ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သော ဗိုလ်တထောင်မြို့နယ်အတွင်းရှိ ဝန်ကြီး များရုံး (အတွင်းဝန်ရုံး)တွင် ဖွင့်လှစ်ရန် ပြင်ဆင်နေသာ Spa ကဲ့သို့ ဝန်ဆောင်မှုများ ပေးမည့် ကျန်းမာရေး စင်တာမှာ ပိတ်သိမ်းတော့မည် ဖြစ်ကြောင်း သိရသည်။
ထိုကျန်းမာရေးစင်တာ ပိတ်သိမ်းရခြင်းသည် ယနေ့တွင် ရန်ကုန်တိုင်း လွှတ်တော် ဥက္ကဋ္ဌ ဦးဆောင်ပြီး ရန်ကုန်တိုင်း ဒေသ ကြီး အစိုးရအဖွဲ့အပါအဝင် သက်ဆိုင်ရာ ဌာနများ၊ ဝန်ကြီးများရုံးကို ပြုပြင်ထိန်းသိမ်းပြီး လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိထား သော အနော်မာ ကုမ္ပဏီနှင့် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ (YHT) တို့ ပါဝင်သော ကြားနာမှု၏ ရလဒ် ဖြစ်သည်။
ဝန်ကြီးများ ရုံးအတွင်းရှိ ကျန်းမာရေး စင်တာကို ကုမ္ပဏီဘက်က လုံးဝပိတ်သိမ်းပေးမည်ဟု ကတိပေး ပြောကြားခဲ့ကြောင်း ယင်းကြားနာမှုတွင် ပါဝင်ခဲ့သော ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် လူမှုရေးနှင့် စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင် ဦးလှဌေး က ဧရာဝတီသို့ ပြောသည်။
၎င်းက “သူတို့ အရင်အစိုးရ လက်ထက်က ချုပ်ဆိုတဲ့ စာချုပ်မှာတော့ ဒီလို လုပ်ငန်းမျိုး မကန့်သတ်ထားပေမယ့် ကျနော်တို့ ရန်ကုန်တိုင်း လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းထားတဲ့ ရန်ကုန် စည်ပင်ဥပဒေမှာ ရှေးဟောင်း အမွေအနှစ်နေရာတွေမှာ ဒီလို လုပ်ငန်းမျိုးကို ခွင့်မပြုရဘူး ဆိုတာ အတိအလင်း ဖော်ပြထားတယ် ဆိုတာ ထောက်ပြပြီး ကန့်ကွက်ခဲ့တယ်” ဟု ဆို သည်။
ယခု လုပ်ငန်းကို ပိတ်သိမ်းသွားမည့် အပြင် နောင်တွင်လည်း ထိုလုပ်ငန်းမျိုးကဲ့သို့ လုပ်ငန်းများကို လုပ်ခွင့်ပေးရန် ဆောင် ရွက်တော့မည် မဟုတ်ကြောင်းလည်း အနော်မာ ကုမ္ပဏီဘက်မှ ပြောကြားခဲ့ကြောင်း ဦးလှဌေးက ပြန်လည် ရှင်းပြသည်။
ဝန်ကြီးများရုံးဝင်း အတွင်းရှိ အဆောက်အအုံတခု၌ De Beau Wellness Center အမည်ဖြင့် ကျန်းမာရေး စင်တာကို အောက်တိုဘာလ၂၆ ရက်တွင် အကြို ဖွင့်ပွဲတခု ပြုလုပ်ခဲ့ပြီး ယင်း ဖွင့်ပွဲ မှတ်တမ်း ဓာတ်ပုံများသည် Facebook တွင် ပျံ့နှံခဲ့ကာ ပြည်သူများကြား ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့သည်။
ဝန်ကြီးများရုံးအတွင်း ထိုသို့ လုပ်ငန်း လုပ်ကိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ (YCDC) တို့ထံမှ လုပ်ငန်း လိုင်စင်ရရှိခြင်း မရှိဘဲ အကြိုဖွင့်ပွဲကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ကြားနားမှုတွင် ပါဝင်ခဲ့သော ဝန်ကြီးများရုံး ပြုပြင်ထိန်းသိမ်းရေး အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ မောင် မောင်သိမ်းကို ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
ယခု ကြားနာမှုတွင် ထို ကျန်းမာရေး စင်တာကို ပိတ်သိမ်းရန် သဘောတူညီချက်ရပြီး မည်သည့်ရက်အတွင်း အပြီးသတ် ပိတ်သိမ်းရမည် ဆိုသည်ကိုမူ သတ်မှတ်ထားခြင်း မရှိကြောင်း သိရသည်။
You may also like these stories:
ဝန်ကြီးများရုံးက ကျန်းမာရေး စင်တာ လုပ်ငန်း လိုင်စင် မရှိ၍ ပိတ်သိမ်းရမည်ဟု ဆို
အတွင်းဝန်ရုံးသည် ထူးခြားနေရာဖြစ်၍ ကျန်းမာရေးစင်တာအဖြစ် ရင်းနှီးမြှုပ်နှံခြင်းဟု လုပ်ငန်းရှင်ပြော