သဘာဝမဟုတ်သည့် လိင်ဆက်ဆံခြင်း၊ လိင်တူဆက်ဆံသည့် အပြုအမူကိုလည်း အရေးယူနိုင်သည့် ရာဇသတ်ကြီး ပုဒ်မ ၃၇၇ ကို ပြင်ဆင်နိုင်ရေး အတွက် လိင်စိတ်ခံယူမှုကွဲပြားသူများ(LGBT)က ကြိုးစား ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
Equality Myanmar ၏ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက“ပုဒ်မ ၃၇၇ကို ပြင်ဆင် ပြောင်းလဲလိုတာပါ။ အရွယ်ရောက်ပြီးတဲ့ လူသား ၂ ယောက် သူတို့ရဲ့သဘောဆန္ဒနဲ့ လိင်ဆက်ဆံတာကို ဓမ္မတာနဲ့ဆန့်ကျင်တဲ့ လိင် ဆံမှုလို့ မသတ်မှတ်ဖို့အတွက် ပြောင်းလဲလိုတာဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
ပုဒ်မ ၃၇၇ သည် ကိုလိုနီခေတ်ကတည်းက ပြဋ္ဌာန်းခဲ့သည့် ဥပဒေပုဒ်မ တခု ဖြစ်ပြီး ယနေ့အထိ ဆက် လက် တည်ရှိနေခြင်းသည် LGBTQ များ အပေါ် ထိခိုက်နစ်နာမှု ခွဲခြားနှိမ်ချ ဆက်ဆံမှု၊ ခြိမ်းခြောက်ငွေညှစ်မှုတို့ကို ဖြစ်စေသောကြောင့် ပြင်ဆင်လိုခြင်း ဖြစ်ကြောင်း “အမှောင်ရိပ်ထဲက ဘဝများ” အစီရင်ခံစာတွင် ဆိုထားသည်။
LGBT များ၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ အကြောင်းကို ဖော်ပြထားသည့် “အမှောင်ရိပ်ထဲက ဘဝများ” အစီရင်ခံစာ ထုတ်ပြန်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့က ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပွဲတွင် LGBT Rights Network မှ ရှင်းသန့်က“အဓိကက ကျမတို့ ပုဒ်မ ၃၇၇ က ဘာကြောင့် ပြင်ချင်လဲ၊ ဖျက်ချင်လဲဆိုတဲ့ အနှစ်ကတော့ အလိုမတူတာကတော့ ဟုတ်တယ်။ အဓမ္မပြုကျင့်တယ်ဆိုရင် တရားစွဲဆိုရမှာ ပေါ့။ LGBT ဖြစ်လို့ လွတ်မြောက်တာကတော့ ခွင့်မပြုဘူး။ ရှင်းသန့်တို့ကတော့ အသက်လည်း ပြည့်မယ်။ တဦးနဲ့ တဦး မေတ္တာသက်ဝင်မယ်။ ချစ်ခင်စုံမက်မယ်။ ဒါဆိုရင် ၃၇၇ နဲ့ ကင်းလွတ်ချင်တယ်” ဟု ပြောသည်။
ဓမ္မတာနှင့် ဆန့်ကျင်ပြီး လိင်ဆက်ဆံမှုရှိကြောင်း သံသယရှိသည့်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးခြင်းကို ရပ်တန့်ပေးရန်၊ LGBT ဟု ဖြစ်လာပြီဆိုပါက ရဲက မသင်္ကာသည့်အတွက် မှောင်ရိပ်ခိုမှုဖြင့် ၁၈၉၉ ရဲ အက် ဥပဒေပုဒ်မ ၃၀၊ ၁၉၄၅ ရဲ အက်ဥပဒေ ပုဒ်မ ၃၅ ဖြင့် လိုအပ်သလို ဖမ်းဆီးနေခြင်းကို ရပ်တန့်ပေးရန် ရှင်းသန့်က အကြံပြုထားသည်။
ရဲတပ်ဖွဲ့အနေဖြင့် LGBT များအပေါ်တွင် မည်သူက ကျုးလွန်သည် ဖြစ်စေ ကျူးလွန်သူများကို ဘက်မလိုက်ဘဲ ချက်ခြင်း စုံစမ်းစစ်ဆေး ဖော်ထုတ်ပေးရန် တာဝန်ရှိကြောင်း ၎င်းက ထပ်မံ ပြောပြသည်။
ရာဇသတ်ကြီး ပုဒ်မ ၃၇၇ သည် ဓမ္မတာနှင့် ဆန့်ကျင်သော ပြစ်မှုဖြစ်ပြီး ယောကျာၤးနှင့်ဖြစ်စေ၊ မိန်းမနှင့်ဖြစ်စေ၊ တိရစ္ဆာန်နှင့်ဖြစ်စေ မည်သူမဆို၊ မိမိအလိုအလျောက် ဓမ္မတာနှင့် ဆန့်ကျင်သော ကာမစပ်ယှက်မှုကို ပြုလျှင်၊ ထိုသူကို တသက်တကျွန်းဖြစ်စေ၊ ထောင်ဒဏ် ၁၀ နှစ် တမျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည် ဟု ပြဋ္ဌာန်းထားသည်။
ရှင်းလင်းချက် အနေဖြင့် အင်္ဂါဇာတ်တခုသည် တခြားအင်္ဂါဇာတ်တခုအတွင်းသို့ ဝင်မိလျှင်၊ ထိုပုဒ်မ၌ ဖော်ပြထား သော ပြစ်မှုကျူးလွန်ခြင်းအတွက် လိုအပ်သော ဓမ္မတာနှင့် ဆန့်ကျင်သည့် ကာမ စပ်ယှက်မှုမြောက်ရန် လုံလောက်သည် ဟုလည်း ဆိုထားသည်။
တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက “LGBT ကြတော့ သူတို့က ဓမ္မတာနဲ့ ဆန့်ကျင်တယ်ဆိုပြီး ၃၇၇ နဲ့ စွဲတယ်။ ဒါက အခုခေတ် လူ့အခွင့်အရေးအရပဲ ကြည့်ကြည့်၊ ပုဂ္ဂလိက အရပဲကြည့်ကြည့် ဒါတွေက မပြဌာန်း သင့်တော့ဘူး။ ဒါက LGBTတွေကပဲ လူတယောက်အနေနဲ့ ရှိနေတာဆိုတော့ ဒီပုဒ်မနဲ့ သူတို့ကို နှိပ်စက်တယ်။ ခွဲခြားဆက်ဆံတယ်ဆိုရင် အရမ်းရုပ်ဆိုးတာပေါ့” ဟု သုံးသပ်သည်။
LGBT rights Network၊ Colors Rainbow၊ King N Queens၊ Equality Myanmar တို့က အတည် ပြုပေးထား သည့် အစီရင်ခံစာ၌ LGBTQ များ ပစ်မှတ်ထားခံရခြင်း၊ ရာဇဝတ်ဆိုင်ရာ တရားစီရင်ရေးစနစ်တွင်း တရားမျှတမှု မရှိသော ခွဲခြားနှိမ်ချ ဆက်ဆံခံရမှု ရရှိစေခြင်းတို့ကို ဖြစ်စေသည့် ဥပဒေ အကောင်အထည် ဖော်ဆောင်သည့် အရာရှိများ၏ ခွဲခြားနှိမ့်ချ ဆက်ဆံမှုဆိုင်ရာ စိတ်သဘောထားများကို အသေးစိတ် ဖော်ပြထားသည်။
ဆက်စပ်ဖတ်ရှုရန်
LGBT အသိုင်းအဝိုင်းတွေကို လက်ခံလိုက်ပြီဖြစ်တဲ့ ဘူတန်နိုင်ငံ
“LGBT ဆိုတာ လူသားချင်းချင်း ချစ်ကြတာ ဖြစ်တဲ့အတွက် လက်ခံပါတယ်”လို့ ဂေဂေး ပြော
လိင်စိတ်ခံယူမှု ကွဲပြားသူများ အတွက် အလုပ်အကိုင်ရှားပါးနေဆဲ