃၁ ဦးကို အောက်တိုဘာလ ၁၁ ရက် မနက်ပိုင်းက မြောက်ဦး မြို့အလွန်၌ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ဖမ်းဆီးကာ ထိန်းသိမ်း စစ်ဆေးခဲ့ရာတွင် စစ်ဘက်နှင့် သက်ဆိုင်မှု မရှိသည့် အရပ်သား ၁၂ ဦးကိုလည်း အောက်တို ဘာလ ၂၇ ရက်က တကြိမ် ပြန်လည် လွှတ်ပေးခဲ့သည်။
မီးသတ်တပ်ဖွဲ့ဝင်များ ပြန်လည် လွတ်မြောက်လာသည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး ယမန်နေ့ မွန်းလွဲပိုင်းတွင် ဧရာဝတီ သတင်းဌာနမှ ပြည်နယ် မီးသတ်ဦးစီးဌာန၊ ဒု ပြည်နယ် မီးသတ်ဦးစီးမှူး ဦးစံရွှေထွန်းအား ဆက်သွယ်ခဲ့ရာ “ကျနော်တို့ တပ်ဖွဲ့ဝင် ပြန်လွတ်လာတယ် ဆိုတာတော့ သတင်းကြားပါတယ်ဗျ။ ကျနော်တို့ လက်ထဲကိုတော့ မရောက်သေးတဲ့ အတွက် အတည်ပြုလို့တော့ မရသေးဘူး” ဟု ပြောသည်။
ဆက်လက် အတည်ပြုနိုင်ရန် ယနေ့ နံနက် ၁၀ နာရီကတည်းက ပြည်နယ် ဦးစံရွှေထွန်းအား ဧရာဝတီမှ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။
နိုဝင်ဘာလ ၃ ရက်ကလည်း AA အဖွဲ့ဝင်များသည် ချင်းပြည်နယ် ပလက်ဝမြို့မှ ကျောက်တော် မြို့သို့ စပိဘုတ်၂ စီးဖြင့် လာရောက်ခဲ့သည့် အိန္ဒိယနိုင်ငံသား ၅ ဦးနှင့် ချင်းတိုင်းရင်းသား အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း အပါ အဝင် ၁၀ ဦးကို ဖမ်းဆီးခဲ့သည်။
ထိုသို့ ဖမ်းဆီးခဲ့စဉ် အိန္ဒိယနိုင်ငံသား ၁ ဦးမှာ နဂိုအခံရှိသည့် ရောဂါကြောင့် သေဆုံးသွားခဲ့သည်ဟု ဆိုကာ နောက်တနေ့ မနက်ပိုင်း၌ အိန္ဒိယနိုင်ငံသား ၉ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းကိုမူ ဆက်လက် ဖမ်းဆီး ထိန်းသိမ်းထားလျက်ရှိသည်။
AA သည် အောက်တိုဘာလ ၂၆ ရက်ကလည်း စစ်တွေ- ဘူးသီးတောင်သို့ ပြေးဆွဲနေသော ရွှေနဒီ အမြန်ယာဉ်ကို ရသေ့ တောင်မြို့ အလွန်တွင် ဟန့်တားကာ တပ်မတော်သား ၁၄ ဦး၊ ရဲတပ်ဖွဲ့ဝင်၂၉ ဦးနှင့် အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း ၂ ဦး စုစုပေါင်း ၄၅ ဦးနှင့် အရပ်သား တချို့ကိုလည်း ဖမ်းဆီးခဲ့ကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။
အဆိုပါ ဖမ်ဆီးခံရသူ များအနက် ၁၅ ဦးကို တပ်မတော်က ရှာဖွေကယ်တင်နိုင်ခဲ့ကြောင်း ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။
ရွှေနဒီ ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်တွင် ဖမ်းဆီးခံခဲ့ရသည့် အရပ်သား၂၅ ဦးကို ဘူးသီးတောင်မြို့နယ် အတွင်းက ငွေတောင် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များထံ ပြန်လည် လွဲပေးကာ လွှတ်ပေးခဲ့သည်။
ကျန်ရှိသူများမှာ စစ်ဘက်ဆိုင်ရာနှင့် ပတ်သက်နေသည့်အတွက် လူအရေအတွက် စာရင်းကို ထုတ်ပြန်ပေးရန် မရှိသေး ကြောင်းလည်း AA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ပြောဆိုထားသည်။
You may also like these stories:
AA ဖမ်းဆီးသွားသူများမှ ၁၄ ဦးကို တပ်မတော် ပြန်ကယ်တင်နိုင်
မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ဖမ်းခံရသူထဲမှ ၁၂ ဦး AA ပြန်လွှတ်ပေး
ရွှေနဒီရေယာဉ်မှ ကယ်ဆယ်ရရှိသူများတွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦး၊ အရပ်သား ၅ ဦး ပါဝင်
AA ဖမ်းဆီးထားသည့် ချင်းအမတ်ကို ပြန်ကယ်ရန် ကြိုးစားနေဟု တပ်မတော်ပြော
ရွှေနဒီ အမြန်ရေယာဉ်မှ ဖမ်းဆီးခံ အရပ်သား၂၅ ဦး AA ပြန်လွှတ်ပေး